DVB Logo
Home
မြန်မာသတင်း
IDP ဒုက္ခသည်များအတွက် ထိုင်းအစိုးရက ဘတ် ၃ သန်းကူညီ
DVB
·
December 2, 2024
IDP ဒုက္ခသည်များအတွက် ထိုင်းအစိုးရက ဘတ် ၃ သန်းကူညီ
Donate to DVB

နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒုက္ခသည်တွေ အထောက်အထားမဲ့ နိုင်ငံမဲ့ ဒုက္ခသည်တွေအတွက် ထိုင်းအစိုးရက ကုလသမဂ္ဂအေဂျင်စီတွေကို လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီ ဘတ်ငွေ ၃ သန်း လှူဒါန်းလိုက်တယ်လို့  ဒီဇင်ဘာ ၁ ရက်မှာ ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၁ ရက်က ဘန်ကောက်မြို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနမှာ ကျင်းပတဲ့ တရားဝင် လက်မှတ်ရေးထိုးပွဲ အခမ်းအနားမှာ အတည်ပြုလိုက်တာဖြစ်ပြီး ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF)၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UNHCR) နဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) တို့ကို ဘတ်ငွေ ၁ သန်းစီ လှူဒါန်းတာဖြစ်ပါတယ်။

ဒီအလှူငွေတွေဟာ ဒုက္ခသည်တွေ၊ အတင်းအကျပ် ဖိအားပေး ရွှေ့ပြောင်းနေထိုင်ကြရသူတွေ အတွက် လိုအပ်တဲ့ အကူအညီတွေ ပေးအပ်နိုင်ဖို့ အေဂျင်စီတခုချင်းစီရဲ့ လုပ်ငန်းဆောင်တာတွေကို ပံ့ပိုးပေးနိုင်မယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများဌာန ညွှန်ကြားရေးမှူးချုပ် ပင်ဆူဒါ ဂျာရန်နာမာက “ကြီးမားလှတဲ့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ လိုအပ်ချက်တွေကို ကိုင်တွယ်ဖြေရှင်းရာမှာ ရှေ့ကို ခြေလှမ်း လှမ်းနိုင်ဖို့နဲ့ နိုင်ငံတကာ အသိုက်အဝန်းနဲ့ လက်တွဲလုပ်ဆောင်ဖို့ ခွဲဝေတာဝန်ကို ထိုင်းနိုင်ငံအနေနဲ့  အသိအမှတ်ပြုပါတယ်” လို့ ပြောပါတယ်။

UNICEF အနေနဲ့ ဒီရန်ပုံငွေတွေကို အထူးသဖြင့် ထိုင်း-မြန်မာနယ်စပ်အနီး ရွှေ့ပြောင်းနေထိုင်သူ မိသားစုတွေနဲ့ ကလေးသူငယ်တွေအတွက် အရေးပေါ် အာဟာရနဲ့ သန့်ရှင်းတဲ့ ရေ၊ သင့်တင့်လျောက်ပတ်တဲ့ မိလ္လာနဲ့ ကောင်းမွန်တဲ့ တကိုယ်ရေသန့်ရှင်းရေး (WASH) ဝန်ဆောင်မှုတွေ ပံ့ပိုးပေးတဲ့ လုပ်ငန်းတွေအတွက် အသုံးပြုသွားမယ်လို့ ဆိုပါတယ်။

WFP ကတော့ ဒီရန်ပုံငွေတွေနဲ့ ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အသက်ကယ် လူသားချင်းစာနာထောက်ထားမှု အကူအညီအတွက် အသုံးပြုသွားမယ်လို့ ဆိုပါတယ်။

UNHCR ကတော့ ရန်ပုံငွေတွေနဲ့ ဒုက္ခသည်တွေ၊ ခိုလှုံခွင့်တောင်းခံသူတွေနဲ့ နိုင်ငံမဲ့ ပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်နေတဲ့ အေဂျင်စီရဲ့ ဆက်လက်ကြိုးပမ်းအားထုတ်မှုတွေကို အားဖြည့်ပေးနိုင်လိမ့်မယ်လို့  ကုလသမဂ္ဂ အေဂျင်စီတွေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013