
ဝါးဖောင်တစင်းနဲ့ ပင်လယ်ထဲ သီတင်း ၃ ပတ်နီးပါးမျောပါ အစာရေစာပြတ်နေတဲ့ မြန်မာငါးဖမ်းသမား ၄ ယောက်ကို အိန္ဒိယကမ်းခြေစောင့်တပ်က ကယ်တင်လိုက်တဲ့အကြောင်း The Hindu သတင်းမှာ ဒီဇင်ဘာ ၇ ရက်က ဖော်ပြပါတယ်။
ဗမာစကားသာပြောနိုင်တဲ့ အဆိုပါ ငါးဖမ်းသမားတွေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက်မှာ မြန်မာနိုင်ငံ ဘိုကလေးမြို့ကနေ ဝါးဖောင်နဲ့ ထွက်ခွာလာခဲ့ကြတာဖြစ်ကာ ဆိုးဝါးပြင်းထန်တဲ့ ရာသီဥတုအခြေအနေအပါအဝင် ကျောက်ဆူးကျိုးသွားခဲ့တာကြောင့် ရေမိုင် ၁၀၀၀ ကျော် အကွာက အိန္ဒိယရေပိုင်နက်ထဲကို မျောပါခဲ့တာ ဖြစ်ပါတယ်။
သတင်းမှာတော့ အသက် ၂၃ နှစ်ကနေ ၅၈ နှစ်ကြားအရွယ် ငါးဖမ်းသမား ၄ ယောက်တို့ကို အလျား ၁၀ ပေနဲ့ ၁၂ ပေအကျယ် မော်တာမပါတဲ့ ဝါးဖောင်ပေါ်မှာ မျောပါနေတာကို တွေ့ရှိခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
ရိုးရာငါးဖမ်းနည်းအရ ငါးဖမ်းသမားတွေဟာ ကမ်းဆီမပြန်ခင် ရက်အတန်ကြာ ဖောင်ပေါ် နေထိုင်လေ့ရှိကြပေမဲ့ ဒီခရီးစဉ်မှာတော့ သူတို့အနေနဲ့ ပင်လယ်ပြင်ထဲ အန္တရာယ်ကြုံတွေ့ခဲ့ရပြီး သောင်တင်ကာ အစာရေစာ ပြတ်တောက်သွားခဲ့ရတာလို့ ဆိုပါတယ်။
နာဂပက်တီနမ်ဒေသတွင်း အက်ကရိုင်ပက်တိုင်ကျေးရွာက ဒေသခံတံငါသည်တွေက ငါးဖမ်းခရီးက ပြန်လာချိန်မှာ ဖောင်ကို သတိပြုမိပြီး အနီးကို ချဉ်းကပ်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီအချိန်မှာ မြန်မာငါးဖမ်းသမားတွေဟာ အားနည်းပြီး အစာရေစာ ငတ်ပြတ်နေတာကို တွေ့ရှိခဲ့တာကြောင့် သူတို့ကို အစာကျွေးပြီး အိန္ဒိယကမ်းခြေစောင့်တပ်ဆီ ဝေါ်ကီတော်ကီ အသုံးပြုပြီးတော့ ချက်ချင်း သတိပေးခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ကမ်းခြေစောင့်တပ်က ကယ်ဆယ်ရေးသင်္ဘောတစင်းကို အလျင်အမြန် စေလွှတ်ခဲ့ပြီး နောက်မှာတော့ ငါးဖမ်းသမားတွေနဲ့ သူတို့ရဲ့ ဖောင်တွေကို နာဂပက်တီနမ်ဆိပ်ကမ်းဆီ ပို့ ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
လတ်တလောမှာတော့ သူတို့ကို ထိန်းသိမ်းထားပြီး မြန်မာသံရုံးနဲ့ ဆက်သွယ်ကာ ဥပဒေ ကြောင်းအရ လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ အိန္ဒိယသတင်းမှာ ဖော်ပြပါတယ်။
Source: The Hindu











