DVB Logo
Home
နိုင်ငံတကာ
ဥရောပတွင် တွေ့ရသည့် သံသယဖြစ်ဖွယ် ဖြစ်ရပ်ပေါင်း ၁၀၀ ခန့် ရုရှားနှင့် ဆက်နွှယ်နေ
DVB
·
December 5, 2024
ဥရောပတွင် တွေ့ရသည့် သံသယဖြစ်ဖွယ် ဖြစ်ရပ်ပေါင်း ၁၀၀ ခန့် ရုရှားနှင့် ဆက်နွှယ်နေ
Donate to DVB

အခုနှစ်အတွင်း ဥရောပမှာ သံသယဖြစ်ဖွယ် ဖြစ်ရပ်ပေါင်း ၁၀၀ လောက်ဟာ ရုရှားနိုင်ငံနဲ့ သက်ဆိုင်နေနိုင်တယ်လို့ ချက်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ယံလီပါ့ဗ်စကီးက ဒီဇင်ဘာ ၄ ရက် ဘရပ်ဆဲလ်မှာ နေတိုးအဖွဲ့၀င်တွေနဲ့ တွေ့ဆုံကြမယ့် အစည်းအဝေးကို ရောက်လာချိန်မှာ  သတင်းထောက်တွေကို ပြောပါတယ်။

လီပါ့ဗ်စကီးက “ဒီနှစ် ဥရောပမှာ သံသယဖြစ်စရာ ဖြစ်ရပ်ပေါင်း ၅၀၀ လောက် ရှိခဲ့ပြီး အဲဒီထဲကမှ ဖြစ်ရပ် ၁၀၀ လောက်ဟာ ရုရှားပေါင်းစပ်တိုက်ခိုက်မှုတွေ၊ သူလျှိုလုပ်မှု၊ သြဇာလွှမ်းမိုးမှု စစ်ဆင်ရေးတွေကြောင့် ဖြစ်နိုင်တယ်။ ဒါကို သည်းခံနေတော့မှာ မဟုတ်ဘူးလို့ မော်စကို ကို ခိုင်ခိုင်မာမာ အသိပေးဖို့ လိုပါတယ်”လို့ ပြောပါတယ်။

ပြီးတော့ အဲဒီတိုက်ခိုက်မှုတွေရဲ့ အကြိမ်ရေမှာလည်း အုံကြွမှုတွေ တွေ့နေရတာကြောင့် အရမ်းအန္တရာယ်ရှိတယ်လို့လည်း ဆိုပါတယ်။

အဲဒီမှာပဲ နေတိုးအတွင်းရေးမှူးချုပ် မတ်ခ်ရူတေ ကလည်း ရုရှားသမ္မတ ဗလာဒီမီယာပူတင်က သူ့အတွက် တိုက်ပွဲဝင်ပေးဖို့ မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေကို ခေါ်ယူပြီး ယူကရိန်းမြေကို သူ့ရဲ့ စမ်းသပ်တီထွင်ထားတဲ့ ဒုံးကျည်တွေ ပစ်လွှတ်ဖို့အတွက် စမ်းသပ်မြေအဖြစ် အသုံးပြုနေတယ် လို့လည်း ပြောကြားခဲ့ပါတယ်။

နေတိုးအဖွဲ့ဝင်တွေဟာ ရုရှားရဲ့ တိုက်ခိုက်မှုတွေကို တိုက်ဖျက်ဖို့ ယူကရိန်းနိုင်ငံရဲ့ အခြေခံအဆောက်အအုံတွေကို ကာကွယ်ဖို့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ ပေးအပ်ရေးက ဦးစားပေးဖြစ်တယ်ဆိုတာ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးနဲ့ အင်္ဂါနေ့ညနေပိုင်းက တွေ့ဆုံရာမှာ သဘောတူခဲ့တယ်လို့ နေတိုးအတွင်းရေးမှူးချုပ် မတ်ခ်ရူတေကပြောလိုက်ပါတယ်။

အထူးသဖြင့် ယူကရိန်းရဲ့ အခြေခံအဆောက်အအုံဆိုင်ရာ အကူအညီကို ဦးစားပေးလုပ်ဆောင်ဖို့ မနေ့ညက စားပွဲဝိုင်းမှာ ရှင်းလင်းပြတ်သားတဲ့ သဘောတူညီချက်တခုရခဲ့တယ်လို့ ရူတေက သတင်းထောက်တွေကို ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

မဟာမိတ်တွေဟာ ယူကရိန်းကို ထောက်ပံ့နိုင်သမျှ ထောက်ပံ့မယ်ဆိုတာ သေချာစေဖို့အတွက် လာမယ့်ရက်နဲ့ သီတင်းပတ်တွေမှာ မဟာမိတ်တွေက လိုက်လာမယ်လို့ ယုံကြည်ပါတယ်လို့ ဆိုပါတယ်။

ရုရှားနိုင်ငံက ညလုံးပေါက် တိုက်ခိုက်ဖို့ ယူကရိန်းဆီ ဒရုန်းအစင်း ၅၀ လွှတ်တင်ခဲ့တယ်လို့ ယူကရိန်းလေတပ်က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

ယူကရိန်းက ရုရှားဒရုန်း ၂၉ စင်းကို ပစ်ချခဲ့ပြီး အီလက်ထရွန်းနစ် ပြဿနာတက်ခဲ့ပုံရတဲ့ ၁၈ စင်း ကတော့ ပျောက်ဆုံးသွားခဲ့ကာ ဒရုန်းတစီးကတော့ ရုရှား သိမ်းပိုက်ထားတဲ့ နယ်မြေတွေဆီ ဦးတည်ပျံသွားခဲ့တယ်လို့ ယူကရိန်း လေတပ်က ပြောပါတယ်။

တချိန်တည်းမှာ ဒေါ်နယ်ထရမ့်ပ်ရဲ့ အကြံပေးပုဂ္ဂိုလ်တွေက မကြာမီ ကာလအတွင်း ယူကရိန်း စစ်ပွဲကို အဆုံးသတ်ဖို့ လူသိရှင်ကြားနဲ့ လျှို့ဝှက်မှုရှိရှိ အဆိုပြုချက်တွေကို မျှော်လင့်နေကြတယ်လို့ အမေရိကန် ရွေးကောက်ခံသမ္မတနဲ့ နီးစပ်သူအများအပြားကို တွေ့ဆုံမေးမြန်းခဲ့တဲ့ ရိုက်တာသတင်းဌာနက ထုတ်လွှင့်ပါတယ်။

ထရမ့်ပ်ရဲ့ ရုရှား-ယူကရိန်းသံတမန် ဖြစ်လာမယ့် အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ကိသ်ကဲလော့ဂ် အပါအဝင် အဓိကအကြံပေး ၃ ယောက်ရဲ့ အဆိုပြုချက်ထဲမှာ ယူကရိန်းကို နေတိုးအဖွဲ့ထဲ ဝင်ခွင့်ပြုရေးကို ဖယ်ထုတ်တာ အပါအဝင် အချက်တချို့ကို မျှဝေခဲ့ ပါတယ်။

ရုရှားသမ္မတ ဗလာဒီမာပူတင်က ငြင်းခဲ့ရင် ယူကရိန်းကို အထောက်အပံ့တွေ ပိုပေးရေးနဲ့ ယူကရိန်းက ငြင်းခဲ့ရင်  စစ်ရေးအကူအညီတွေ ရပ်ဆိုင်းခြင်းအပါအဝင် ဆုပေးဒဏ်ပေးစနစ်နဲ့ စေ့စပ်ဆွေးနွေးရေးကို တွန်းအားပေးဖို့ ကြိုးစားမှာလည်း ဖြစ်ပါတယ်။

ရုရှားနဲ့ တရုတ်နိုင်ငံတို့ရဲ့ မဟာမိတ်တွေအပေါ် ရန်လိုတဲ့ လုပ်ရပ်တွေကို နေတိုးက ရင်ဆိုင်ရာမှာ အရေးကြီးတဲ့ အခြေခံအဆောက်အအုံတွေ ကာကွယ်ရေးကို မြှင့်တင်ပေးမယ်လို့ နေတိုးအကြီးအကဲက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ရုရှားနဲ့ တရုတ်တို့ဟာ ဖောက်ခွဲဖျက်ဆီးမှု၊ ဆိုက်ဘာတိုက်ခိုက်မှု၊ သတင်းအမှားတွေနဲ့ စွမ်းအင်သုံး ခြိမ်းခြောက်ပြောဆိုမှုတွေနဲ့ နေတိုးနိုင်ငံတွေကို မတည်မငြိမ်ဖြစ်အောင် ကြိုးစားခဲ့တယ်လို့  ရူတေက သတင်းထောက်တွေကို ပြောပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013