
ရန်ကုန်တိုင်း လှော်ကားလမ်းဆုံမှာရှိတဲ့ အမှတ် ၁၀၆ ခြေမြန်တပ်ရင်းရဲ့ ဂိတ်ကင်းတဲကို ဒီဇင်ဘာလ ၃ ရက် ည ၇ နာရီခွဲလောက်က ၉၇ ဗုံးပစ်လောင်ချာ ၂ လုံးနဲ့ပစ်ခတ်ခဲ့တယ်လို့ Rangoon Urban Column ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့ကနေ သိရပါတယ်။
ဂိတ်ကင်း ပစ်ခတ်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံး တာတွေရှိနိုင်ပြီး မြို့ပြပြောက်ကျားတပ်ဖွဲ့အနေနဲ့ ဘေးလွတ်ရာပြန်လည်ရောက်ရှိခဲ့တယ်လို့ ဆိုပေမဲ့ ထိခိုက်မှု အခြေအနေကို အတည်မပြုနိုင်သေးပါဘူး။
စစ်ကောင်စီတပ်နဲ့ ပူးပေါင်းလုပ်ဆောင်တဲ့ ဌာနဆိုင်ရာတွေကိုပါ တိုက်ခိုက်သွားမယ်လို့ ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့ဖြစ်တဲ့ Rangoon Urban Column တပ်ဖွဲ့က ဆိုပါတယ်။
ရန်ကုန်မြို့ပြပြောက်ကျားယူဂျီ RUC တပ်ဖွဲ့ရဲ့ တာဝန်ခံ ကိုရဲခေါင်က " စစ်ကောင်စီတပ်၊ ရဲနဲ့ သူတို့လက်အောက်ခံ ဌာနဆိုင်ရာတွေကိုပါ သတိပေးတိုက်ခိုက်တာတွေ ပြုလုပ်ပြီး အခုအခါမှာတော့ အခြေအနေပေးရင် ပေးသလို တိုက်ပွဲဝင်ဆောင်ရွက်သွားမယ်”လို့ DVB ကို ပြောပါတယ်။
ခမရ ၁၀၆ ဂိတ်ကင်းတဲ့တိုက်ခိုက်ခံရမှုအပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လမ်းဆုံလမ်းဂွတွေမှာ စစ်ဆေးရှာဖွေတာတွေ ပြုလုပ်ခဲ့တဲ့အပြင် မနက်မိုးလင်းတဲ့အထိ ကင်းပုံးဝပ်တာတွေပါ လုပ်ဆောင်နေတယ်လို့ ခရီးသွားတွေဆီက သိရပါတယ်။











