
ဆီးရီးယားဝန်ကြီးချုပ် မိုဟမ်မဒ် ဂါဇီဂျလာလီက သူဟာ ဆီးရီးယား ကယ်တင်ရေးအစိုးရ (SSG) ကို အာဏာလွှဲပြောင်းပေးဖို့ သဘောတူညီခဲ့ပြီး ဆီးရီးယားအစိုးရသစ်ဖွဲ့ဖို့ တာဝန်အပ်နှင်းခဲ့တယ် လို့ ဒီဇင်ဘာ ၉ ရက်မှာ ပြောပါတယ်။
ဆီးရီးယားပြည်တွင်းစစ်မှာ ပါဝင်ပတ်သက်နေတဲ့ ဆွန်နီ အစ္စလာမ္မစ် နိုင်ငံရေးနဲ့ အရန်အဖွဲ့အစည်း ဖြစ်တဲ့ ဟာယတ် တာရီယာ အယ်လ်-ရှမ် (HTS) အဖွဲ့ရဲ့ ကျောထောက်နောက်ခံနဲ့အတူ SSG အစိုးရရဲ့ ခေါင်းဆောင်ဖြစ်တဲ့ မူဟမ်မဒ် အယ်လ်-ဘာရှီးယားက အစိုးရအဖွဲ့သစ် ဖွဲ့စည်းရေး ကြိုးပမ်းမှုတွေကို ဦးဆောင်မယ်လို့ အွန်လိုင်းမီဒီယာ ဆော့တ်အယ်လ်-အာစီမာမှာ ဖော်ပြထားပါတယ်။
ဆီးရီးယား ပြည်တွင်းစစ်အတွင်း ၂၀၁၇ ခုနှစ်က ဟာယတ်တာရီယာ အယ်လ်-ရှမ် အဖွဲ့ (HTS) နဲ့ တခြားဆီးရီးယား အတိုက်အခံအဖွဲ့တွေက ဆီးရီးယား ကယ်တင်ရေးအစိုးရ (SSG) ကို ဖွဲ့စည်းခဲ့တာဖြစ်ပြီး ဆီးရီးယားရှိ HTS ထိန်းချုပ်မှုအောက်ရှိ နယ်မြေဧရိယာတွေမှာ အုပ်ချုပ်ရေးနဲ့ ဝန်ဆောင်မှုဆိုင်ရာ အခွင့်အာဏာတွေကို ကိုင်စွဲထားပါတယ်။
HTS ဦးဆောင်တဲ့ စစ်သွေးကြွအုပ်စုတွေဟာ နိုဝင်ဘာ ၂၇ ရက်ကတည်းက ဆီးရီးယားမြောက်ပိုင်းမှာ အကြီးစားထိုးစစ်ကို ဆင်နွှဲခဲ့ပြီး အစိုးရထိန်းချုပ်နယ်မြေတွေကတဆင့် တောင်ဘက်ကို ချေမှုန်းဝင်ရောက်ကာ မြို့တော် ဒမတ်စကတ်ကို ၁၂ ရက်အတွင်း သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ဆီးရီးယား နိုင်ငံခြားရေး၀န်ကြီး ဘက်ဆမ် ဆက်ဘာ့ဖ်က သူဟာ သမ္မတဟောင်း ဘာရှား အယ်လ်-အာဆဒ်ကို ဆီးရီးယားမှာ နိုင်ငံရေးလုပ်ငန်းစဉ်တွေ စတင်ဖို့ ပဏာမခြေလှမ်းကို တင်ပြခဲ့တယ်လို့ တနင်္လာနေ့ညပိုင်းက ပြောလိုက်ပါတယ်။
ရုရှားနိုင်ငံရှိ ဆီးရီးယားသံရုံးက သမ္မတဟောင်း အာဆဒ်ဟာ လက်ရှိ မော်စကိုမှာ ရှိနေကြောင်း ရုရှားရဲ့ တရားဝင် TASS သတင်းဌာနကို တနင်္လာနေ့မှာ အတည်ပြုခဲ့ပါတယ်။ ဒါပေမဲ့ သံရုံးဟာ အာဆဒ်နဲ့ အဆက်အသွယ်မရှိဘူးလို့ ငြင်းဆိုထားပါတယ်။
ဗီယင်နာမြို့ရှိ နိုင်ငံတကာအဖွဲ့အစည်းများရဲ့ ရုရှားအမြဲတမ်းကိုယ်စားလှယ် မစ်ခေးလ် အူလ်ယာနော့ဗ် ကလည်း အာဆဒ်နဲ့ သူ့မိသားစုဟာ မော်စကိုမှာရှိနေကြောင်း လူမှုမီဒီယာမှတဆင့် တနင်္လာနေ့က ပြောကြားခဲ့ပါတယ်။
ရုရှားနိုင်ငံဟာ တူကီယဲနဲ့ တခြားနိုင်ငံတွေနဲ့ ဆီးရီးယားအရေး ဆွေးနွေးမှုတွေကို ဆက်လက်ထိန်းသိမ်းထားတယ်လို့ ကရင်မလင်ပြောခွင့်ရပုဂ္ဂိုလ် ဒီမစ်ထရီ ပက်စ်ကို့ဗ်က တနင်္လာနေ့မှာ ပြောပါတယ်။
ဆီးရီးယားအရေး အက်စ်တာနာ ဆွေးနွေးပွဲဟာ အမြင်ချင်းဖလှယ်တဲ့ ယန္တရားတခုအဖြစ် ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်းလည်း သူက ဆိုပါတယ်။
တူရကီသမ္မတ ရေဆက်ပ် တေယစ်ပ် အာရ်ဒိုဂန်က တူကီယဲဟာ နိုင်ငံပြန်လည်တည်ဆောက်ရေးလုပ်ငန်းစဉ်မှာ ဆီးရီးယားပြည်သူတွေကို ပံ့ပိုးကူညီဖို့ အသင့်ရှိကြောင်းနဲ့ ဆီးရီးယားနိုင်ငံသားတွေ ဘေးကင်းစွာ ပြန်လာနိုင်ဖို့ ယေလာဒဂီ နယ်စပ်ဂိတ်ကို တူကီယဲက ဖွင့်ထားပေးမှာဖြစ်ကြောင်း တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။
Source : Reuters











