DVB Logo
Home
မြန်မာသတင်း
ဟားခါးနှင့် ထန်တလန်ကြားတွင် တိုက်ပွဲပြင်းထန်နေ
DVB
·
November 30, 2024
ဟားခါးနှင့် ထန်တလန်ကြားတွင် တိုက်ပွဲပြင်းထန်နေ
Donate to DVB

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်နဲ့ ထန်တလန်မြို့နယ်ကြားမှာ စစ်ကောင်စီတပ်နဲ့ ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်နေပြီး တိုက်ပွဲတွေအတွင်းကနေ ဒဏ်ရာရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးရမိထားတာရှိသလို လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိထားတယ်လို့ CNF/CNA ​ဆီကနေ သိရပါတယ်။

CNF/CNA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီ က “သူတို့တပ်စခန်း ကျနော်တို့ဘက်က သိမ်းပိုက်ပြီးတဲ့နောက်ပိုင်း လေကြောင်းတိုက်ခိုက်တာတွေက အပြင်းအထန်လုပ်လာနေတယ်။ မြေပြင်မှာလည်း မနားတမ်း တိုက်ပွဲတွေဖြစ်နေတာ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက်နေ့မှာ ဟားခါးနဲ့ ထန်တလန်ကြားမှာရှိတဲ့ စစ်ရေးအရအရေးပါတဲ့ ပွိုင့်သရီးစခန်းကို ချင်းပူးပေါင်းတပ်ဖွဲ့တွေသိမ်းပိုက်ရရှိခဲ့ပြီး အခုလို လေကြောင်းတိုက်ခိုက်တာတွေ အပြင်းအထန်ပြုလုပ်လာတာဖြစ်တယ်လို့ ဆိုပါတယ်။

ဆလိုင်းထက်နီက “ဟားခါးနဲ့ထန်တလန်အကြားတခုလုံး တိုက်ပွဲတွေ အခုထက်ထိရှိတာပေါ့နော်။ အဲဒီတိုက်ပွဲတခုထဲမှာတော့ စစ်သားအလောင်း ၈ လောင်းနဲ့ လက်နက် ၁၀ လက်လောက် ရထားတယ်ပေါ့။ သူတို့ဘက်က ဒဏ်ရာရတဲ့သူတွေကတော့ ၂၀ ကျော် ၃၀ လောက်ရှိတယ်။ သူတို့ဘက်က ထွက်​ပြေးသွားကြပြီး ဒဏ်ရာရတဲ့သူတွေကိုပစ်ထားခဲ့လို့ ကျနော်တို့ဘက်က ဖမ်းထားတာတွေတော့ ရှိတယ်ပေါ့။ သူတို့ဘက်က လေကြောင်းကနေတိုက်ခိုက်နေတာက ခေါင်းဖော်လို့ မရအောင်ကို အပြင်းအထန်တိုက်ခိုက်နေတာ” လို့ DVB ကိုပြောပါတယ်။

တိုက်ပွဲတွေအတွင်း ချင်းပူးပေါင်းတပ်ဖွဲ့ဝင်တွေဘက်ကလည်း ထိခိုက်ဒဏ်ရာရရှိသူ အနည်းအကျဉ်းရှိတယ်လို့လည်း သူက ဆက်ပြောပါတယ်။

တိုက်ပွဲတွေအတွင်း ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အရေအတွက်အတိအကျကိုတော့ သူကမပြောပါဘူး။

ပြီးတော့ ဟားခါးမြို့က စစ်ဗျူဟာကုန်းကိုလည်း စစ်သားအင်အားနဲ့ လက်နက်ခဲယမ်းတွေကို လေကြောင်းကနေ ဖြည့်တင်းနေတယ်လို့ ဆိုပါတယ်။

ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဟာ ထန်တလန်မြို့သိမ်းပိုက်နိုင်ရေးအတွက် ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၂ ရက်က စပြီး ဟားခါးမြို့နယ်နဲ့ ထန်တလန်မြို့နယ်ကြားမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်နေသလို မင်းတပ်မြို့နဲ့ ဖလမ်းမြို့တို့မှာလည်း မြို့သိမ်းတိုက်ပွဲဆင်နွှဲနေကြတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013