
မီဒီယာလုပ်ငန်းရှင်ကြီး ရူးပတ်မားဒေါ့ အသက် ၉၃ နှစ်က သူ့ရဲ့ သားအကြီးဆုံး လက်ချလန်ကို မီဒီယာလုပ်ငန်းတွေရဲ့ ထိန်းချုပ်မှုအာဏာ လွှဲပြောင်းပေးဖို့ ကြိုးပမ်းမှုကို နီဗားဒါးပြည်နယ် တရားရုံးကော်မရှင်နာက ပယ်ချလိုက်ပါတယ်။
News Corp နဲ့ Fox News တို့ကို ထိန်းချုပ်ခွင့်ရရှိရေးအတွက် မားဒေါ့နဲ့ သူ့ရဲ့သားသမီး ၃ ယောက်ကြား ဖြစ်ပွားခဲ့တဲ့အမှုပါ။
၁၉၉၉ ခုနှစ်က တည်ထောင်ထားတဲ့ မိသားစုစီမံအုပ်ထိန်းမှု အစီအစဉ်ကို ပြင်ဆင်ပြီး သားဖြစ်သူ လက်ချလန် မားဒေါ့ တယောက်တည်းကို ညီအစ်ကိုမောင်နှမတွေရဲ့ ဝင်ရောက်စွက်ဖက်မှု မရှိစေဘဲ ထိန်းချုပ်ခွင့်ပေးချင်တာ ဖြစ်ပါတယ်။
တရားရုံးကော်မရှင်နာက မားဒေါ့နဲ့ လက်ချလန်တို့ဟာ “သဘောရိုးမဟုတ်” ပဲ “သေချာစီစဉ်ထားတဲ့ ဇာတ်ကွက်” လို့ ဆိုပါတယ်။
မူရင်း စီမံအုပ်ထိန်းမှု စနစ်အရ မိသားစုမှာ မဲ ၈ မဲ ပိုင်ဆိုင်ပါတယ်။ လက်ရှိမှာ မားဒေါ့ ကိုယ်တိုင်က မဲ ၄ မဲ ပိုင်ဆိုင်ပြီး သားသမီးတွေဖြစ်တဲ့ ပရူးဒန့်စ်၊ အဲလစ်ဇဘက်၊ ဂျိမ်းစ်နဲ့ လက်ချလန် တယောက်ချင်းစီမှာ တမဲစီရှိပါတယ်။ ဒီမဲတွေကို News Corp နဲ့ Fox News ဘုတ်အဖွဲ့မှာ အသုံးပြုနိုင်ပါတယ်။
မားဒေါ့ ကွယ်လွန်တဲ့အခါ သူ့ရဲ့မဲ ၄ မဲကို သားသမီး ၄ ယောက်အကြား တန်းတူခွဲဝေပေးရမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ မားဒေါ့က အဲဒီစနစ်ကို ပြောင်းလဲပြီး သူ့မဲတွေကို သားအကြီးဆုံး လက်ချလန်ကိုပဲ လွှဲပြောင်းပေးချင်တာ ဖြစ်ပါတယ်။
ထူးခြားတာက ဒီမိသားစုတိုက်ပွဲဟာ HBO ရဲ့ နာမည်ကြီး တီဗွီစီးရီး Succession နဲ့ ဆင်တူနေပါတယ်။
နယူးယောက်တိုင်းမ်စ်သတင်းစာရဲ့ ဖော်ပြချက်အရ မားဒေါ့ရဲ့ သားသမီးတွေဟာ Succession ထဲက ဇာတ်ကောင် သေဆုံးပြီး မိသားစုနဲ့ စီးပွားရေးလုပ်ငန်းတွေ ရှုပ်ထွေးသွားတဲ့ အပိုင်းကို ကြည့်ပြီးနောက် သူတို့အဖေ ကွယ်လွန်တဲ့အခါ ဘယ်လိုကိုင်တွယ်မလဲဆိုတာ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
မားဒေါ့မှာ နောက်ထပ် ကလေး ၂ ယောက်ဖြစ်တဲ့ ဂရေ့စ်နဲ့ ခလိုအီတို့လည်း ရှိပါသေးတယ်။ ဒါပေမဲ့ သူတို့မှာ မဲပေးပိုင်ခွင့် မရှိပါဘူး။
ဒီအမှုက ငွေကြေးအတွက် မဟုတ်ဘဲ မားဒေါ့ မီဒီယာအင်ပါယာရဲ့ အနာဂတ်ကို ထိန်းချုပ်နိုင်မယ့် အာဏာအတွက် ဖြစ်ပါတယ်။
ကော်မရှင်နာရဲ့ ဆုံးဖြတ်ချက်က အပြီးသတ် မဟုတ်သေးပါဘူး။ အကြံပြုချက်ပုံစံမျိုးသာဖြစ်ပြီး ခရိုင်တရားသူကြီးက သုံးသပ်ပြီး ပြန်ဆုံးဖြတ်မှာဖြစ်ပါတယ်။
နောက်ဆုံး ဆုံးဖြတ်ချက်ကို ရက်သတ္တပတ် သို့မဟုတ် လအနည်းငယ်အတွင်း ထုတ်ပြန်မှာ ဖြစ်ပေမဲ့ အများပြည်သူ သိခွင့်ရမှာ မဟုတ်ဘူးလို့ သိရပါတယ်။
Source : Reuters










