DVB Logo
Home
မြန်မာသတင်း
ခြံအမှတ် ၅၄ အမှု လာမည့်ရုံးချိန်းတွင် ကြားဖြတ်အမိန့်ချမည်
DVB
·
December 5, 2024
ခြံအမှတ် ၅၄ အမှု လာမည့်ရုံးချိန်းတွင် ကြားဖြတ်အမိန့်ချမည်
Donate to DVB

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေထိုင်ခဲ့တဲ့ ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်း၊ ခြံအမှတ် ၅၄ ကို တတိယအကြိမ်လေလံတင်ရာမှာ ကြမ်းခင်းဈေးလျှော့မလျှော့ဆုံးဖြတ်ချက် လာမယ့်ရုံးချိန်းမှာ ကြားဖြတ်အမိန့်ချသွားဖို့ ရှိနေပါတယ်။ 

ကာယကံရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားမပါဘဲ ဈေးနှုန်းသတ်မှတ်ပြီး လေလံအကြိမ်ကြိမ်တင်နေတာဟာ ဥပဒေနဲ့ညီညွတ်မှုမရှိဘူးလို့ ဥပဒေကျွမ်းကျင်သူတွေက ပြောပါတယ်။

တက္ကသိုလ်ရိပ်သာလမ်း၊ ခြံအမှတ် ၅၄ နေအိမ်ကို ကြမ်းခင်းဈေး ငွေကျပ် သိန်းပေါင်း ၂ ဒသမ၉ သန်းနဲ့ တတိယအကြိမ်လေလံတင်ဖို့ တရားပြိုင် ဦးအောင်ဆန်းဦးက အဆိုတင်သွင်းထားပြီး ရှေ့နေအဖွဲ့က ကန့်ကွက်ထားတာပါ။

ကြမ်းခင်းဈေးလျှော့မယ်မလျှော့ဘူးဆိုတာကို ဒီဇင်ဘာ ၁၈ ရက်မှာ ကမာရွတ်ခရိုင်တရားရုံးက ကြားဖြတ်အမိန့်ချဖို့ တရားရုံးက ရုံးချိန်းပေးထားပါတယ်။ 

ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ရှေ့နေအဖွဲ့က ကာယကံရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားရယူဖို့ တွေ့ဆုံခွင့် အကြိမ်ကြိမ်တောင်းခဲ့ပေမဲ့ တရားရုံးက မသိကျိုးကျွံပြုတဲ့အခြေအနေနဲ့ ကြုံတွေ့နေရတယ်လို့ တရားရုံးနဲ့နီးစပ်သူတယောက်က ပြောပါတယ်။

“၁၈ ရက်နေ့ ချိန်းထားတယ်ဗျ။ ကြားဖြတ်အမိန့်ချလိမ့်မယ်။ ကြမ်းခင်းဈေးလျှော့ဖို့ လျှော့မယ်မလျှော့ဘူးပေါ့။ ၂ ဒသမ ၉ သန်းပေါ့။ ကြမ်းခင်းဈေးမလျှော့ဖို့ ပြောထားတာပေါ့။ အလားအလာကတော့ တရားသူကြီးဆုံးဖြတ်မယ့်ကိစ္စ ကြိုလည်းမသိဘူး။ ကြိုသိလည်း ပြောဖို့မသင့်ပါဘူး။ အန်တီနဲ့တွေ့ဖို့အတွက်က အဲ့ဒါက ၁၀၀ နဲ့ ၄-၅-၈ ကြိမ်လောက်ရှိပြီ မရသေးပါဘူး။ မထူးခြားသေးပါဘူး။”

ကမာရွတ်ခရိုင်တရားရုံးရဲ့ ဆောင်ရွက်ချက်တွေကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေအဖွဲ့က ကန့်ကွက်မှုတွေ အကြိမ်ကြိမ်ပြုလုပ်ခဲ့ပေမဲ့ အရာမထင်ဘဲ တတိယအကြိမ် လေလံထပ်တင်မယ့် အခြေအနေအထိ ရောက်လာတာပါ။ 

ကမာရွတ်ခရိုင်တရားရုံးကတော့ တရားပြိုင် ဦးအောင်ဆန်းဦးရဲ့ အဆိုတင်သွင်းချက်တွေကို ဆက်တိုက်လိုက်လျောနေတာဟာ တရားရုံးလုပ်ထုံးလုပ်နည်းတွေနဲ့မညီဘဲ အမှုကို တဖက်သက်စီရင်နေတာလို့ ဥပဒေရေးရာကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

ဝါရင့်ရှေ့နေ ဦးကြီးမြင့် က “ကြားဖြတ်အမိန့်ဆိုတာက နှစ်ဖက်လျှောက်လဲချက်ပေးတယ်လေ။ အောင်ဆန်းဦးဘက်က တန်ဖိုးလျှော့ဖို့လို့ပြောတယ်၊ ဒေါ်အောင်ဆန်းစုကြည်ဘက်က လျှော့စရာမလိုဘူးလို့ ပြောတယ်။ နှစ်ဖက်လျှောက်လဲချက်ကိုကြားနာပြီး လာမယ့်ရုံးချိန်းမှာ လျှော့မယ်မလျှော့ဘူးဆိုတာ အမိန့်ချမယ်။ သေချာနေတာကတော့ လျှော့မှာပဲ လေလံဆွဲမယ့်လူမှ မရှိတာ။ အဲ့ဒီတော့ တရားရုံးထုံးစံကတော့ ဆွဲမယ့်လူမရှိရင် ထပ်လျှော့တာပဲ။ မကျေနပ်ရင် ဒေါ်အောင်ဆန်းစုကြည်ဘက်က ရှေ့နေက တိုင်းတရားရုံးကိုတက်ပေါ့ ဒါပဲရှိတယ်။ မူလအမှုကြီးကို လိုက်ထားတဲ့ရှေ့နေက ဇာရီအမှုမှာ ဆက်လိုက်ခွင့်ရှိတယ်။ ဒေါ်အောင်ဆန်းစုကြည်က ပါဝါထပ်ပေးစရာမလိုဘူး။ သို့သော် ဘယ်လိုဈေးနှုန်းသတ်မှတ်ကြမလဲဆိုတာတွေနဲ့ ပတ်သက်တဲ့ဟာကြတော့ ဒေါ်အောင်ဆန်းစုကြည် သဘောထားမပါဘဲနဲ့ ရှေ့နေက သူ့ပစ္စည်းမှမဟုတ်တာဘဲ သူဘယ်သတ်မှတ်လို့ရမလဲ။ သူက လျှော့လိုက်တင်းလိုက်တွေ သူ့မှာလုပ်ပိုင်ခွင့်မရှိဘူး။ ရှေ့နေကလည်း သူတတ်သမျှ မှတ်သမျှကို အမှုကြာပြီးရောဆိုပြီးတော့ လုပ်နေရတာ၊ ကိုယ့်အမှုသည်ရဲ့ အကျိုးအတွက်လုပ်ပေးနေရတာပဲ” လို့ ပြောပါတယ်။

ခြံအမှတ် ၅၄ကို ကမာရွတ်ခရိုင်တရားရုံးက မတ်လ ၂၀ ရက်နေ့မှာ ကြမ်းခင်းဈေး ငွေကျပ်သိန်းပေါင်း ၃ သန်း ၁ သိန်း ၅ သောင်းနဲ့လေလံတင်ခဲ့ပြီး ဩဂုတ် ၁၅ ရက်နေ့မှာ ကြမ်းခင်းဈေး ငွေကျပ်သိန်းပေါင်း ၃ သန်းအတိနဲ့ ဒုတိယအကြိမ်လေလံတင်ခဲ့တာပါ။ 

ခြံအမှတ် ၅၄ ဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ဇနီး ဒေါ်ခင်ကြည်နာမည်နဲ့ အမည်ပေါက်ဖြစ်ပြီး ၁ ဒသမ ၉၂၃ ဧက ကျယ်ဝန်းပါတယ်။

အရင်စစ်အစိုးရလက်ထက်က အဲ့ဒီအိမ်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ်အဖြစ် ၁၅ နှစ်ဝန်းကျင်နေထိုင်ခဲ့ရတာပါ။

ခြံအမှတ် ၅၄ ကို ကိုအမျိုးသားအဆင့်ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ၂၀၂၂ စက်တင်ဘာ ၂ ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက လက်မှတ်ရေးထိုးကြေညာထားပြီး ရောင်းချ၊ ဝယ်ယူ၊ ပြင်ဆင်ဖို့ ကြိုးစားသူအားလုံးကို ထိထိရောက်ရောက်အရေးယူမယ်လို့ သတိပေးထားပါတယ်။

 သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013