DVB Logo
Home
မြန်မာသတင်း
လုံခြုံရေးအရ မဲဆန္ဒနယ် ၁၆၁ နေရာ၌သာ ရွေးကောက်ပွဲကျင်းပမည်
DVB
·
December 9, 2024
လုံခြုံရေးအရ မဲဆန္ဒနယ် ၁၆၁ နေရာ၌သာ ရွေးကောက်ပွဲကျင်းပမည်
Donate to DVB

မြန်မာနိုင်ငံအနှံ့မှာ တိုက်ပွဲဖြစ်နေတာကြောင့် စစ်ကောင်စီအနေနဲ့ သူတို့ထိန်းချုပ်ထားနိုင်ပြီး လုံခြုံရေးအရ အာမခံချက်ပေးနိုင်တယ်လို့ ယူဆတဲ့ မဲဆန္ဒနယ် ၁၆၁ နေရာမှာသာ ရွေးကောက်ပွဲ ကျင်းပသွားဖို့ စီစဉ်နေတယ်လို့ စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင်က ဒီဇင်ဘာ ၇ ရက် နေပြည်တော်မှာ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံချိန်မှာ ပြောပါတယ်။

၂၀၂၀ ပြည့်နှစ်  နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့တဲ့ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာတော့ မြန်မာတနိုင်ငံလုံးမဲဆန္ဒနယ် ၃၃၀ ရှိတဲ့အထဲ  ၃၁၅ နေရာ ကျင်းပနိုင်ခဲ့ပါတယ်။

လက်ရှိမှာတော့ နယ်မြေလုံခြုံရေးအခြေအနေအရ ရွေးကောက်ပွဲကို နယ်မြေလုံခြုံမှုရှိတဲ့ နေရာတွေမှာသာ အပိုင်းလိုက်စီ ကျင်းပဖို့ စစ်ကောင်စီက စီစဉ်နေတာဖြစ်ပါတယ်။

၂၀၂၅ ခုနှစ်အတွင်းမှာလုံခြုံရေးအရ ကျင်းပနိုင်တဲ့ မဲဆန္ဒနယ် ၁၆၁ နေရာအပြင် သက်ဆိုင်ရာ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းပြီး လုံခြုံရေးအရ အာမခံချက်ရှိခဲ့ရင် ရွေးကောက်ပွဲ ကျင်းပနိုင်မယ့် မဲဆန္ဒနယ်မြေ ထပ်မံတိုးလာနိုင်တယ်လို့ ပြောဆိုခဲ့တဲ့အကြောင်း အဲဒီအစည်းအဝေးကို တက်ရောက်ခဲ့တဲ့ အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ် ဥက္ကဋ္ဌ  ဦးသိမ်းကြည်က DVB ကို ပြောပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဘက်ကတော့ ၂၀၂၅ တစ်နှစ်လုံးကို ရွေးကောက်ပွဲနှစ်လို့ သတ်မှတ်ထားပြီး ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကို တိတိကျကျ နိုင်ငံရေးပါတီတွေကို မပြောလိုက်ပေမဲ့ ပြည်သူလွှတ်တော်ကို နိုင်သူအကုန်ယူစနစ်နဲ့ ကျင်းပပြီး အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီးလွှတ်တော်တွေကို အချိုးကျကိုယ်စားပြု PR ရွေးကောက်ပွဲစနစ်နဲ့ ကျင်းပမယ့်အကြောင်း ပြောဆိုခဲ့ပါတယ်။

ဒါအပြင် ရွေးကောက်ပွဲကာလအတွင်းမှာ နိုင်ငံရေးပါတီတွေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်တွေရဲ့ လုံခြုံရေးကိုတော့ စစ်ကောင်စီဘက်က အပြည့်အဝယူပေးမယ်လို့ အကြောင်းပြောပေမဲ့ တိုင်းပြည်ရဲ့ ပကတိအခြေအနေအရ နိုင်ငံရေးပါတီတွေဘက်ကတော့ အရဲစွန့်ပြီး လုပ်ဆောင်ကြမယ့် အခြေအနေရှိတယ်လို့ ဆိုပါတယ်။

အာဏာသိမ်း စစ်တပ်ဘက်က ရွေးကောက်ပွဲကို ကျင်းပပြီး နိုင်ငံတကာရဲ့ ထောက်ခံမှုရယူကာ မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရဖြစ်ရေးကို လုပ်ဆောင်မှာဖြစ်ပြီး အဲဒီရွေးကောက်ပွဲရလဒ် အတည်ဖြစ်ခဲ့ရင်  အာဏာရှင်တော်လှန်ရေးက ပုံစံပြောင်းသွားနိုင်တာကြောင့် တော်လှန်ရေး အင်အားစုတွေဘက်က ရွေးကောက်ပွဲဖြစ်မလာအောင် တားဆီးဖို့လိုတယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ပြောပါတယ်။

၂၀၂၀ ခုနှစ် နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေနည်းဥပဒေတွေနဲ့ ညီညွတ်ခြင်းမရှိဘဲ တရားမျှတမှုမရှိတဲ့ ရွေးကောက်ပွဲဖြစ်တယ်လို့ စွပ်စွဲ အာဏာသိမ်းခဲ့ပြီး အဲဒီရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်တယ်လို့ ၂၀၂၁ ခုနှစ်၊ ဇူလိုင် ၂၆ ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

လက်ရှိမှာ အာဏာသိမ်းစစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲကို ပြန်ဝင်ပြိုင်ကြဖို့ ပါတီမှတ်ပုံ ပြန်တင်ထားတဲ့ နိုင်ငံရေးပါတီ ၅၂ ပါတီရှိပြီး စစ်အာဏာသိမ်းမှုကို လက်မခံတဲ့ နိုင်ငံရေးပါတီ ၄၀ ကျော်ကိုတော့  ပါတီမှတ်ပုံတင်ခွင့်ကနေ ပယ်ဖျက်ထားပါတယ်။

အောင်သူ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013