
ထိုင်ဝမ်ရေလက်ကြားတလျှောက် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ရေရှည်ထောက်ခံမှုကို ထိုင်ဝမ်က ကျေးဇူးတင်တယ်လို့ ထိုင်ဝမ်သမ္မတ လိုင်ချင်းတယ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက မေ ၁၆ ရက်မှာ ပြောပါတယ်။
ထိုင်ဝမ်နဲ့ အမေရိကန်အကြား လက်နက်ရောင်းချမှုဟာ ထိုင်ဝမ်ဆက်ဆံရေးအက်ဥပဒေမှာ အတိအလင်းဖော်ပြထားတဲ့အတိုင်း အမေရိကန်ရဲ့ ထိုင်ဝမ်အပေါ် လုံခြုံရေးကတိကဝတ် အစိတ်အပိုင်းတခုသာမက ဒေသတွင်း ခြိမ်းခြောက်မှုတွေကို အတူတကွတားဆီးဖို့ ဆောင်ရွက်နေတာလို့ ပြောရေးဆိုခွင့်ရှိသူ ကာရန်းကူးက ပြောပါတယ်။
တရားဝင်သံတမန် ဆက်ဆံရေးမရှိပေမဲ့ တရုတ်က သူ့နယ်မြေအဖြစ် ပြောဆိုထားတဲ့ ဒီမိုကရေစီနည်းကျ အုပ်ချုပ်တဲ့ ထိုင်ဝမ်အတွက် အမေရိကန်ဟာ အရေးအကြီးဆုံး နိုင်ငံတကာ ထောက်ခံသူပါ။
အမေရိကန်အစိုးရက ထိုင်ဝမ်ကျွန်းဆီ လက်နက်တွေ ထောက်ပံ့ပေးဖို့ ထိုင်ဝမ်ဆက်ဆံရေး အက်ဥပဒေနဲ့ ချည်နှောင်ထားပါတယ်။
ဒါပေမဲ့ သောကြာနေ့က ပေကျင်းမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ထိပ်သီးအစည်းအဝေး တခုအပြီး ထရမ့်ပ်က အဓိကလက်နက်ရောင်းချမှု ဆက်ဆောင်ရွက်ဖို့ မဆုံးဖြတ်ရသေးဘူးလို့ ပြောခဲ့လို့ ထိုင်ဝမ်အပေါ် အမေရိကန်ရဲ့ ထောက်ခံမှုနဲ့ ပတ်သက်ပြီး မရေမရာမှုတွေ ပိုဆိုးရွားစေခဲ့ပါတယ်။
Source: Reuters










