DVB Logo
Home
Lead Story
ဉာဏ်အလင်းပွင့်ခေတ်ရဲ့ အလင်းတန်းတခု
DVB
·
December 6, 2024
ဉာဏ်အလင်းပွင့်ခေတ်ရဲ့ အလင်းတန်းတခု
Donate to DVB

ဉာဏ်အလင်းပွင့်ခေတ်က ဒဿနဆရာတွေဖြစ်တဲ့ ဂျွန်‌လော့ခ်၊ ရူးဆိုး၊ ကန့်၊ ဒေးဗစ်ဟျူးမ်၊ သောမတ်စ်ဟော့ဘ် စတဲ့ အတွေးအခေါ်ရှင်တွေကို မြန်မာနိုင်ငံက နိုင်ငံရေးနဲ့ ဒဿနစာပေ ဖတ်ရှုသူတွေအနေနဲ့ မစိမ်းလှပါဘူး။

ဒါပေမဲ့ ဉာဏ်အလင်းပွင့်ခေတ်ရဲ့ ဉာဏ်ပညာ ဖယောင်းတိုင်တဆူဖြစ်တဲ့ ဥပဒေအတွေးအခေါ်ရှင် ချီဆရီ ဘက်ကာရီရာကိုတော့ လူသိအတော်နည်းပါလိမ့်မယ်။ ခေတ်သစ် ပြစ်မှုဆိုင်ရာ တရားမျှတမှုအကြောင်း ပြောပြီဆိုရင် သူက မပါမဖြစ် ပုဂ္ဂိုလ်။ ယနေ့အချိန်အထိ ကိုးကားရတဲ့ ပညာရှင်။ penology လို့ခေါ်တဲ့ ပြစ်ဒဏ်သိပ္ပံပညာရဲ့ ဖခင်ကြီးအဖြစ် ကမ္ပည်းတင်ခံရသူ။ တကယ်တော့ သူ့အကြောင်း စာမျက်နှာတွေကတဆင့် မထိတွေ့ဘူးပေမဲ့ သူ့ရဲ့အယူအဆတွေဟာ ကျနော်တို့ မြန်မာတွေနဲ့ လုံးဝကြီး သူစိမ်းဆန်နေလိမ့်မယ်လို့တော့ မထင်ပါဘူး။ သေဒဏ်ပေးသင့်၊ မပေးသင့် အငြင်းအခုံတွေ ဖြစ်ကြတဲ့အခါမှာလည်း ကျနော်တို့ရဲ့ ယူဆချက်တချို့ဟာ ဘက်ကာရီရာရဲ့ အယူအဆတွေနဲ့ တသဘောတည်း ရှိတာမျိုးတွေ တွေ့ရနိုင်ပါတယ်။ တရားရုံးတွေမှာ ပြောလေ့ရှိကြတဲ့ မြန်မြန်နဲ့မှန်မှန် တရားစီရင်ရမယ် ဆိုတာတွေကလည်း ဘက်ကာရီရာရဲ့ အယူအဆတွေလို့ ပြောရင် မှားမယ်မထင်ပါဘူး။ ဒါ့အပြင် ပြစ်မှုနဲ့ပြစ်ဒဏ် မျှတရမယ်ဆိုတာ‌တွေ၊ ပြစ်မှုတရားစီရင်‌ရေးမှာ သက်သေပြဖို့ တာဝန်ဟာ တရားလိုပေါ်မှာ တည်ရှိတယ် ဆိုတာတွေဟာ ကျနော်တို့ ကြားဖူးနားဝရှိနေတဲ့ အရာတွေပဲ မဟုတ်ပါလား။ ဒီတော့ ဘက်ကာရီရာဆိုတာ ဘယ်လိုလူမျိုးပါလိမ့်။

ငယ်ဘဝ

ဘက်ကာရီရာကို ၁၇၃၈ ခုနှစ်မှာ အီတလီနိုင်ငံ၊ မီလန်မှာ မွေးဖွားခဲ့ပါတယ်။ သူကောင်းမျိုးနွယ်ဝင် မိသားစုက ဆင်းသက်လာသူတ‌ယောက် ဖြစ်ပါတယ်။ Pavia တက္ကသိုလ်မှာ ဥပဒေပညာ သင်ကြားခဲ့ပြီး ၁၇၅၈ ခုနှစ်မှာ ဒေါက်တာဘွဲ့ ရခဲ့ပါတယ်။ နောက် ၁၀ နှစ်အကြာမှာတော့ မီလန်မြို့က Palatine ကျောင်းမှာ နိုင်ငံရေးဘောဂဗေဒ ပါမောက္ခ ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ဘက်ကာရီရာဟာ ဆင်စွယ်နန်းမြင့်ပေါ်က ပညာရှင်တယောက်တော့ မဟုတ်ခဲ့ပါဘူး။ နိုင်ငံတော်အကြံပေးပုဂ္ဂိုလ်အဖြစ် ၁၇၇၁ မှာ လက်တွေ့ လုပ်ကိုင်ခဲ့ပါတယ်။ အဲဒီတာဝန်နဲ့အတူ ဥပဒေရေးရာ၊ အုပ်ချုပ်မှုရေးရာ ပြုပြင်မှုတွေကိုလည်း ပြုလုပ်ရာမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် ရာဇဝတ်တရားသူကြီး တာဝန်ကိုလည်း ထမ်းဆောင်ခဲ့ပါသေးတယ်။

၁၇၆၄ ခုနှစ်၊ သူ့အသက် ၂၆ နှစ်မှာ ရေးသားထုတ်ဝေခဲ့တဲ့ “On crime and punishment” ဆိုတဲ့ စာအုပ်ဟာ ပြစ်မှုဗေဒ၊ ပြစ်ဒဏ်အကြောင်းတွေနဲ့ ပတ်သက်လို့ရှိရင် အတော်လေး ထင်ရှားပါတယ်။ သူ့ခေတ် သူ့အခါမှာ ဩဇာလွှမ်းမိုးမှုရှိခဲ့တဲ့ လက်ရာတခုလည်း ဖြစ်ပါတယ်။ သူ့စာအုပ်ကို ခရစ်ယာန် ရိုမန်ကက်သလစ်ကျောင်း‌တော်က မိစ္ဆာဒိဋ္ဌိ အယူတွေကို ဖြန့်ဝေတယ်ဆိုပြီး ပိတ်ပင်ခဲ့သလို တချို့ဒေသတွေမှာလည်း ဆင်ဆာဖြတ်တောက်တာမျိုးတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့လည်း အဲဒီခေတ်ရဲ့ လူမဆန်တဲ့ နှိပ်စက်မှုတွေ၊ ရက်စက်ပြင်းထန်တဲ့ ပြစ်ဒဏ်တွေကို ဉာဏ်အလင်းပွင့်ခေတ်ရဲ့ ဒဿနအယူအဆတွေဖြစ်တဲ့ ဆင်ခြင်တုံတရား၊ လူသားဆန်မှုတွေနဲ့ ထိထိမိမိ ဝေဖန်ထားတဲ့ သူ့စာအုပ်ဟာ ဥရောပတလွှားမှာ ဖတ်ရှုမှု အတော်များခဲ့ပါတယ်။ ဘယ်လောက်ပဲ ပိတ်ပင်ထားပါစေ၊ လျှို့ဝှက်ဖတ်ရှုခဲ့ကြပါတယ်။ ဒီစာအုပ်ဟာ ဥရောပရဲ့ ပုပ်သိုးဆွေးမြည့်နေပြီဖြစ်တဲ့  ပြစ်မှုတရားစီရင်ရေးစနစ်တွေ၊ ပြစ်ဒဏ်တွေကို ပြောင်းလဲဖို့၊ အလင်းသစ်ကို ခေါ်ဆောင်လာဖို့အတွက် မီးရှူးတန်ဆောင်တခု ဖြစ်ခဲ့ပါတယ်။ ဒီစာအုပ်ထွက်ပြီးနောက် သူ့ကို နိုင်ငံတော်ကောင်စီအဖွဲ့ဝင်အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရပါတယ်။ ဘက်ကာရီရာရဲ့ နောက်ပိုင်းကာလတွေမှာတော့ အများဆိုင်ရာကိစ္စတွေမှာ ပါဝင်တာ နည်းလာပြီး ပညာရပ်ဆိုင်ရာကိစ္စတွေမှာပဲ ဘဝကို နှစ်မြှုပ်ခဲ့ပါတယ်။ ၁၇၉၄ နိုဝင်ဘာ ၂၈ ရက်နေ့မှာ ဘက်ကာရီရာ ကွယ်လွန်ခဲ့ပါတယ်။

ဥပဒေရေးရာ ပြောင်းလဲမှု

၁၈ ရာစုက  ရေးသားခဲ့တဲ့ သူ့ရဲ့အယူအဆတွေဟာ မနေ့တနေ့က ရေးသားထားတဲ့ ဥပဒေသဘောတရားတွေလို့တောင် ထင်မှတ်စရာ‌ ကောင်းပါတယ်။ ခေတ်ရှေ့ပြေးလွန်းတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ ကြည့်ပါ။

ဘက်ကာရီရာရဲ့အမြင်မှာ ဥပဒေကို ရေးသားပြဋ္ဌာန်းတယ်ဆိုတာ လူတိုင်း နားလည်ဖို့ ဖြစ်ရပါမယ်။ ရှင်းလင်းလွယ်ကူအောင် ရေးသားရပါမယ်။ ဥပဒေကို နားလည်သဘောပေါက်မှုနဲ့ ပြစ်မှုဖြစ်ပွားမှုရဲ့ အပြန်အလှန်ဆက်စပ်မှုကို ဘက်ကာရီရာက တွက်ဆ သိမြင်ခဲ့ပါတယ်။ ဥပဒေကို သိနားလည်တဲ့သူ များလာလေလေ၊ ပြစ်မှုဖြစ်ပွားမှု အကြိမ်အရေအတွက် ပိုနည်းလာလေလေဆိုပြီး ရေးသားခဲ့ပါတယ်။ ၁၈ ရာစုတုန်းကဆိုရင် ဥပဒေတွေအားလုံးကို စာနဲ့ရေးသားထားတာမျိုး မရှိသေးပါဘူး။ အဲဒီလို သတိပေးထားတာလည်း မရှိတာကြောင့် လူတွေက သူတို့လုပ်ရပ်တွေဟာ ပြစ်မှုမြောက်လို့ မြောက်မှန်းတောင် မသိကြတဲ့ အခြေအနေပါ။ ဒါပေမဲ့ သူတို့မသိလို့ဆိုပြီး ပြစ်ဒဏ်ကင်းလွတ်ခွင့်မရပါ။ ပြစ်ဒဏ်ပေးခံရတာပါပဲ။

ဉာဏ်အလင်းပွင့်ခေတ်က ဒဿနအယူအဆအတိုင်း ဘက်ကာရီရာဟာ လူသားရဲ့ ဆင်ခြင်ဉာဏ်ကို အလေးပေးခဲ့ပါတယ်။ လူတွေဟာ ဆင်ခြင်ဉာဏ်ရှိတာကြောင့် လူကပြုလုပ်တဲ့ ဥပဒေ ဆိုတာကလည်း ကျိုးကြောင်းဆီလျော်တယ်လို့ သူက ယူဆပါတယ်။ ကျိုးကြောင်းဆီလျော်တဲ့ ဥပဒေတရပ်ဆိုတာ စနစ်တကျနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြထားတယ်။ လူတိုင်းအပေါ် တပြေးညီ ကျင့်သုံးနိုင်တယ်လို့ ဆိုပါတယ်။ လူတွေရဲ့စိတ်ထဲမှာ ဒွိဟမဖြစ်အောင်၊ ဇဝေဇဝါမဖြစ်အောင်ဆိုရင် ဘယ်လုပ်ဆောင်ချက်တွေကို ခွင့်ပြုထားတယ်၊ ဘယ်အပြုအမူတွေကိုတော့ တားမြစ်ထားတယ် ဆိုတာကို ရှင်းရှင်းလင်းလင်း ဖွင့်ဆိုထားဖို့ လိုအပ်တယ်လို့ သူကဆိုပါတယ်။

သက်သေပြရမယ့်တာဝန်နဲ့ ပတ်သက်ရင်လည်း စွပ်စွဲခံရသူထံမှာ တာဝန်မရှိဘဲ တရားသူကြီးဆီ၊ စွပ်စွဲသူဆီမှာသာ ရှိသင့်ကြောင်း သူက အကြုံပြုခဲ့ပါတယ်။ သူတို့ခေတ်တုန်းက စွပ်စွဲခံရသူဟာ စွပ်စွဲတာကလည်း ခံရသေး၊ သူ မဟုတ်ကြောင်း သက်သေကိုလည်း ပြရပါ‌တယ်။ တရားသူကြီးအနေနဲ့ စွပ်စွဲခံရသူကို ဘာကြောင့် စုံစမ်းစစ်ဆေးရသလဲ၊ ဘာကြောင့် အပြစ်ပေးရသလဲ၊ ဒါ့အပြင် ဘယ်သက်သေခံ အချက်တွေကတော့ ထိန်းသိမ်းထားရတဲ့ အကြောင်းရင်းကိုပါ ထည့်သွင်းသုံးသပ်ရမှာ ဖြစ်ကြောင်း ရေးသားခဲ့ပါတယ်။

ဘက်ကာရီရာတို့ခေတ်က စွပ်စွဲခံရသူ (accused) နဲ့ တရားခံ (defendant) ဆိုတာ အတူတူပါပဲ။ စွပ်စွဲခံရသူကို တရားခံသဖွယ် ဆက်ဆံပါတယ်။ ဒီလို မတရားသဖြင့် လုပ်တဲ့အပေါ် ဘက်ကာရီရာက အပြင်းအထန် ဝေဖန်ခဲ့ပါတယ်။ “ထောင်ချခံရတာမျိုး (ဝါ) တရားသေ လွှတ်ပေးတာမျိုးလို တခုခု ဆုံးဖြတ်ခြင်းမခံရသေးတဲ့ စွပ်စွဲခံရသူတယောက်ကို လူယုတ်မာ၊ ရာဇဝတ်သားတယောက်အဖြစ် တံဆိပ်ကပ်ဖို့မသင့်ကြောင်း” ရေးသားခဲ့တာပါ။ ဘက်ကာရီရာရဲ့ အမြင်မှာ စွပ်စွဲခံထားရတဲ့၊ အပြစ်ရှိကြောင်း ဆုံးဖြတ်မခံရသေးသူ တယောက်ကို မကောင်းတဲ့တံဆိပ် ကပ်ပြီး အသရေဖျက်တာဟာ လူ့ဂုဏ်သိက္ခာကို ညှိုးနွမ်းစေပါတယ်။

Secret accusation လို့ခေါ်တဲ့ ကာယကံရှင်တောင် မသိလိုက်တဲ့ တရားစွဲဆိုမှုတွေဟာလည်း ဘက်ကာရီရာတို့ခေတ်မှာ ဗွက်ဗွက်ထနေခဲ့ပါတယ်။ ဆိုလိုတာကတော့ ကိုယ့်ကို တရားစွဲသူဟာ ဘယ်သူဘယ်ဝါမှန်း မသိရသလို စစ်ဆေးမှုတွေဟာလည်း သိုသိုသိပ်သိပ်ပဲ ပြုလုပ်ခဲ့ကြပါတယ်။ ဆုံးဖြတ်ချက်တွေကိုလည်း တံခါးပိတ်ပြုလုပ်ခဲ့ကြတာပါ။  အခုလိုအလေ့အထတွေဟာ တရားမျှတမှုကိုလည်း ကင်းမဲ့စေတယ်လို့ ဘက်ကာရီရာက ရှုမြင်ပါတယ်။ ဒါ့အပြင် အချင်းချင်းကြားက ပုဂ္ဂိုလ်ရေးမုန်းတီးမှုတွေကို အခြေခံပြီး လုပ်တဲ့အခါမှာ မှားယွင်းတဲ့ စွပ်စွဲချက်တွေ ဖြစ်စေတယ်လို့ ဆိုလိုပါတယ်။ ဒီလိုစနစ်အောက်မှာ လူတွေဟာ တဦးနဲ့တဦး မယုံသင်္ကာစိတ်တွေ ကြီးထွားလာပြီး လူတိုင်းဟာလည်း အချိန်မရွေး ကိုယ့်ရဲ့ရန်သူပါလားဆိုပြီး ကိုယ့်သူမယုံ၊ သူ့ကိုယ်မယုံ အ‌ေနအထားမျိုးကို ရောက်ရှိသွားကြတယ်လို့ ဆိုပါတယ်။

ပြစ်ဒဏ်များ

၁၈ ရာစု ဥရောပရဲ့ ပြစ်ဒဏ်ပေးမှုစနစ်တွေဟာ အင်မတန် ရက်စက်ပါတယ်။ ပြင်းထန်ပါတယ်။ ဒါ‌ပေမဲ့ ဒီလိုပြစ်ဒဏ်တွေဟာ အမြဲတမ်းလိုလို ချမှတ်ခဲ့ကြတာပါ။ ပြစ်ဒဏ်တွေကလည်း အမျိုးမျိုး။ ကြိုးစင်တင်ပြီးသတ်တာ၊ တင်းပုတ်နဲ့ရိုက်တာ၊ ပုဆိန်နဲ့ထုတာတွေ ပါဝင်ပါတယ်။ ကြိမ်ဒဏ်ပေးတာ၊ မသေမချင်း ရိုက်နှက်တာ၊ မီးရှို့သတ်တာ၊ Breaking wheel လို့ခေါ်တဲ့ လူခန္ဓာကိုယ်ထက်ကြီးတဲ့ ဘီးအဝိုင်းကြီးမှာ တုပ်နှောင်ပြီး ညှဉ်းပန်းနှိပ်စက်တာ၊ စစ်လှေကြီးတွေပေါ်မှာခိုင်းတာ၊ အရေပြားပေါ်မှာ မီးပူနဲ့ထိုးပြီး တံဆိပ်ကပ်တာ၊ ခြေလက်အင်္ဂါ ဖြတ်တောက်တာတွေ ပါဝင်ပါတယ်။ မြင်းအမြီးမှာချည်ပြီး လူကို ဒရွတ်တိုက်ဆွဲတာမျိုးတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ပြစ်မှုတော်တော်များများက သေဒဏ်တွေချည်းပါပဲ။ ခိုးမှုတခုကနေလည်း သေစေနိုင်ပါတယ်။

ဘက်ကာရီရာဟာ ဒီလို ခေတ်ရဲ့ ပြစ်ဒဏ်ပေးတဲ့စနစ်ကို ဉာဏ်အလင်းပွင့်ခေတ် လူသားပဓာနအမြင်နဲ့ ချဉ်းကပ်ခဲ့ပါတယ်။ သူ့တိုင်းပြည် အီတလီမှာဆိုရင် ညှဉ်းပန်းနှိပ်စက်မှုတွေကို အဆင့်အသီးသီးခွဲခြားလို့‌တောင် ရပါတယ်။

အသေးစား ညှဉ်းပန်းနှိပ်စက်မှု၊ ပြင်းထန်တဲ့ ညှဉ်းပန်းနှိပ်စက်မှု၊ အလွန်ဆိုးရွားတဲ့ ညှဉ်းပန်းနှိပ်စက်မှုဆိုပြီး အဆင့် ၃ ဆင့် ခွဲခြားသတ်မှတ်ထားပါတယ်။ ဘက်ကာရီရာရဲ့စာအုပ် အပါအဝင် အဲဒီခေတ်မှာ ထွက်ပေါ်လာတဲ့ စာအုပ်တချို့ကြောင့် ပြစ်ဒဏ်ပေးတဲ့ပုံစံတွေ အပါအဝင် ညှဉ်းပန်းနှိပ်စက်မှုတွေကို ကန့်ကွက်မှုတွေ စတင်လာခဲ့ကြပါတယ်။ ဘက်ကာရီရာတို့လို ပြစ်ဒဏ်ရေးရာ ပြောင်းလဲဖို့ လှုပ်ရှားသူတွေဟာ မျှတပြီး လက်တွေ့အသုံးကျတဲ့ ပြစ်ဒဏ်ချမှတ်ရေးကို တောင်းဆိုခဲ့ကြတာပါ။

ဘက်ကာရီရာရဲ့ အမြင်မှာတော့ ပြစ်ဒဏ်ဆိုတာ လက်တုံ့ပြန်တာမဟုတ်၊ အဟန့်အတားတခုသာ ဖြစ်သင့်တယ်လို့ ရှုမြင်တာပါ။ အခုလို ပြင်းပြင်းထန်ထန် ပြစ်ဒဏ်ပေးတာတွေဟာ သတ်ဖြတ်မှု၊ ဖျက်ဆီးမှုပါပဲလို့ ဆိုပါတယ်။ သူ့အလိုအရ ပြစ်ဒဏ်ဆိုတာ ပြစ်မှုနဲ့ အချိုးညီရပါမယ်။ လိုတာထက်ပိုပြီး ပြစ်ဒဏ်မချမှတ်ရပါဘူး။ ပြစ်ဒဏ်ဆိုတာ လက်စားချေဖို့အတွက် တရားခံကို ညှဉ်းပန်းနှိပ်စက်ရာမှာ အသုံးပြုတဲ့ နည်းလမ်းတခု မဟုတ်ပါဘူး။ နောင်အနာဂတ်မှာ ပြစ်မှုထပ်မကျူးလွန်ဖို့ တားဆီးတဲ့ နည်းလမ်းတခုသာ ဖြစ်ပါတယ်။ ပြစ်ဒဏ်ပေးခြင်းဟာ ထိရောက်ဖို့လည်း လိုပါတယ်။ ပြစ်ဒဏ်ပေးခြင်းရဲ့ အဓိကရည်ရွယ်ချက်ဟာ တားမြစ်ဟန့်တားဖို့ပါပဲ။ ဒါကြောင့် ထိရောက်တဲ့ တားမြစ်ဟန့်တားမှုတခု ဖြစ်ဖို့ဆိုရင် အချက် ၃ ချက်နဲ့ ကိုက်ညီရမယ်လို့ သူကဆိုပါတယ်။ (၁) ပြင်းထန်မှု၊ (၂) မြန်ဆန်မှု၊ (၃) တိကျမှုဆိုတဲ့ သုံးချက်ရှိရမှာပဲ ဖြစ်ပါတယ်။

ပထမတချက်ဖြစ်တဲ့ ပြင်းထန်မှုဆိုတာ ပြစ်ဒဏ်ဟာ ပြစ်မှုနဲ့ ကိုက်ညီမှု ရှိရပါမယ်။ ပြစ်ဒဏ်ဟာ ပြစ်မှုနဲ့မမျှအောင် လျှော့ပေါ့ပေးလိုက်တာပဲဖြစ်ဖြစ်၊ အဆမတန် ပြင်းထန်လိုက်တာပဲဖြစ်ဖြစ် မကောင်းပါဘူးလို့ ဆိုပါတယ်။ လျှော့ပေါ့ပေးလိုက်မယ်ဆိုရင် နောက်ထပ် ပြစ်မှုကျူးလွန်တာတွေ ထပ်ဖြစ်လာနိုင်ပါတယ်။ မတရားသဖြင့် ပြင်းထန်မယ်ဆိုရင်လည်း မကောင်းတဲ့ လူမှုရေးအကျိုးဆက်တွေကိုပဲ ဖြစ်ပေါ်စေမှာလို့ သူကဆိုပါတယ်။ ဒါကြောင့် ပြစ်ဒဏ်တခုကို ချမှတ်တဲ့နေရာမှာ နောင်အနာဂတ်မှာ ထပ်မကျူးလွန်မိဖို့ဆိုတဲ့အပေါ် အဓိကရည်ရွယ်ပြီး တင်းကျပ်တိကျစွာ ချမှတ်ဖို့လိုပါတယ်။ ထိုနည်းတူ လူ့ဂုဏ်သိက္ခာနဲ့ တရားမျှတမှုကို မချိုးဖောက်မိစေဖို့ အလွန်အမင်း မပြင်းထန်ဖို့လည်း လိုပါတယ်။

ဘက်ကာရီရာရဲ့ ဒုတိယသတ်မှတ်ချက်ဟာ ကျနော်တို့ ကြားဖူးနေတဲ့ မြန်မြန်တရားစီရင်ရေး ဆိုတာနဲ့ နီးစပ်ပါတယ်။ ပြစ်ဒဏ်ကို ပြစ်မှုကျူးလွန်ပြီးနောက်မှာ မြန်မြန်ချမှတ်နိုင်ဖို့ လိုအပ်ပါတယ်။ ဒီလို မြန်မြန်ချမှတ်နိုင်လေလေ အနာဂတ်မှာ ပြစ်မှုဖြစ်ပွားတာတွေကို  ဟန့်တားရာမှာ ပိုပြီး ထိရောက်လေလေဖြစ်မှာလို့ သူကယုံကြည်ပါတယ်။ ဆိုပါတော့ ... လူတယောက်ဟာ လူသတ်မှုကျူးလွန်ထားပေမဲ့ နှစ်အတန်ကြာတဲ့အထိ သူ့ကို ပြစ်ဒဏ်ချမှတ်ခံရတာမျိုး မရှိဘူးဆိုရင် အဲဒီလူသတ်သမားဟာ သူလုပ်ခဲ့တဲ့ လုပ်ရပ်တွေကိုလည်း မမှတ်မိတော့ပါဘူး။ ပြစ်ဒဏ်တို့ ဥပဒေတို့ ဆိုတာကိုလည်း မထီမဲ့မြင် ပြုသွားပါလိမ့်မယ်။ တကယ်လို့သာ သူ့လုပ်ရပ်အတွက် ပြစ်ဒဏ်ကို လျင်လျင်မြန်မြန် ချမှတ်ခံရမယ်ဆိုရင် သူကိုယ်တိုင်လည်း သူ့ပြုလုပ်မှုရဲ့ အကျိုးဆက်ကို နားလည်သဘောပေါက်ပြီး နောင်အနာဂတ်မှာ ပြစ်မှုကျူးလွန်ဖို့ နည်းသွားမယ်လို့ ဆိုလိုပါတယ်။ ဒါ့အပြင် အခုလို လျင်မြန်တဲ့ ပြစ်ဒဏ်တွေကို ချမှတ်တာကြောင့်  ပြည်သူတွေအနေနဲ့ တရားစီရင်ရေးစနစ်အပေါ် ယုံကြည်မှုတွေရှိလာမယ်လို့ ဆိုလိုပါတယ်။ နှောင့်နှေးကြန့်ကြာတဲ့ စစ်ဆေးစီရင်မှုတွေကို ပြည်သူတွေက အယုံအကြည်မရှိကြပါဘူး။

တိကျတဲ့ ပြစ်ဒဏ်ပေးမှုကတော့ အထိရောက်ဆုံး အဟန့်အတားဖြစ်တယ်လို့ ဘက်ကာရီရာက ရှုမြင်ပါတယ်။ လူတွေဟာ သူတို့ကျူးလွန်ခဲ့တဲ့ လုပ်ရပ်တွေကြောင့် ဖမ်းဆီး၊ ပြစ်ဒဏ်ပေးခံရနိုင်ခြေ မြင့်မားတယ်ဆိုတာ သိကြမယ်ဆိုရင် အဲလို ပြစ်မှုမြောက်တဲ့ အပြုအမူတွေကို ရှောင်ကြဥ်ကြမှာဖြစ်ပါတယ်။ အကြောင်းကတော့ လူဆိုတာ ဆင်ခြင်ဉာဏ်ရှိလို့ပါပဲ။ ဘက်ကာရီရာ အနေနဲ့ ပြစ်ဒဏ်ကို တိကျစွာချမှတ်ခြင်းဟာ ပြင်းထန်တဲ့ ပြစ်ဒဏ်တွေထက် ပိုပြီးထိရောက်တယ်လို့  မြင်ပါတယ်။ ပြစ်ဒဏ်တခုဟာ မပြင်းထန်ရင်တောင် တိကျသေချာမယ်ဆိုရင် တခါတရံမှ ချမှတ်တဲ့ ပြင်းထန်ပြစ်ဒဏ်မျိုးထက်ပိုပြီး ထိရောက်တယ်လို့ သူကဆိုပါတယ်။

နောက်ဆုံးအနေနဲ့ကတော့ ဘက်ကာရီရာဟာ သေဒဏ်ပေးတာကို အပြင်းအထန် ဆန့်ကျင်ခဲ့တဲ့ အချက်ပါပဲ။ ဘက်ကာရီရာရဲ့အမြင်မှာ သေဒဏ်ဆိုတာ လက်တွေ့အသုံးမဝင်၊ မတရား၊ မလိုအပ်တဲ့ ပြစ်ဒဏ်ဖြစ်ပါတယ်။ သေဒဏ်ပေးခြင်းကို ကန့်ကွက်ရတာကလည်း အဓိကအကြောင်း ၂ ခု သူ့မှာရှိပါတယ်။ ပထမတခုက အခုလို သေဒဏ်ပေးပြီး ရက်ရက်စက်စက် လုပ်လိုက်တာဟာ ပြစ်မှုတွေ ထပ်မကျူးလွန်အောင်လုပ်တာ မဟုတ်ပါဘူး။ အဲဒီအစား ထောင်ထဲမှာ နှစ်ရှည်လများ ထားတာကမှ ပိုပြီးထိရောက်တယ်လို့ ဆိုပါတယ်။ နောက်တချက်ကတော့ သေဒဏ်ဟာ တရားဝင်လူသတ်မှုလို ဖြစ်နေတယ်လို့ သူက ဆိုပါတယ်။ ဒါဟာ ပြစ်မှုကျူးလွန်သူလုပ်ရပ်နဲ့ ဘာမှမကွာဘူးလို့ ဘက်ကာရီရာက ဆိုပါတယ်။ ဒါကြောင့် သေဒဏ်ဆိုတာ လူ့အဖွဲ့အစည်းက တားမြစ်ဖို့ ကြိုးပမ်းနေတဲ့ ရက်စက်မှုကို ပြန်လည်လုပ်ဆောင်တဲ့သဘော ဖြစ်နေလို့ ဆန့်ကျင်ကြောင်း ဘက်ကာရီရာက ဆိုပါတယ်။

ဘက်ကာရီရာရဲ့ အထက်ဖော်ပြပါ အယူအဆတွေဟာ သူ့ခေတ်သူ့အခါက သိပ်ကို ရဲတင်းပြီး တော်လှန်ပြောင်းလဲတဲ့အသွင် ရှိခဲ့ပါတယ်။ ဒါပေမဲ့လည်း သူ့ရဲ့ ဥပဒေနဲ့ ပြစ်ဒဏ်ချမှတ်ရေးဆိုင်ရာ အယူအဆ ဟစ်အော်သံတွေကို ဥရောပတိုက်ရဲ့ ကျိုးကြောင်းလျော်ညီမှုမရှိတဲ့ အစဉ်အလာတွေကို ပွေ့ပိုက်ထားသူတွေက နားပိတ်ထားခဲ့ကြပါတယ်။

ဥရောပနဲ့ အမေရိကတွင် ဩဇာလွှမ်းမိုးမှု

ဘက်ကာရီရာရဲ့ On Crimes and Punishment စာအုပ်ပါ အယူအဆတွေဟာ ပရပ်ရှား၊ ရုရှား၊ ဆွီဒင်၊ ဩစတြီးယား၊ ပြင်သစ် အပါအဝင် ဥရောပတိုက်ရဲ့ နေရာတော်တော်များများမှာ ဩဇာပျံ့နှံ့ခဲ့ပါတယ်။ ထိုခေတ်က အင်္ဂလန်ရဲ့ ဥပဒေစနစ်ဟာ ဥရောပတိုက်ရဲ့ တခြားနိုင်ငံတွေထက် ပိုပြီးတိုးတက်မှုရှိခဲ့ပေမဲ့လည်း မတရားမှုတွေက ပိုပြီးများပြားနေဆဲ ဖြစ်ပါတယ်။ တကယ်လည်း ဘက်ကာရီရာရဲ့ အယူအဆတွေဟာ အင်္ဂလိပ် လက်တွေ့အသုံးချဝါဒီနဲ့ ပြစ်ဒဏ်သိပ္ပံဗေဒ ပညာရှင် ဂျရယ်မီ ဘင်သန်အပေါ် ဩဇာလွှမ်းမိုးခဲ့ပြီး သူ့ခေတ် အင်္ဂလန်ရဲ့ ဥပဒေရေးရာ ချိုးဖောက်မှုတွေကို ဝေဖန်ရာမှာ အထောက်အကူ ရခဲ့ပါတယ်။

ဒီစာအုပ်ရဲ့ ဩဇာသက်ရောက်မှုဟာ အတ္တလန္တိတ်ကနေ မြောက်အမေရိကအထိ ပျံ့နှံ့ခဲ့ပါတယ်။ ဒီစာအုပ်ရဲ့ဝိဉာဉ်ကို အမေရိကန်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်မှာ အဓိကကျတဲ့ စာချုပ်တွေထဲမှာ ခြေရာခံတွေ့နိုင်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ လွတ်လပ်ရေးကြေညာစာတမ်း၊ နိုင်ငံသားတို့ရဲ့ ရပိုင်ခွင့်စာတမ်း စတာတွေမှာ ဖြစ်ပါတယ်။ ပြစ်ဒဏ်ကို အလွန်အကျွံပေးခြင်းနဲ့ ပတ်သက်တဲ့ ဘက်ကာရီရာရဲ့ အယူအဆကို အမေရိကန်ဖွဲ့စည်းပုံဥပဒေရဲ့ ရှစ်ကြိမ်မြောက် ပြင်ဆင်ချက်မှာ ရှာတွေ့နိုင်ပါတယ်။ အမေရိကန်နိုင်ငံကို တည်ဆောက်သူတွေဖြစ်တဲ့ သောမတ်စ်ဂျက်ဖာဆန်၊ ဂျွန်အက်ဒမ်တို့ဟာလည်း ဒီစာအုပ်ပါ အယူအဆတွေရဲ့ လွှမ်းမိုးခံရသူတွေ ဖြစ်ပါတယ်။ လွတ်လပ်ရေးကြေညာစာတမ်းမှာ ပါဝင်လက်မှတ်ရေးထိုးခဲ့တဲ့ ထင်ရှားတဲ့ သမားတော် ဘန်ဂျမင်ရက်စ်ကလည်း သေဒဏ်ရဲ့ မတရားမှုအကြောင်း အက်ဆေးရေးခဲ့ရာမှာ ဘက်ကာရီရာကို ကိုးကားခဲ့ပါတယ်။

သပြေညို

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013