
မြန်မာပြည်တွင်းမှာ စားအုန်းဆီ တရားဝင်လက်ကားရည်ညွှန်းဈေးနှုန်း တောက်လျှောက် အတက်ရှိခဲ့ရာကနေ အခုတပတ်မှာ အနည်းငယ် ပြန်ကျရိပ်ပြလာပါတယ်။
စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ထားတဲ့ ဒီဇင်ဘာ ၉ ရက်ကနေ ၁၅ ရက်အထိ ဈေးကွက်အတွင်း ရောင်းချရမယ့် အခြေခံရည်ညွှန်းဈေးနှုန်း သတ်မှတ်ချက်က တပိဿာကို ၇,၂၅၅ ကျပ် ဖြစ်ပါတယ်။
အဲဒီဈေးနှုန်းက ပြီးခဲ့တဲ့တပတ်ကထက် တပိဿာကို ၂၅ ကျပ် ပြန်ကျဆင်းလာတာဖြစ်ပြီး အရင်တပတ်က ရန်ကုန်အထိုင်လက်ကားရည်ညွှန်းဈေးဟာ တပိဿာကို ၇,၂၈၀ ကျပ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။
ရပ်ကွက်အလိုက် ဝယ်ယူခွင့်စာအုပ်နဲ့ ရောင်းချပေးနေတဲ့ ဈေးနှုန်းကတော့ ၅၀ ကျပ်သားကို ၄,၀၀၀ ကျပ် သတ်မှတ်ထားတယ်လို့ ရန်ကုန်မြို့ခံတွေဆီက သိရပါတယ်။
စစ်ကောင်စီက စားအုန်းဆီဝယ်ယူခွင့်စာအုပ်တွေကို အိမ်ထောင်စုစာရင်းရှိသူတွေကိုသာ ဦးစားပေး ပြုလုပ်ပေးထားတာဖြစ်လို့ ဝယ်ယူခွင့်စာအုပ်မရှိသူ ဝင်ငွေနည်းပြည်သူတွေကတော့ ပြင်ပဈေးကွက်ကနေ တပိဿာကို ၁၄,၀၀၀ ကျပ်ဝန်းကျင်ထိ ပေးပြီး ဝယ်ယူစားသုံးနေရတာပါ။
တောင်ဒဂုံမြို့နယ်က အိမ်ရှင်မတယောက်က “ဆီစာအုပ်က လူစေ့ ချမပေးဘူးလေ။ ကျမတို့က စာအုပ်ရှိတဲ့သူတွေဆီကနေ အပြင်ဈေးနဲ့ ပြန်ဝယ်ရတာ။ တပိဿာကို ၁၄,၀၀၀ ထိ ဈေးပေါက်တယ်” လို့ ပြောပါတယ်။
နိုင်ငံခြားငွေ အကြပ်ရိုက်နေတဲ့ စစ်ကောင်စီဟာ နိုင်ငံခြားငွေယိုပေါက် လျော့ကျစေဖို့နဲ့ ပြည်တွင်းဆီထွက်သီးနှံတွေ ပိုမိုထုတ်လုပ်လာနိုင်စေဖို့ ရည်ရွယ်ပြီး ပြည်ပကနေ စားသုံးဆီ တင်သွင်းမှုကို လျှော့ချခဲ့ပါတယ်။