DVB Logo
Home
နိုင်ငံတကာ
ဆီးရီးယားသမ္မတ ထွက်ပြေးပြီး တိုင်းပြည်လွတ်မြောက်ပြီဟု တော်လှန်ရေးတပ်များ ကြေညာ
DVB
·
December 8, 2024
ဆီးရီးယားသမ္မတ ထွက်ပြေးပြီး တိုင်းပြည်လွတ်မြောက်ပြီဟု တော်လှန်ရေးတပ်များ ကြေညာ
Donate to DVB

တော်လှန်ရေးတပ်ဖွဲ့တွေဟာ ဆီးရီးယားနိုင်ငံရဲ့ တတိယအကြီးဆုံးမြို့ဖြစ်တဲ့ ဟွမ်းစ်မြို့ကို သိမ်းပိုက်လိုက်ပြီး ဆီးရီးယားအာဏာရှင်သမ္မတ ဘာရှားအာဆတ် တိုင်းပြည်က ထွက်ပြေးသွားပြီဖြစ်လို့ နိုင်ငံလွတ်မြောက်ပြီလို့ တော်လှန်ရေးတပ်တွေက ကြေညာလိုက်ပါတယ်။

ဒါဟာ သမိုင်းဝင် အောင်ပွဲတခုဖြစ်တယ်လို့  တပ်ပေါင်းစုကိုဦးဆောင်သူ HTS  အဖွဲ့ခေါင်းဆောင် အဘူမိုဟာမက်အယ်လ်ဂိုလာနီက ဆိုပြီး လက်နက်ချအညံ့ခံသူတွေကို မထိခိုက်စေဖို့ သူ့တပ်သားတွေကို မှာကြားထားပါတယ်။

အာဆတ်မိသားစုရဲ့ ရာစုနှစ်ဝက်အုပ်စိုးမှုမှာ အိုးအိမ်စွန့်ခွာခဲ့ရသူတွေ၊ အကျဉ်းချခံခဲ့ရသူတွေ ပြန်လာလို့ရပြီလို့ တော်လှန်ရေးအဖွဲ့တွေက ပြောသလို ဒါဟာ အမှောင်ခေတ်တခုရဲ့ အဆုံးသတ်ဖြစ်ပြီး ခေတ်သစ်တခုရဲ့ အစလို့ HTS အဖွဲ့က တယ်လီဂရမ်မှာ ရေးသားထားပါတယ်။

လူတိုင်း ငြိမ်းငြိမ်းချမ်းချမ်းနေလို့ရမဲ့ တရားမျှတမှုကလွှမ်းမိုးမဲ့ ဆီးရီးယားအသစ် ဖြစ်လာတော့မယ် လို့ပါ HTS အဖွဲ့က ကြေညာထားပြီး မြို့တော် ဒမ္မစကတ်က ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ဆီးရီးယားစစ်တပ်လို အစိုးရဌာနကြီးတွေရုံးစိုက်ရာ မြို့လယ်က အူမာယက်ဒ်ရင်ပြင်မှာ ပြည်သူတွေ အောင်ပွဲခံနေကြပြီဆိုတဲ့ သတင်းတွေလည်း တက်လာပါတယ်။

ဆီးရီးယားကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတွေဟာ ရုံးချုပ်ကို စွန့်ခွာသွားပြီလို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။ ဆီးရီးယားစစ်ရုံးကလည်း သမ္မတ အာဆတ်အုပ်ချုပ်မှု အဆုံးသတ်သွားပြီလို့ စစ်ဘက်အရာရှိတွေကို အကြောင်းကြားတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

ဆီးရီးယားကာကွယ်ရေးဝန်ကြီးဌာနကတော့ ဒီသတင်းတွေဟာမှားယွင်းနေပြီး ဟွမ်းစ်မြို့မှာ တည်ငြိမ်အေးချမ်းမှုရှိနေတယ်လို့ ငြင်းဆိုထားပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေဟာ မြို့တော်ဒမ္မစကတ်ကိုလည်း ချဉ်းကပ်နေပြီလို့ သိရပြီး ဆီးရီးယားစစ်တပ်ကတော့ မြို့တော်ပတ်ဝန်းကျင်မှာ တပ်ဖွဲ့တွေ တိုးချဲ့ချထားနေတယ်လို့ ပြောပါတယ်။

သမ္မတအာဆတ်ရဲ့ တည်ရှိရာနေရာကိုမသိရသေးဘဲ နိုင်ငံကနေထွက်ပြေးသွားပြီလို့လည်း သတင်းတွေထွက်နေပေမဲ့ သမ္မတရုံးကတော့ အဲဒီသတင်းတွေကို ငြင်းဆိုထားပြီး သမ္မတဟာ ဒမတ်စကတ်မှာပဲ ရှိနေတယ်လို့ ဆိုပါတယ်။

ယူကေအခြေစိုက် စစ်ပွဲစောင့်ကြည့်ရေးအဖွဲ့ SOHR ရဲ့ အဆိုအရ တော်လှန်ရေးတပ်ဖွဲ့တွေဟာ ဟွမ်းစ်မြို့ထဲဝင်ရောက်လာပြီး ရပ်ကွက်အချို့ကိုထိန်းချုပ်နိုင်ပြီလို့ ဆိုပါတယ်။ 

တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တပ်မှူး ဟာဆန်အဗ္ဗဒူဂနီကလည်း  အကျဉ်းသား ၃,၅၀၀ ကျော်ကိုလည်း လွတ်မြောက်အောင်လုပ်ဆောင်နိုင်ခဲ့တယ်လို့ပြောပြီး ဟွမ်းစ်မြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့တာဟာ သမ္မတ ဘာရှားအယ်လ်အာဆတ်အတွက် ကြီးမားတဲ့ထိုးနှက်ချက်တခု ဖြစ်လာနိုင်ပါတယ်။

ဒီမြို့ ကျဆုံးသွားတာဟာ မြို့တော်ဒမ္မစကတ်ကို သီးခြားဖြစ်သွားစေပြီး သမ္မတမိသားစုရဲ့ အလာဝိုက် လူနည်းစုနေထိုင်ရာ ကမ်းရိုးတန်းဒေသနဲ့ အဆက်အသွယ်ပြတ်တောက်သွားမှာ ဖြစ်ပါတယ်။

နိုင်ငံတွင်းတိုက်ပွဲတွေမှာ လူ ၈၀၀ ကျော် သေဆုံးခဲ့ပြီး ကုလသမဂ္ဂရဲ့အဆိုအရ အနည်းဆုံး လူပေါင်း ၃၇၀,၀၀၀ နေရပ်စွန့်ခွာခဲ့ရပါတယ်။  

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013