DVB Logo
Home
Lead Story
တံတွေးတခုတည်း ယူထားတဲ့ ဒီအန်အေက မလုံလောက်ပါဘူး- ရှေ့နေ ဦးအောင်မျိုးသန့်
DVB
·
October 16, 2014
တံတွေးတခုတည်း ယူထားတဲ့ ဒီအန်အေက မလုံလောက်ပါဘူး- ရှေ့နေ ဦးအောင်မျိုးသန့်
Donate to DVB

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင် လိပ်ကျွန်းမှာ စက်တင်ဘာ ၁၅ ရက်နေ့က ဗြိတိသျှအမျိုးသမီး ၁ ဦးနဲ့ အမျိုးသား ၁ ဦး ရက်ရက်စက်စက်သတ်ဖြတ်ခံရမှုမှာ မြန်မာနိုင်ငံသား ၂ ဦး စွပ်စွဲခံရတာနဲ့ပတ်သက်လို့ တွေ့ရှိချက်ကို မြန်မာသံရုံးက ဖွဲ့ထားတဲ့ အထူးကိုယ်စားလှယ်အဖွဲ့က သံအမတ်ထံ ဒီကနေ့ပေးပို့လိုက်ပါတယ်။

အထူးကိုယ်စားလှယ်အဖွဲ့ဝင် ရှေ့နေ ဦးအောင်မျိုးသန့်ကို ဒီဗွီဘီသတင်းထောက် ကိုအေးနိုင်က မေးမြန်းထားပါတယ်။

အထူးကိုယ်စားလှယ်အဖွဲ့ရဲ့ ဒီကနေ့နောက်ဆုံး ဆောင်ရွက်ချက်နဲ့ အမှုအခြေအနေကို ပြောပြပါ။

[caption id="attachment_68031" align="alignright" width="300"]ရှေ့နေ့ ဦးအောင်မျိုးသန့် ရှေ့နေ့ ဦးအောင်မျိုးသန့်[/caption]

“မနေ့က (၁၄) ရက်နေ့အထိ အဓိကအချက်တွေကို ကျနော်သံအမတ်ကြီးဆီ ဒီကနေ့ အစီရင်ခံစာတင် သတင်းပို့လိုက်ပါတယ်။ အမှုနဲ့ပတ်သက်တဲ့၊ သုံးသပ်လို့ရတဲ့၊ ပွင့်လင်းမြင်သာတဲ့ အချက်ကလေး ၃ ခုကို တင်ပြလိုက်ပါတယ်။ အဲဒါက ဘာတွေလဲဆိုတော့ ၁ အချက်က စူရတ်ဌာနီမှာ အဖမ်းခံရတဲ့ ၀င်းဇော်ထွန်းကိစ္စ။ ၀င်းဇော်ထွန်းဟာ ကျနော် စပြောခဲ့သလိုပါပဲ။ အဖမ်းခံရတယ်၊ ၀န်ခံတယ်ဆိုကတည်းက ကျနော် ကန့်ကွက်ပါတယ်။ ကန့်ကွက်ပြီးတဲ့နောက်ပိုင်းမှာပဲ ကန့်ကွက်တာကလည်း အသပြာနဲ့ အာဏာတခုခုကြောင့် ရဲစခန်းထဲမှာ ၀န်ခံတာဖြစ်မယ်လို့ ကန့်ကွက်ထားတာ။

“အဲဒီအချက်ဟာ ဘယ်မှာ သွားခိုင်လုံသလဲဆိုတော့ ကျနော်တို့ ၆ ရက်၊ ၁၀ လ၊ ၂၀၁၄ ခုနှစ် ကော့စမွီ အကျဉ်းဦးစီးဌာနမှာ စွပ်စွဲခံရသူနဲ့ သွားတွေ့တဲ့အခါ ရိုက်ကြ၊ နှက်ကြ၊ ထုကြတယ်ဆိုတဲ့အကြောင်းတွေကို သူတို့ကပြောတာနဲ့ဆိုရင် သွားပြီးတော့ တထပ်တည်းကျတယ်။ ပထမတော့ ၀န်မခံဘူး၊ နောက် အဲလိုကြောင့်မို့ ၀န်ခံရတယ်ဆိုတဲ့ စကားတချက်ပါတယ်။ နောက် ဒုတိယတချက်က ခိုတောင်ကျွန်းမှာ ကျနော်တို့ သံရုံးအဖွဲ့ဆင်းသွားတဲ့အခါမှာ အမှုစစ်ကိုင်တဲ့ ရဲကို ကျနော်ကိုယ်တိုင်မေးပါတယ်။ ဒီအန်အေ ဘာတွေ ယူသလဲလို့ ကျနော် မေးတဲ့အခါမှာ သူက ဒီအန်အေး ကို တွံတွေးကိုယူတယ်လို့ သူက ပြောတယ်။ ကျနော်က ထပ်မေးတယ်၊ တံတွေးတခုတည်းယူတာလားလို့ ပြောတော့ ဟုတ်ပါတယ်တဲ့။ အဲလိုဆိုရင်တော့ ကျနော်က ဒီတိုင်းပဲထားပြီးတော့၊ သို့သော် အခုချိန်မှာ ပြန်ပြီးတော့ စဉ်းစားတော့ ဒီလို တွံတွေးတခုတည်းဟာ ဒီအန်အေ အနေနဲ့ ခိုင်လုံတဲ့ အထောက်အထားမဟုတ်ပါဘူး။ ဒါကတော့ သူတို့ ဆေးပညာဆိုင်ရာ မှုခင်းဆရာဝန်တွေ နားလည်ပါတယ်။ အဲဒီတော့ ဒီအချက်ကလည်း သဘောကတော့ ဆေးပညာအရ သံသယဖြစ်စရာအကြောင်းဖြစ်ပါတယ်။

“နောက်ဆုံးတွေ့ရှိချက်ကို ပြောရမယ်ဆိုရင် မနေ့က သက်သေထဲမှာစစ်တဲ့ မောင်မောင်ဟာ အခု စွပ်စွဲခံရတဲ့ ကလေး ၂ ယောက်လိုပါပဲ။ ၀င်းဇော်ထွန်းတို့၊ ဇော်လင်းတို့လိုပဲ။ သူတို့ကလည်း နိုင်ငံတွင်းကို တရားမ၀င် ၀င်ရောက်လာတဲ့ လ၀က ဥပဒေကို ကျူးလွန်တဲ့သူတွေ ဖြစ်နေပါတယ်။ မြန်မာပြည်ဥပဒေအရဆိုရင် လ၀က ဥပဒေ ၁၃ (၁) ပါ။ အဲဒီလို ကျူးလွန်နေတဲ့ အနေအထားရှိပေမယ့် အခု နှစ်ယောက် ၀င်းဇော်ထွန်းနဲ့ ဇော်လင်းတော့ တရားရုံးမှာ တင်တဲ့အမှုထဲမှာ နိုင်ငံတွင်းကို တရားမ၀င် ၀င်ရောက်လာမှု ထည့်စွဲထားပါတယ်။ ဒါပေမယ့် မနေ့က လွှတ်ပေးတဲ့ မောင်မောင်ကျတော့ ဒီလိုအမှုစွဲဆိုခြင်းမရှိဘဲနဲ့ စစ်ဆေးပြီးတဲ့အချိန်မှာ သက်သေကို လွှတ်ပေးလိုက်ပါတယ်။ ဒါကလည်း အောက်တိုဘာ ၈ ရက်နေ့ မောင်မောင်နဲ့တွေ့တဲ့အခါ မောင်မောင့်ကို ရဲတွေနဲ့ ဘာသာပြန်နဲ့ လာတွေ့တဲ့အခါ ကျနော်ကပြောတယ် ဘာသာပြန်ကို၊ ‘မင်း ရဲကို ပြောပြပါ၊ တရားလိုပြသက်သေကို ဘာဖြစ်လို့ ရဲရဲ့ ထိန်းသိမ်းမှုအောက်မှာ ထားသလဲ။ ဒါဟာ ဥပဒေနဲ့တော့ မညီညွတ်ဘူးလို့ ငါထင်တယ်’ လို့ ကမာဆိုတဲ့ ဘာသာပြန်ကို ကျနော်ကပြောခဲ့ပါတယ်။ သူတို့ပြောတဲ့အနေအထားကတော့ လွှတ်လိုက်လို့ရှိရင် ဒီပြင်လူတွေ ဖျက်ဆီးမှာ စိုးလို့ဆိုပြီးတော့ အဲဒီလိုပဲ ပြောပါတယ်။  ဒါပေမယ့် ၁၄ ရက်လောက် အဲဒီလိုပဲနေပြီးတော့ တရားရုံးမှာ ၁၄ ရက်နေ့ ဆယ်လကနေ့က စစ်လည်း စစ်ပြီးရော လွှတ်ပေးလိုက်ပါတယ်။

“တကယ်တော့ ဥပဒေအရ ပြောမယ်ဆိုရင် သူ့ကိုလည်း နိုင်ငံတွင်းကို တရားမ၀င် ၀င်ရောက်မှုနဲ့ တရားစွဲရမှာပါ။ ထောင်လည်း ၃ လ ချလို့ရတဲ့အမှုပါ။ ဒါပေမယ့် ဒီလို တရားမ၀င်လာတဲ့ မောင်မောင့်ကျတော့ ဒီဥပဒေနဲ့ မစွဲပဲနဲ့ တရားရုံးမှာ စွပ်စွဲခံရတဲ့ နှစ်ယောက်ကျတော့ ဒီဥပဒေပါ ထည့်စွဲတာက တရားဥပဒေအရ လွဲမှားနေတဲ့အချက်ပါ။ အဲဒီတော့ ဒီအချက်တွေ ပေါင်းပြီးတော့ သုံးသပ်ကြည့်မယ်ဆိုရင် သူတို့ အမှုတွဲအနေနဲ့  တရားရုံးမှာ စွပ်စွဲခံရသူတွေကို တင်ထားတာဟာ ဒီလောက် ပြစ်ဒဏ်ကြီးတဲ့ အမှုကြီးတခုကို ပေါ့ပေါ့တန်တန်လုပ်ပြီးတော့ တင်တယ်၊ သံသယဖြစ်စရာတွေနဲ့တင်တယ်လို့ပဲ ကျနော်ထင်တယ်။ ဒါကြောင့်မို့လို့ ဒီသံသယအကျိုးဟာ တရားခံပဲခံစားရမှာမို့လို့ ဒီအမှုနဲ့ပတ်သက်လို့ တရားခံတွေဟာ အပြစ်ကင်းစင်တယ်လို့ပဲ ဒီကနေ့အထိ ယူဆတယ်လို့ပဲ ကျနော်က သံအမတ်ကြီးဆီ သတင်းပို့ထားပါတယ်ခင်ဗျ။”

ကနဦးပိုင်း ရဲတွေရဲ့ ရှင်းလင်းပွဲတွေမှာ ဟန်နာ (သေဆုံးသူအမျိုးသမီး) ရဲ့ ခန္ဓကိုယ်မှာတွေ့တဲ့ ဒီအန်အေ နဲ့ ဒီလူနှစ်ယောက် (စွပ်စွဲခံရသူနှစ်ယောက်) ရဲ့ ခန္ဓာကိုယ်မှာတွေ့တဲ့ ဒီအန်အေ တူနေတယ်ဆိုပြီးတော့ ပြောပါတယ်။ အဲဒီတော့ အခု အမှုတွဲကို ဦးအောင်မျိုးသန့်တို့ လေ့လာတဲ့အခါမှာ စီးကရက်ရဲ့ ဖင်စီခံကနေ တွေ့တဲ့ ဒီအန်အေ လား၊ ဟန်နာရဲ့ ခန္ဓာကိုယ်မှာ တွေ့တဲ့ ဒီအန်အေလား။ အဲဒါကရော သဲသဲကွဲကွဲ သိရလား။ နောက်တခုက ဟန်နာရဲ့လက်မှာ ရွှေဝါရောင်ဆံပင်တွေ့တယ်ဆိုတဲ့ ကိစ္စတွေကရော ဘယ်လိုမျိုးဖြစ်လဲဆိုတာ ရှင်းရှင်းလင်းလင်းသိချင်ပါတယ်ခင်ဗျ။

“ကျနော်တို့ ရဲစခန်းမှာ သွားတွေ့တဲ့ ၆ ရက်နေ့ကတည်းက ဒီအမှုတွဲကို ကြည့်ခွင့်တောင်းပါတယ်။ ဒါမှလည်း သူတို့ရဲ့ထွက်ချက်တွေနဲ့ ဒီအမှုတွဲမှာ ပြောဆိုချက်၊ ရေးသားချက်တွေဟာ မှန်ကန်၊ မမှန်ကန် စဉ်းစားဖို့ တောင်းတာပါ။ ဒါမေပယ့် ခွင့်မပြုခဲ့ဘူး။ နောက်တခါ အခု သက်သေကို စစ်တဲ့ တရားရုံးမှာလည်း ဒီအချက်က မရခဲ့ပါဘူး။ သူတို့ဘက်က ပြောတာက သူတို့အမှုတွဲဟာ တရားရုံးကို မတင်သေးပါဘူး၊ အမှုတွဲကို တရားရုံးတင်တဲ့ အဆင့်ရောက်အောင် ပြုပြင်နေတယ်လို့သဘော ဖြေထားပါတယ်။ ဒါကြောင့်မို့ သူတို့က ဒီလိုပြောလို့ အမှုတွဲမရခဲ့တော့ အမှုတွဲထဲကအခြေအနေ ကျနော်တို့ ပြောလို့မရပါဘူး။ သို့သော် ခုနကပြောတဲ့ သုတ်သွေးချင်း တူတယ်ဆိုတဲ့နေရာမှာတော့ တံတွေးတခုတည်း ယူထားတဲ့ ဒီအန်အေ က မလုံလောက်ပါဘူး။ လိုအပ်မယ်ဆိုရင် သွေးလည်းယူရပါမယ်၊ ဆီးလည်း ယူရမယ်။ ဒါတွေလည်းရှိပါတယ်။ အဲဒီတော့ ဒီအချက်နဲ့တော့ ကျနော်တို့ ကလေးတွေဟာ မုဒိမ်းကျင့်မှုမှာ ပါဝင်တယ်လို့ သတ်မှတ်လို့ မရပါဘူး။”

အခု ဒီအန်အေ စစ်ဆေးမှုကိစ္စမှာ ကျွန်းသူကြီးသားက အခင်းဖြစ်တဲ့ ၁၅ ရက်နေ့က ဘန်ကောက်မှာ စာမေးပွဲဖြေတယ်၊ မဖြေဘူးဆိုတာ CSI LA မှာ ရေးနေကြတယ်။ နောက် ဘယ်သန်ဖြစ်တယ်တို့၊ အခင်းမဖြစ်ခင်မှာ ဘားထဲမှာ ခိုက်ရန်ဒေါသဖြစ်တယ်ဆိုတာတို့ ပြောကြတာရှိပါတယ်။ အဲဒါတွေနဲ့ပတ်သက်လို့ ဦေးအာင်မျိုးသန့်တို့ဘက်က အပြင်ကို တရားဝင် ပြောမယ့် အကြောင်းခြင်းရာတွေရှိလားခင်ဗျ။

“ကျနော်တို့ ခုလောလောဆယ်မှာတော့ ခုနက ပြောတဲ့ ဒီအန်အေ စစ်တာ၊ မစစ်တာနဲ့ပတ်သက်ပြီး တရားရုံးမှာ တရားဝင် တောင်းဆိုခွင့်ရပါတယ်။ ကျနော်တို့ အမှုတွဲကြည့်ရမယ်ဆိုရင် ဒီဒဏ်ရာဒဏ်ချက်နဲ့ပတ်သက်လို့ ဘယ်လိုဆေးစစ်တာလဲ။ ပြတ်ရှလက်နက်လား၊ တုံးသောလက်နက်လား ဆိုတဲ့အခြေအနေကို အမှုတွဲမှာ အားလုံးပါမှာပါ။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့ အမှုတွဲကို ကြည့်ပြောပြီးမှ ပြောလို့ရမယ့်ကိစ္စပါ။ နောက်တခုရှိတာက မနေ့ကတည်းက မောင်မောင်တို့ကို စစ်တဲ့အချိန်မှာ ရဲက တင်ထားတဲ့ ဓာတ်ပုံတွေဟာ သဘောကတော့ သူတို့ဆိုချင်တာက ဒီမှာပြေးနေတဲ့လူဟာ ဘယ်သူလဲ မောင်မောင် သို့မဟုတ် ၀င်းဇော်ထွန်းဆိုတဲ့ပုံစံမျိုးပြောချင်တာ၊ ၀င်းဇော်ထွန်းဆိုပြီး ပြောချင်တာပါ။ ဒါပေမယ့် ဒီအချက်တွေဟာ တရားရုံးမှာ ကြည့်တဲ့အခါမှာ အဲဒီဓာတ်ပုံတွေမှာ အခု ၀င်းဇော်ထွန်းတို့၊ မောင်မောင်တို့ လက်မှတ်ထိုးထားတာ တယောက်မှ မရှိပါဘူး။ အဲဒီတော့ သက်သေခံ စာရွက်စာတမ်း ရုံးတင်တယ်ဆိုရင် ဒီမှာပတ်သက်တဲ့လူဟာ လက်မှတ်ထိုးရမှာပါ။ အဲဒီအချက်ကလည်း မနေ့က အစိုးရရှေ့နေ တိုက်ဆိုင်တဲ့စာရွက်တွေမှာ မတွေ့ခဲ့ရပါဘူး။  ဒါပေမယ့်  အမှုတွဲကြီးတခုလုံးကိုတော့ ကျနော်တို့ လေ့လာခွင့်မရသေးပါဘူး။"

ဦးအောင်မျိုးသန့်တို့ လုံခြုံရေးကော ကောင်းရဲ့လား။ ကိုမောင်မောင်လည်း ပြန်လွတ်လာတယ် သူရော။

“ကျနော်တို့လည်း နီးစပ်ရာ မြန်မာတွေကို ပြောထားပါတယ်။ လုံခြုံရေးကတော့ သူတို့လက်ထဲမှာ ရှိတာမို့လို့ သူတို့က ကြံစည်မယ်ဆိုရင်တော့ ကျနော်တို့လည်း အင်အားတော့နည်းပါတယ်။ သို့သော် ကျနော်တို့လည်း အထက်လူကြီးကို တင်ပြထားပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013