
မြန်မာစစ်အာဏာရှင် သမ္မတ မင်းအောင်လှိုင်ကို တရုတ်သမ္မတရှီကျင့်ဖျင်က တရုတ်နိုင်ငံ မြို့တော်ပေကျင်းရှိ The Great Hall ခန်းမမှ ဇွန် ၁၆ ရက် မနက်က တွေ့ဆုံခဲ့တယ်လို့ စစ်အာဏာရှင်ဘက်က သတင်းထုတ်ပြန်ပါတယ်။
မြန်မာစစ်အာဏာရှင်ကို တရုတ်နိုင်ငံ ဂုဏ်ပြုတပ်ဖွဲ့က အမြောက် ၂၁ ချက် ပစ်ဖောက်ပြီး ဂုဏ်ပြုကြိုဆိုခဲ့တယ်လို့လည်း ဆိုပါတယ်။
ဂုဏ်ပြုတပ်ဖွဲ့ရဲ့ အလေးပြုမှု ခံယူပြီးနောက် ၂ နိုင်ငံတာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
စစ်အာဏာရှင် မင်းအောင်လှိုင်ဟာ မနေ့က ပေကျင်းမြိုရှိ Aerospace City သို့ သွားရောက်ကာ တရုတ်နိုင်ငံရဲ့ အာကာသနှင့် လေကြောင်းနည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတွေကို ကြည့်ရှုလေ့လာခဲ့ပါတယ်။
စစ်အာဏာရှင် မင်းအောင်လှိုင်နဲ့ အဖွဲ့ဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ ဇွန် ၁၅ ရက်မှ ၁၉ ရက်အထိ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် သွားရောက်နေတာ ဖြစ်ပါတယ်။
အဆိုပါခရီးစဉ်အတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ဝန်ကြီးချုပ် အပါအဝင် အစိုးရ တာဝန်ရှိပုဂ္ဂိုလ်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံချစ်ကြည်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး၊ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးအပြင် နည်းပညာအကူအညီပေးရေး ကိစ္စတွေ အလေးထား ဆွေးနွေးသွားဖို့ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။











