DVB Logo
Home
မြန်မာသတင်း
ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းတွင် လူ့အခွင့်အရေးချိုးဖောက်ခံနေရ
DVB
·
December 3, 2024
ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းတွင် လူ့အခွင့်အရေးချိုးဖောက်ခံနေရ
Donate to DVB

မြန်မာနိုင်ငံတဝန်း လူငယ်ထိန်းသိမ်းရေးစခန်းတွေမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အသက် မပြည့်သေးတဲ့ ကလေးငယ်တွေ၊ အမျိုးသမီးငယ်တွေဟာ လူ့အခွင့်အရေး ချိုးဖောက်ခံ နေရတယ်လို့ နိုင်ငံရေးအကျဉ်းသားအရေး စောင့်ကြည့်နေသူတွေက ပြောပါတယ်။

မြန်မာနိုင်ငံတဝန်း လူငယ်ထိန်းသိမ်းရေးကျောင်းတွေမှာ နိုင်ငံရေးပုဒ်မနဲ့ ရောက်ရှိလာတဲ့ ကလေးငယ်တွေကို ရိုက်နှက်တာတွေ၊ ခွဲခြားဆက်ဆံတာနဲ့ အမျိုးသမီးငယ်တွေအပေါ်မှာလည်း လူ့အခွင့်အရေး ချိုးဖောက်တာတွေကို ဆိုးဆိုးဝါးဝါး ပြုလုပ်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ဦးဆောင်ကော်မတီဝင် ဦးသိုက်ထွန်းဦး ကပြောပါတယ်။

စစ်တပ်က နိုင်ငံရေးနဲ့ ပတ်သတ်ရင် အသက်အရွယ်မရွေးဖမ်းဆီးနေတာဟာ ကလေးသူငယ်တွေကအစ နိုင်ငံရေးနဲ့ မပတ်သတ်ရဲအောင် ရှေ့ဆောင်လမ်းပြအနေနဲ့ ပြုလုပ်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

ဦးသိုက်ထွန်းဦးက “လူငယ်ထိန်းသိမ်းရေးကျောင်းမှာလည်း နိုင်ငံရေးပုဒ်မနဲ့ ရောက်ရှိလာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ဒါအမျိုးသမီး‌တွေဆိုရင်လည်း အမျိုးသမီးတွေရဲ့အရှက်သိက္ခာကို ထိခိုက်စေတဲ့ CCTV တပ်တာတွေ၊ အမျိုးသမီးတွေကို ရှာဖွေတဲ့အခါမှာ လိင်အင်္ဂါတွေကို ရှာဖွေတာမျိုးတွေ ပြုလုပ်တာတွေရှိပါတယ်။ ဝန်ထမ်းတွေကိုယ်တိုင်က ဒီ‌ကလေးတွေကို ရိုက်နှက်တာမျိုးတွေ ကလေးတွေထဲမှာမှ နိုင်ငံရေးပုဒ်မနဲ့ရောက်လာတဲ့ ကလေးငယ်တွေကို ခွဲခြားဆက်ဆံတာမျိုးတွေ ဒါတွေကတော့ ရန်ကုန်တိုင်းမှာ ပိုပြီးတော့ အဆိုးဝါးဆိုး ပြုလုပ်လျက်ရှိပါတယ်”လို့ ပြောပါတယ်။

အဓိကအားဖြင့် ကလေးသူငယ် ထိန်းသိမ်းရေးကျောင်းတွေဖြစ်တဲ့ သန်လျင်၊ ငှက်အော်စန်း၊ ကော့မှူးလူငယ် ထိန်းသိမ်းရေးစခန်းတွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ၂၀၂၄ ခုနှစ်ထဲမှာ တွင်တွင်ကျယ်ကျယ်ဖြစ်ခဲ့တယ်လို့လည်း ပြောပါတယ်။

လက်ရှိအချိန်ထိလည်း စစ်ကောင်စီက အသက်မပြည့်တဲ့ ကလေးသူငယ်တွေကို လူငယ်ထိန်းသိမ်းရေး စခန်းတွေမှာ နိုင်ငံရေးပုဒ်မတွေနဲ့ ဖမ်းဆီးထိန်းသိမ်းထားတာမျိုးတွေ ဆက်တိုက်ပြုလုပ်နေတာပါ။

ဒါတွေဟာ စစ်အာဏာရှင်စနစ်အောက်မှာနေတဲ့အတွက် အခုလိုမျိုး ကလေးငယ်တွေ ဖမ်းဆီး ထောင်ချခံရတာတွေ သတ်ဖြတ်ခံရတာတွေ ကြုံတွေ့နေရပါတယ် ဒါကိုဖြေရှင်းဖို့ဆိုရင် စစ်အာဏာရှင်ကို အပြီးသတ် တွန်းလှန်မှရမယ်လို့ ဗသကများအဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုအောင်ပြည့်စုံဖြိုးက ပြောပါတယ်။

“စစ်အာဏာရှင်စနစ်အောက်မှာ နေတာဖြစ်တဲ့အတွက် ဒီလိုမျိုးတွေ ကြုံတွေ့ရတာဖြစ်တယ်။ ဒီလိုမျိုး ဖြစ်ရပ်တွေကို ကျနော်တို့ကတော့ လက်သင့်မခံပါဘူး ဆန့်ကျင်ပါတယ်။ ဒါကိုဖြေရှင်းမယ်ဆိုရင်တော့ ကျနော်တို့ စစ်အာဏာရှင်စနစ်ကို အပြီးသတ်တွန်းလှန်ပြီးမှသာ ဒီလိုကိစ္စရပ်တွေကို ချုပ်ငြိမ်းအောင် လုပ်လို့ရမယ်။”

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ ရက်ကလည်း ၉ တန်း ကျောင်းသား မောင်ဖြိုးမြတ်အောင်ကို စစ်ခေါင်းဆောင်ရဲ့ မြန်မာနိုင်ငံအလံပါ ဓာတ်ပုံကို ဖိနပ်အောက်မှာ ကပ်ထားတဲ့ ဗီဒီယိုနဲ့ ဆဲဆိုနေတဲ့ စကားသံတွေကို သူရဲ့ TikTok အကောင့်မှာ တင်ထားတဲ့အတွက် အရပ်ဝတ် ဝတ်ဆင်ထားတဲ့ စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေက လာရောက်ဖမ်းဆီးသွားခဲ့ပါတယ်။

သူ့ကို လက်ရှိမှာ ငှက်အော်စမ်းလူငယ်ထိန်းသိမ်းရေးစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ် ချန်‌နယ်တွေမှာ ပြောဆိုထားပေမဲ့ DVB အနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး ၃ နှစ်ကျော်ကာလအတွင်း အသက်မပြည့်သေးတဲ့ ကလေးသူငယ် ဖမ်းဆီးခံရသူ စုစုပေါင်း ၅၈၀ ယောက်အထိ ရှိလာနေတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီဇင်ဘာ ၂ ရက်က ထုတ်ပြန်ထားပါတယ်။

ကေခိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013