DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီ အကြမ်းဖက်မှုကြောင့် ကလေးငယ်ရာပေါင်းများစွာ သေဆုံးထိခိုက်နေ
DVB
·
December 3, 2024
စစ်ကောင်စီ အကြမ်းဖက်မှုကြောင့် ကလေးငယ်ရာပေါင်းများစွာ သေဆုံးထိခိုက်နေ
Donate to DVB

စစ်ကောင်စီက အကြမ်းဖက်လုပ်ရပ်တွေကို အရှိန်အဟုန်မြှင့် လုပ်ဆောင်နေမှုကြောင့် မရေမတွက်နိုင်တဲ့ မြန်မာကလေးငယ်တွေဟာ စိတ်ကူးကြည့်လို့တောင် မရနိုင်တဲ့ ဆင်းရဲဒုက္ခမျိုးစုံနဲ့ ဆက်လက်ရင်ဆိုင်နေကြရပြီး မိဘမဲ့ဘဝ၊ မသန်စွမ်းဘဝ ရောက်ကြရသလို သူတို့ရသင့်ရထိုက်တဲ့ ဘေးကင်းလုံခြုံမှု၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပညာသင်ကြားခွင့်တွေလည်း ဆုံးရှုံးနေကြရတယ်လို့ Progressive Voice ရှေ့ပြေးအသံအဖွဲ့က ဒီဇင်ဘာ ၂ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဒါဟာ စစ်ကောင်စီကြောင့် ဖြစ်တည်လာတဲ့ မြန်မာ့အကျပ်အတည်းအပေါ် နိုင်ငံတကာ အသိုက်အဝန်းရဲ့ တုံ့ပြန် ကိုင်တွယ်ဖြေရှင်းမှုတွေဟာ လုံးဝကို ထိရောက်မှုမရှိတဲ့အပြင် ပြည့်စုံလုံလောက်မှု မရှိဘူးဆိုတာ ဒီရင်နင့်ဖွယ်ဖြစ်ရပ်တွေက အထင်အရှား သက်သေခံလျက် ရှိနေပါတယ်လို့ ဆိုပါတယ်။

စစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် ပြီးခဲ့တဲ့နှစ် တနှစ်တည်းမှာပင် ကလေးငယ်ပေါင်း ၆၅၀ ကျော် သေဆုံးဒဏ်ရာ ရရှိခဲ့တယ်လို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က မကြာသေးခင်က ထုတ်ပြန်ခဲ့ပြီး ဒီအရေအတွက်ဟာ ဒေသခံအဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်ပါ အရေအတွက်နဲ့ နှိုင်းယှဉ်ရင် အတော့်ကို လျော့နည်းနေတာ တွေ့ရကြောင်း၊ စစ်ကောင်စီကြောင့် ကလေးငယ် ရာပေါင်းများစွာ သေဆုံးခဲ့ရပေမဲ့လည်း အခုလို သေဆုံးရခြင်းရဲ့ အဓိက လက်သည်တရားခံဟာ စစ်ကောင်စီဆိုတာကို UNICEF အနေနဲ့ ထုတ်ဖော်ပြောဆိုဖို့ အခုချိန်ထိ ပျက်ကွက်နေဆဲဖြစ်ကြောင်း၊ စစ်ကောင်စီဟာ ပြည်သူတွေရဲ့ နေအိမ်တွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ ရွှေ့ပြောင်းဒုက္ခသည်စခန်းတွေနဲ့ ဘာသာရေး အဆောက်အအုံတွေကို ပစ်မှတ်ထားပြီး မြေမြှုပ်မိုင်းတွေ၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်မှု အပါအဝင် လေကြောင်းတိုက်ခိုက်မှုတွေကို တိုးမြှင့်လုပ်ဆောင်လာခဲ့တာကြောင့်  ကလေးငယ်ပေါင်းများစွာ ထိခိုက်သေဆုံးခဲ့ကာ အခုအခါမှာ ကလေးငယ်တွေဟာ ပြေးစရာ မြေမရှိ ဆိုသလို ဘေးကင်းလုံခြုံရာနေရာရယ်လို့ မရှိတော့ဘဲ အကာအကွယ်မဲ့ဘဝ ရောက်နေကြရကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နိုဝင်ဘာ ၁၅ ရက်ကလည်း ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်အတွင်းက ကုန်းလော‌ကျေးရွာမှာရှိတဲ့ ခရစ်ယာန်ဘုရားကျောင်းကို စစ်ကောင်စီက လေကြောင်းကနေ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့တာကြောင့် ဘုရားကျောင်းဝင်းအတွင်း ဆော့ကစားနေတဲ့ ကလေးငယ် ၇ ယောက်ထက်မနည်း သေဆုံးခဲ့ရသလို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဧပြီ ၁၁ ရက်ကလည်း စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ပဇီကြီးကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ၄၀ အပါအဝင် ရွာသူရွာသား ၁၈၆ ‌ယောက် သေဆုံးခဲ့ရပါတယ်။

သွေးစွန်းငွေဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ အခု ၂၀၂၄ ခုနှစ်၊ ပထမ ၅ လ အတွင်းမှာပဲ စစ်ကောင်စီဟာ လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၁,၅၀၀ ဝန်းကျင်အထိ ပြုလုပ်ခဲ့ပြီး ကလေးငယ် အယောက် ၉၀ သေဆုံးခဲ့ရပါတယ်။ စစ်ကောင်စီအနေနဲ့ အရပ်သားနဲ့ စစ်ရေးပစ်မှတ်ရယ်လို့ မခွဲခြားဘဲ လေကြောင်းကနေရော မြေပြင်ကနေပါ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ အရှိန်မြှင့် လုပ်ဆောင်နေမှုဟာ တော်လှန်ရေးအဖွဲ့တွေကို ချေမှုန်းနိုင်ရုံသက်သက်မဟုတ်ဘဲ တတိုင်းပြည်လုံးကိုပါ အကြမ်းဖက်နေတယ်ဆိုတာ သိသာထင်ရှားနေတယ်လို့ ဆိုထားပါတယ်။

နိုင်ငံတကာအသိုက်အဝန်းရဲ့ တိကျပြတ်သားတဲ့ ချက်ချင်းအရေးယူ ဆောင်ရွက်မှုတွေဟာ စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေကို တားဆီးနိုင်ရေးမှာ အသက်တမျှ အရေးကြီးလှပြီး ဒေသတွင်းအဖွဲ့အစည်းတွေ ဦးဆောင်ကာ လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်နိုင်ဖို့၊ စစ်ဘေးသင့်ပြည်သူတွေရဲ့ စိတ်ဒဏ်ရာတွေကို ကုစားပေးနိုင်ဖို့နဲ့ မြန်မာမျိုးဆက်သစ် ကလေးငယ်တွေအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို ပုံဖော်နိုင်ဖို့အတွက် အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် Save the Children နဲ့ UNICEF တို့လို ကုလသမဂ္ဂအေဂျင်စီတွေနဲ့ အစိုးရမဟုတ်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ စစ်ကောင်စီရဲ့ အကြမ်းဖက်မှု အန္တရာယ်အောက်မှာ ကျရောက်နေတဲ့ ကလေးငယ်တွေကို ကာကွယ်စောင့်ရှောက်သွားဖို့နဲ့ သူတို့ရဲ့ အသက်ရှင်သန်ခွင့်၊ အစားအစာ၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပညာသင်ကြားခွင့်တွေကို အကာအကွယ်ပေးသွားဖို့ အလွန်တရာမှ အရေးကြီးလှပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံဟာ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗန်းရှင်းမှာ လက်မှတ်ရေးထိုးထားတဲ့နိုင်ငံ ဖြစ်တဲ့အတွက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကော်မတီဟာ မြန်မာနိုင်ငံမှာ ကလေးငယ်တွေအပေါ် စစ်ကောင်စီရဲ့ အကြမ်းဖက်နေမှုတွေကို ကိုင်တွယ်ဖြေရှင်းပေးသွားရမှာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ ကွန်ဗန်းရှင်းရဲ့ ကလေးငယ်များနဲ့ လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ ၂၆၀၁ ဆုံးဖြတ်ချက်ပါအတိုင်း လိုက်နာဆောင်ရွက်သွားဖို့နဲ့ အကြမ်းဖက်မှု ကျူးလွန်ခံရသူတွေအတွက် စစ်လျော်ကြေးနဲ့ တရားမျှတမှု ရရှိရေးအတွက် မြန်မာ့အခြေအနေကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) ကို လွှဲပြောင်းပေးဖို့ ကော်မတီအနေနဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တောင်းဆိုသွားရမှာဖြစ်ပြီး အခုအချိန်မှာ လက်တွေ့အကောင်အထည်ဖော်သွားဖို့ အချိန်တန်ပြီလို့ Progressive Voice ရဲ့ ထုတ်ပြန်ချက်မှာ တိုက်တွန်း ပြောကြားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013