DVB Logo
Home
ဆောင်းပါး
ဝရမ်းရှင် ကြင်စိုး (သရော်စာ)
DVB
·
December 7, 2024
ဝရမ်းရှင် ကြင်စိုး (သရော်စာ)
Donate to DVB

(က)

စိမ်းသရဖူစိမ်း တောင်ကျောင်းဆရာတော်က အားရပါးရ မိန့်တော်မူနေလေရာ အစိမ်းဒကာကျော် အဘစိမ်းမောင်က အားတက်သရော ထောက်ခံလျက် ရှိပေ၏။ အရွှင်အဘ စောမူးသာနှင့် စစ်ပြန်ကြီး အဘလုံးတုံးတို့က ပြုံးစ ပြုံးစနှင့် အလိုက်သင့် ခေါင်း‌တွေတညိတ်ညိတ် လုပ်‌နေကြကာ ကျွန်ု‌ပ်ဖေကြီးအား အဓိပ္ပာယ်ပါပါ လှမ်းကြည့်ကြပါလေရာ များမကြာခင် တိုက်စစ်မြင်ရမည်ဟု ခန့်မှန်းရပါလေ၏ ခင်ဗျာ။

“ ‘ဝရမ်း’ ထုတ်တာတို့၊ ဝင်ဖမ်းမှာတို့ကို ခေါင်းမရှိတဲ့ကောင်တွေပဲ စွတ်ယုံကြတာ စိမ်းမောင်ရ”

“မှန်ပါဘုရာ့၊ သူတို့ လုပ်ချင်တိုင်းလုပ်လို့ရ မတဲ့လား၊ တပည့်တော်တို့က ကိုယ့်အချုပ်အချာနဲ့ ကိုယ်နေတာလေ”

“အေးလကွာ၊ ပြီးတော့ တပ်ချုပ်ကြီးကို ဖမ်းဝရမ်းထုတ်ရအောင်ကလည်း ငါတို့နိုင်ငံက အဲသည် ‘ICC’ အဖွဲ့ထဲ ဝင်ထားတဲ့နိုင်ငံလည်း မဟုတ်ဘူးဟ”

“အဲဒါကြောင့် ‌ပြောတာပေါ့၊ ‘တဖက်ပိတ်’ တွေဆိုတာ”

“ဝါး . . . ဟားဟား ဟားဟား ဟားဟား”

ရုတ်တရက် ထရယ်လိုက်မိကြလေရာ ဆရာတော်နှင့် ဒကာကျော်တို့မှာ ‘ဘာလဲဟ’ ဟု ခပ်တင်းတင်း ကြည့်ကြပါလေ၏။ အဘစောမူးသာတို့က ရှင်းပြပါ၏။

“ ‘ICC’ အဖွဲ့ဝင်နိုင်ငံ ဖြစ်ခြင်း မဖြစ်ခြင်းက တပိုင်း၊ ‘ဖမ်းဝရမ်း’ ထုတ်ပြီး ဖမ်းလို့ရတာက တပိုင်း ဘုရာ့”

“ဖမ်းလို့ရမလား ဟကောင် မူးသာရ”

“အဲဒါ‌ကြောင့် တပည့်တော်တို့ အမြဲတမ်းပဲ ‘တဖက်ပိတ်တွေ’ မဖြစ်ကြဖို့ စေတနာနဲ့ ဆော်ဩပေးနေကြတာလေ”

“ဟေ . . .”

“မူးသာပြောတာ အမှန်ပဲဘုရာ့၊ တရားစွဲလို့ရတယ်၊ ‘ဖမ်းဝရမ်း’ ထုတ်လို့ရတယ်၊ နောက်ဆုံး ‘ဖမ်းချုပ်’ ပြီး တရားစွဲလို့ ပြစ်မှုကျူးလွန်ကြောင်း သက်သေတွေ ခိုင်လုံ‌နေပြီဆိုရင်တော့ ထိုက်တန်တဲ့ ပြစ်ဒဏ်ကို ပေးလို့ရပါတယ်”

“အယ် . . .”

“တဖက်ပိတ်တွေမဖြစ်ဖို့ လိုတယ်ဘုရာ့၊ အခုဟာက ကြင်စိုး သာ၀ မအလကို ဖမ်းဝရမ်းထုတ်ဖို့ လျှောက်ထားဆဲအဆင့်ပဲ ရှိသေးပေမဲ့ နောက်ဆက်တွဲ ဖမ်းဖို့ဆီးဖို့ကိစ္စတွေက မလွဲဧကံ ရောက်လာမှာပါ”

“အာ . . . သူတို့တရားစီရင်ရေးက ဘယ်လိုကြီးလဲဟ၊ ကိုယ့်နိုင်ငံအတွင်းမှာ ဖြစ်ပျက်နေတာကို ဘေးက မဆီမဆိုင် ‘ဝင်’ ဆုံးမမယ်လို့ကွာ”

“အဲသည်လိုမျိုး တရားစီရင်ပုံဟာ တပည့်‌တော်တို့နဲ့ မစိမ်းပါဘူး ဘုရာ့၊ အရင်ခေတ်ကတည်းက တပည့်တော်တို့ရပ်ရွာတွေမှာ ရှိခဲ့တာလေ”

“ဟေ . . . ဘယ်လို”

ထိုအခါ အရွှင်အဘတွေက ရှင်းပြကြသည်မှာ ရှေးယခင်ခေတ်ကာလက ရွာတရွာက အိမ်တအိမ်မှာ လူတဦး မူးပြီး ရမ်းကားကာ အိမ်သားများကို နိုင့်ထက်ကလူ ဆူဆဲ၍ အပြင်းအထန် ရိုက်နှက်နေသည်ဆိုပါက ရပ်ရွာက မနေသာဘဲ ဝင်ရောက်တားဆီးကာ ထိုသူကို ‘ဆုံးမ’ ခဲ့ကြကြောင်းပါတဲ့။

“အခုလည်း အဲသည်လိုမျိုး အ‌ခြေအနေပါပဲဘုရာ့၊ ‘လူရမ်းကား’ က လက်လွန်နေပြီဆိုတော့ ဝန်းကျင်ကလည်း မနေသာတော့ဘဲ ဝင်ပြီး ‘နားရင်းအုတ်’ ရတော့မယ့် သ‌ဘော‌ပါတဲ့ ဘုရား”

“ဝါး . . . ဟားဟား ဟားဟား ဟားဟား”

(ခ)

တောင်ကျောင်းဆရာတော်က တမျိုး‌ပြောလာပြန်သည်မှာ တပ်ချုပ်ကြီးကလည်း အဲသလို ဝရမ်းဘာညာကိစ္စတွေကို သူ့အနေနဲ့ အသိအမှတ်မပြုကြောင်း၊ ဂရုလည်းမစိုက်ကြောင်းပါတဲ့။

“မြန်မာပြည်စစ်တပ်ရဲ့ စစ်ဦးစီးချုပ်ပဲကွာ၊ သူက ဒင်းတို့ ICC ကို ကြောက်ရမှာတဲ့လား”

“ဟားဟား ဟားဟား ဟားဟား”

“ဘာထရယ်ကြပြန်တာတုန်းဟ”

“ကြင်စိုး သာ၀ မအလကြီးက ‘ကြောက်’ တော့ မကြောက်ပေမဲ့ ‘လန့်’ တော့ လန့်နေပုံပဲ ဘုရာ့”

“အာ့ . . . ဘယ် . . . ဘယ်လို”

“ဒီလိုပါဘုရာ့၊ အခု မအလက သူ့တပည့် ဥပဒေပညာရှင်တွေကို စုစည်း‌ခေါ်ယူထားပြီး အမိန့်‌တွေ ပေးနေတယ်လေ”

“ဘာအမိန့်တွေလဲ ဟ”

“နိုဝင်ဘာလ ၂၇ ရက်နေ့ ICC ရှေ့နေချုပ်က မအလကို ဖမ်းဝရမ်းထုတ်‌ပေးဖို့ ICC တရားရုံးကို တင်ပြ‌လျှောက်ထားခဲ့တဲ့သတင်း ထွက်လာချိန်မှာ ကြင်စိုးက ICC တရားရုံးက ဖမ်းဝရမ်းထုတ်လာခဲ့ရင် ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေတွေ၊ ICC တရားရုံးရဲ့ လုပ်‌ဆောင်ချက်‌တွေ၊ အခြားနိုင်ငံတွေက ခေါင်း‌‌ဆောင်‌တွေကို ICC က တရားစွဲခဲ့တုန်းက အခြေအ‌နေ‌တွေ၊ ICC တရားရုံးရဲ့ သဘောသဘာဝနဲ့ ဖြစ်ပေါ်လာနိုင်မှုတွေ စတဲ့ဟာတွေ အားလုံးကို သုံးသပ်ထားတဲ့ စာတမ်းတွေ အမြန်ဆုံး ပြည့်ပြည့်စုံစုံတင်ပြဖို့ သူ့ဘောမဥပဒေရေးရာ ကျွမ်းကျင်သူ‌တွေကို အမိန့်ပေး ညွှန်ကြားထားတယ်တဲ့ ဘုရား”

“ဟေ . . .”

“ICC ကို ဂရုမစိုက်ဘူး၊ မကြောက်ဘူးလို့ ‌ပြောခဲ့တဲ့ ဒင်းက အခုကျတော့လည်း တုန်နေပါလား ဘုရား”

“ဟားဟား ဟားဟား ဟားဟား”

တောင်ကျောင်းဆရာတော်ကား သိပ်တော့ကျေနပ်ပုံမရဘဲ မအလကို တရုတ်ကြီးက ဝင်ရောက်ပြီး ကာကွယ်ပေးနိုင်လိမ့်မယ်လို့ ထင်မှတ်နေပုံဖြင့် ဆက်ပါ၏။

“တရုတ်က ဝင်‌ပြောတယ်ဟ၊ ICC အနေနဲ့ Rome စာချုပ်မှာ လက်မှတ်ရေးထိုးမထားတဲ့ မြန်မာနိုင်ငံက တပ်ချုပ်ကြီးအပေါ် တရားစီရင်ခွင့် မရှိဘူးတဲ့ကွ”

“ဟဲဟဲ ဟဲဟဲ . . . အဲဒါကတော့ စားကောင်း သောက်ကောင်း မျိုကောင်း ဆို့ကောင်းအောင် ဝင်‌ပြောပေးတဲ့ သဘောမျှသာပါပဲ”

“ဘာလဲဟ၊ စားကောင်းသောက်ကောင်း ဆိုတာ”

“ဒီလိုပါကိုယ်တော်၊ တရုတ်ကြီးက မြန်မာပြည်တွင်းမှာ သူ့စီးပွားရေးစီမံကိန်းတွေ တတိုင်းပြည်လုံးအနှံ့ ဖြန့်ကျက်ထားပြီး တဖြဲနှစ်ဖြဲဝါးလာတာ ကြာပြီလေ”

“ဟေ . . .”

“အခုလည်း မအလဆီကနေ မြန်မာ့သယံဇာတတွေကို သူခိုးဈေးနဲ့ရနေတာဆိုတော့ မအလကို တရားစွဲခွင့်မရှိဘူး ဘာညာလောက်တော့ ဟန်ပြ ‌ပြောရတဲ့သဘောပါ”

“အာ . . .”

“အခုဟာက သိပ်မကြာခင်အချိန်မှာ ‘ဖမ်းဝရမ်း’ က ထွက်ကိုထွက်မှာ”

“အဲ . . .”

“လိုက်ဘေးရီးယားသမ္မတ ချားလ်စ်တေလာတို့၊ ယူဂိုစလားဗီးယားသမ္မတ စလိုဗိုဒန်တို့ကို ICC က တရားစွဲခဲ့တုန်းကလည်း လူတွေက ခုလိုပဲ တရားစွဲလို့မရဘူး ဘာညာ ဝင် ‘ပွား’ ခဲ့ကြပေမဲ့ နောက်ဆုံးတော့ သူတို့ကို အပြစ်ဒဏ်ပေးလို့ရခဲ့ပါတယ် ဘုရား”

“ဟားဟား ဟားဟား ဟားဟား”

(ဂ)

“ငါကြားဖူးတာကတော့ ICC ရဲ့လက်အောက်မှာ လူတွေကိုလိုက်ဖမ်းဖို့ ဖွဲ့ထားတဲ့ ရဲတပ်ဖွဲ့မရှိသလို စစ်တပ်လည်း မရှိဘူးဆိုဟ မူးသာရ”

“မှန်ပါတယ် ဘုရာ့၊ လူယုတ်မာ အာဏာရှင်တယောက် ဖမ်းဝရမ်းထုတ်ခံရပြီဆိုရင် အဖမ်းခံရနိုင်တဲ့ နည်းလမ်းသုံးသွယ် ရှိပါတယ်”

“အယ် . . .”

“ပထမနည်းကတော့ ဝရမ်းအထုတ်ခံထားရသူက ICC စာချုပ်ကို လက်မှတ်ထိုးထားတဲ့ နိုင်ငံတနိုင်ငံကို အလည်အပတ် သွားတဲ့အခါ၊ ဒါမှမဟုတ် ထွက်ပြေးပြီး ခိုလှုံဖို့ ရောက်လာတဲ့အခါ အဲသည်နိုင်ငံ အစိုးရက ဖမ်းပြီး နယ်သာလန်နိုင်ငံ သဟိတ်ဟ်မြို့က ICC အကျဉ်းထောင်ကို အပ်နိုင်ခြင်းပါ”

“အဲ . . .”

“ဒုတိယနည်းလမ်းက ဝရမ်းထုတ်ခံထားရသူ ရာထူးက အနားယူ‌တဲ့အခါ နောက်တက်လာတဲ့ အစိုးရက ဖမ်းဆီးပြီး ICC လက်ကို အပ်ခြင်းပါ”

“ဟမ်”

“တတိယနည်းလမ်းကတော့ ဝရမ်းထုတ်ခံထားရတဲ့သူကို ပြည်တွင်းက ဘယ်သူမဆို၊ ဘယ်အဖွဲ့ကမဆို ရအောင်ဖမ်းပြီး ICC လက်ကို အပ်တာမျိုးပါ ဘုရား”

“အမ် . . .”

“ဒီတော့ကာ နောက် ၃ လလောက်အကြာမှာ မအလကို ဖမ်းဝရမ်းထုတ်ပြီဆိုရင် တနည်းနည်းနဲ့တော့ အဖမ်းခံရမှာပါပဲ ဘုရာ့”

“အဲ . . . တပ်ချုပ်ကြီးက ICC အဖွဲ့ဝင် ဘယ်နိုင်ငံကိုမှ မသွားဘူးတဲ့ကွာ၊ ပြီးတော့ ရာထူးကနေ အနားမယူဘူးတဲ့ကွာ”

“ဒါဆိုရင်တော့ ပြည်တွင်းကပဲ ဖမ်းပို့ရတော့မှာပေါ့ ဘုရာ့”

“ဒီလို လွယ်လွယ်နဲ့ဖမ်းလို့ရမလား လုံးတုံးရ”

“ဘာလို့ မလွယ်ရမှာလဲ ဘုရာ့”

“သူ့မှာ ‘စစ်တပ်ကြီး’ တခုလုံးရှိနေတာလေကွာ၊ သူ့ကို ကာကွယ်ကြမှာပေါ့ဟ”

“မရတော့ဘူးဘုရာ့၊ ‘တပ်ပျက်’ နေပြီ”

“ဟေ . . .”

“တပည့်တော်တို့အမြင်အရ ICC က ဖမ်းဝရမ်းထွက်လာမယ့် အချိန်လောက်မှာပဲ သူ့ဩဇာခံ ဖက်ဆစ်တပ်လည်း ပြုတ်ပြုတ်ပြုန်းလို့ ကျီးနဲ့ဖုတ်ဖုတ် ဖြစ်တော့မှာ”

“အာ . . .”

“အခုတောင်မှ သူ့ဖက်ဆစ်တပ်က အသိတရားရှိတဲ့သူတွေဟာ တပ်ရင်းလိုက် တပ်ရင်းလိုက် ပြည်သူ့ရင်ခွင်ကို ခိုလှုံလာကြပြီလေ”

“ဟေ . . .”

“နောက်ထပ် နောက်ထပ်လည်း အလံဖြူတွေထောင်ပြီး အလင်းဝင်ကြမယ့်တပ်တွေ တပုံကြီးတဲ့ ဘုရား”

“ဟမ် . . .”

“အရှင်ဘုရားပဲ စဉ်းစားကြည့်လေ၊ ဖမ်းဝရမ်းအထုတ်ခံရတော့မယ့် အာဏာရူး ခေါင်းရှောင်လက်အောက်မှာ ဆက်နေရင်တော့ သူတို့ထက်မိုက်မဲတဲ့သူ ဘယ်သူရှိအုံးမှာလဲ”

“အဲ . . .”

“အခုလည်း ကြောက်ချီးပန်းနေတဲ့ မအလဟာ သွေးတွေတက်ပြီး ဟိုနေရာမှာ မိုက်ကနဲဖြစ်လိုက်၊ ဒီနေရာမှာ ယိုင်လဲလိုက် ဖြစ်နေပြီဆို‌တော့ နတ်ရွာ‌တောင် စံတော့မလားပဲ”

“အဲ . . .”

“တပည့်တော်တို့စိတ်အထင်တော့ ICC က ဖမ်းဝရမ်းထုတ်ချိန်အထိ‌တောင်မှ ခံပါတော့မလား မသိပါဘူး ဘုရား”

“ဝါး . . . ဟားဟား ဟားဟား ဟားဟား”

ဖေကြီး(လေရှီး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013