
ထိုင်ဝမ်သမ္မတ လိုင်ချင်းတယ်ဟာ ပစိဖိတ်ခရီးစဉ်အတွင်း အမေရိကန်ပိုင်နက် ဂူအမ်ကျွန်းဆီ အလည်အပတ် ရောက်နေတုန်း ရီပတ်ဘလီကန် အောက်လွှတ်တော်ဥက္ကဋ္ဌ မိုက်ဂျွန်ဆင်၊ ရီပတ်ဘလီကန်အမတ်တို့နဲ့ စကားပြောဆိုခဲ့တယ်လို့ လိုင်ရဲ့ရုံးက AFP သတင်းဌာနကို ဒီဇင်ဘာ ၅ ရက်က ပြောခဲ့ပါတယ်။
ထိုင်ဝမ်က သူ့ကိုယ်သူ အချုပ်အခြာအာဏာပိုင်နိုင်ငံလို့ ပြောပေမဲ့ တရုတ်ပြည်မကြီး အစိုးရကတော့ ဒီမိုကရက်တစ်နည်းကျ သီးခြားအုပ်ချုပ်တဲ့ ထိုင်ဝမ်ကျွန်းဟာ သူ့ပိုင်နက် အစိတ်အပိုင်းဖြစ်ပြီး နိုင်ငံတကာသံတမန် တရားဝင်ဖလှယ်မှုကို ဆန့်ကျင်တယ်လို့ အခိုင်အမာ ပြောထားပါတယ်။
လိုင်နဲ့ ဂျွန်ဆင်တို့ကြား ဆွေးနွေးမှုအပေါ် အသေးစိတ်မဖော်ပြဘဲ ဗုဒ္ဓဟူးနေ့မှာ ဖုန်းခေါ်ဆိုခဲ့တာလို့ သမ္မတရုံးက အတည်ပြု ပြောကြားခဲ့ပါတယ်။
နိုင်ငံအများစုလိုပဲ အမေရိကန်ဟာ ထိုင်ဝမ်နဲ့ တရားဝင် သံတမန်ဆက်ဆံရေး မရှိပေမဲ့ အမေရိကန် အစိုးရဟာ ထိုင်ဝမ်အစိုးရရဲ့ အရေးအပါဆုံး ကျောထောက်နောက်ခံနဲ့ အကြီးမားဆုံး လက်နက်ထောက်ပံ့သူ ဖြစ်ပါတယ်။
လိုင်ရဲ့ ပစိဖိတ်ခရီးစဉ်နဲ့ အထူးသဖြင့် အမေရိကန်ခရီးစဉ်တွေဟာ ထိုင်ဝမ်ကို နိုင်ငံတကာက အသိအမှတ်ပြုမှုကို ငြင်းပယ်တဲ့ တရုတ်ပြည်မကြီးအစိုးရရဲ့ ဝေဖန်မှုကို အတားအဆီး ဖြစ်စေခဲ့ပါတယ်။
ခရီးစဉ်အစမှာ အမေရိကန်ပြည်ထောင်စု ဟာဝိုင်အီပြည်နယ်ဆီ ၂ ရက်ကြာ လည်ပတ်ခဲ့တဲ့ လိုင်ဟာ ထိုင်ဝမ်အပေါ် တရုတ်ရဲ့ စစ်ရေးခြိမ်းခြောက်မှုတွေကို အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌဟောင်း နန်စီ ပေလိုစီနဲ့ မိနစ် ၂၀ ကြာ ဆွေးနွေးခဲ့ပြီး အမေရိကန် အစိုးရအရာရှိတွေ၊ အောက်လွှတ်တော်က လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
လိုင်ရဲ့ သီတင်းတပတ်ကြာ ခရီးစဉ်ဟာ ထိုင်ဝမ်အတွက် နိုင်ငံတကာရဲ့ ထောက်ခံမှုကို တိုးမြင့်လာစေဖို့ ရည်ရွယ်ထားပါတယ်။
တရုတ်ဟာ ထိုင်ဝမ်ကျွန်းပေါ်မှာ စစ်ရေးအရ ဖိအားတွေကို ဆက်ပေးနေပြီး လက်ကျန် မဟာမိတ်တချို့ကို သိမ်းပိုက်ရင်း ကမ္ဘာလုံးဆိုင်ရာ ဖိုရမ်တွေကို ထိုင်ဝမ်က တက်ခွင့်မရအောင် ပိတ်ဆို့ရင်း ခွဲထုတ်ဖို့ ကြိုးပမ်းနေပါတယ်။
Source : Reuters











