
CDM နိုင်ငံ့ဝန်ထမ်းထု ဒုတိယအကြိမ်မြောက် ညီလာခံကို ဒီဇင်ဘာ ၇ ရက်ကနေ ၁၀ ရက်အထိ ၄ ရက်ကြာ ကျင်းပဖို့ရှိပြီး ညီလာခံမှာ CDM နိုင်ငံဝန်ထမ်းထု အဖွဲ့အစည်း ပေါ်ပေါက်လာဖို့ ဦးစားပေး ဆောင်ရွက်သွားမယ်လို့ ညီလာခံဖြစ်မြောက်ရေး ကော်မတီကနေ သိရပါတယ်။
ညီလာခံဖြစ်မြောက်ရေး ကော်မတီဝင်ကတယောက်က “ဒုတိယအကြိမ်ညီလာခံရဲ့ ရည်ရွယ်ချက်သည် ကျနော်တို့ ဖြစ်မြောက်ရေးကော်မတီ ဖွဲ့မယ်၊ ပြီးရင် လွတ်လပ်တဲ့ CDM နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်း ပေါ်လာဖို့ ကြိုးပမ်းမယ်၊ ဒီပေါ်လာတဲ့ အဖွဲ့အစည်းသည် CDM နိုင်ငံ့ဝန်ထမ်းထုအတွက် ရပ်တည်မယ့်အဖွဲ့အစည်း ဖြစ်တယ်။ ဒီ CDM နိုင်ငံ့ဝန်ထမ်းထုရဲ့ ကောင်းရာကောင်းကျိုးကို ဆောင်ရွက်မယ့် အဖွဲ့အစည်းဖြစ်တယ်။ ဒီအလွှာအလိုက် ကဏ္ဍအလိုက် ပညာရှင်အလိုက် ကျွမ်းကျင်မှုအလိုက် သူ့နေရာနဲ့သူ တာဝန်ယူသွားတယ်ဆိုရင် ဒီအဖွဲ့အစည်းက အချိန်တိုတိုလေးအတွင်းမှာ အောင်အောင်မြင်မြင် လည်ပတ် ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ အရေးကြီးဆုံးအဆင့်အနေနဲ့ ဒီမှာရှိနေတဲ့ CDM နိုင်ငံ့ဝန်ထမ်းထု အားလုံးက ပူးပေါင်းပေးကြပါ။ ဝင်ရောက်ပူးပေါင်းရင်းနဲ့မှ လုပ်ကိုင်ဆောင်ရွက်မှုတွေကို ကြည့်ပြီး ယုံကြည်မှုကို တည်ဆောက်ပြီးမှ ဆက်လက် ဆောင်ရွက်ပေးပါလို့ပဲ ဒီကနေ လေးလေးနက်နက် တိုက်တွန်းနှိုးဆော်ချင်ပါတယ်”လို့ ပြောပါတယ်။
ဒုတိယအကြိမ်ညီလာခံမှာတော့ ပထမအကြိမ်ညီလာခံက အကောင်အထည်ဖော်လက်စ ကိစ္စတွေကို ဆက်လက်အကောင်အထည်ဖော်ရေး၊ CDM နိုင်ငံ့ဝန်ထမ်းထု အဖွဲ့အစည်းကြီး ပေါ်ပေါက်လာဖို့ ဖြစ်မြောက်ရေးကော်မတီ ဖွဲ့စည်းရေး၊ Non CDM တွေအပေါ် ကိုင်တွယ်ဖြေရှင်း အဖြေရှာရေးနဲ့ လက်ရှိ CDM တွေရဲ့ စဉ်းစားချက်စာတမ်းတွေ ဖတ်ကြားရေး စတာတွေကို ဦးစားပေး ဆွေးနွေးသွားမယ်လို့ သိရပါတယ်။
ဒီညီလာခံကနေ မျှော်လင့်ထားတာတွေကို CDM အားလုံးကိုယ်စား ညီလာခံဖြစ်မြောက်ရေး ကော်မတီဝင်တယောက်လည်းဖြစ်တဲ့ CDM ကျောင်းဆရာတယောက်က ပြောပါတယ်။
“နိုင်ငံရေးအရ ပြောရင်တော့ စစ်အာဏာရှင် ချုပ်ငြိမ်းဖို့ပေါ့။ ကျနော်တို့လိုချင်တဲ့ ကျနော်တို့ရဲ့ သက်ဆိုင်ရာ ဌာနပေါင်းစုံက CDM လုပ်ခဲ့ကြတဲ့ နိုင်ငံ့ဝန်ထမ်းအားလုံးက ဒုတိယမျှော်လင့်ချက်ကတော့ ကိုယ့်ဝန်ကြီးဌာနနဲ့ဆိုင်တဲ့ မျှော်လင့်ချက်တွေလည်း ရှိကြမှာပါ။ တော်လှန်ရေးကာလမှာပဲဖြစ်ဖြစ်၊ တော်လှန်ရေးပြီးတဲ့ကာလမှာပဲဖြစ်ဖြစ် ကျနော်တို့ CDM တွေအတွက် ချီးမြှင့်ခြင်း၊ ဂုဏ်ပြုခြင်းတွေ၊ ဘွဲ့တံဆိပ်တွေ ကျနော်တို့ မမျှော်လင့်ဘူး၊ CDM တွေအတွက် တရားမျှတမှုရဖို့အတွက် တော်လှန်ရေးအောင်မြင်တဲ့ တနေ့မှာ ဖော်ဆောင်ပေးစေချင်တယ်။ ဒါတွေ CDM တွေမှာ မျှော်လင့်ချက် ကြီးကြီးမားမားရှိပါတယ်။”
ဒါ့အပြင် လက်ရှိ နိုင်ငံဝန်ထမ်းစနစ်ဟောင်းနဲ့ နိုင်ငံဝန်ထမ်းဥပဒေတွေကို အပြီးဖျက်သိမ်းပြီး အဂတိကင်းပြီး အားကောင်းခိုင်မာတဲ့ စနစ်သစ်နဲ့ ဥပဒေအသစ် ပေါ်ပေါက်လာဖို့ မျှော်လင့်ထားကြောင်းလည်း ပြောပါတယ်။
လက်ရှိ CDM လှုပ်ရှားမှု ၄ နှစ်နီးပါး ကြာလာချိန်မှာတော့ CDM တွေရဲ့ အခက်အခဲတွေကလည်း ပိုများလာတာဖြစ်လို့ ညီလာခံကနေ ရလဒ်ကောင်းတွေ ပေါ်ထွက်လာဖို့ မျှော်လင့်ထားကြောင်း CDM တယောက်က ပြောပါတယ်။
“ကျနော်တို့က ပညာရေးဌာနက CDM တွေဖြစ်တဲ့အတွက် အပြင်မှာ စာသင်ရလို့တော့ မရဘူးပေါ့နော်၊ စာသင်ရတာလည်း နည်းနည်း ခိုးကြောင်ခိုးဝှက် သင်ရတာမျိုးရှိတယ်ပေါ့။ ဝမ်းစာအတွက်ဆိုတော့လည်း မဖြစ်မနေ လုပ်နေရတာပေါ့။ CDM ရဲ့ အကျိုးစီးပွားကို ကူညီပံ့ပိုးတာတွေ ရှိလာမယ်ဆိုရင်တော့ ပိုကောင်းတာပေါ့နော်။ ကိုယ့်ထက် ခက်ခဲတာတွေ အများကြီးရှိတဲ့အတွက် သူတို့အတွက် အဆင်ပြေမယ်လို့ ထင်ပါတယ်။”
အသက်ပေး စွန့်လွှတ်ခဲ့ကြတဲ့ CDM တွေနဲ့ အိုးအိမ်စွန့်ခွာနေကြတဲ့ CDM တွေကို အသိအမှတ်ပြုတဲ့အနေနဲ့ ဆုကြေးတခု သတ်မှတ်ပေးသင့်တယ်လို့လည်း နိုင်ငံဝန်ထမ်းမဟုတ်တဲ့ သင်ကြားရေးဆရာမ တယောက်ကလည်း တိုက်တွန်းပါတယ်။
“CDM ညီလာခံနဲ့ ပတ်သက်ပြီးလို့ကတော့ ဘာမှ ပြောစရာမရှိပါဘူး။ အနစ်နာခံထားတဲ့ CDM ဝန်ထမ်းတွေကို အချိန်တန်ကျရင် သူတို့ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ တတ်နိုင်သလောက် ပြန်ပေးစေချင်ပါတယ်။ သူတို့အတွက် အသိအမှတ်ပြုတဲ့ ဆုဖြစ်ဖြစ်၊ နစ်နာသွားတဲ့ငွေကြေး ၃ နှစ်စာဖြစ်ဖြစ်ပေါ့၊ အဲဒါလေးကိုတော့ ဝန်ထမ်းတွေကို ပြန်ရစေချင်ပါတယ်။ အဲဒါလေးကိုတော့ ကျမတို့ သူတို့ကို အသိအမှတ်ပြုရပါမယ်။”
ဒုတိယအကြိမ် CDM နိုင်ငံဝန်ထမ်းထု ညီလာခံဖွင့်ပွဲကိုတော့ ဒီဇင်ဘာ ၆ ရက်မှာ စတင်ပြုလုပ်နေပြီ ဖြစ်ပါတယ်။
အာဏာသိမ်းကာစ ၂၀၂၁ ခုနှစ်မှာတော့ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်ခဲ့တဲ့ နိုင်ငံဝန်ထမ်း ၃ သိန်းခွဲကျော်ရှိခဲ့ပြီး အာဏာသိမ်း ၄ နှစ်နီးပါး ကြာလာချိန်မှာတော့ ၁ သိန်းခွဲကျော် ၂ သိန်းနီးပါးက CDM ထဲ ပါဝင်နေဆဲဖြစ်ပါတယ်။
ဝေဝေ











