DVB Logo
Home
Lead Story
သပိတ်စုံလို့ သူပုန်ထခဲ့ကြ၊ မဟာမိတ်စုံ အကုန်ချဖို့ ဘာလိုနေတာလဲ
DVB
·
November 30, 2024
သပိတ်စုံလို့ သူပုန်ထခဲ့ကြ၊ မဟာမိတ်စုံ အကုန်ချဖို့ ဘာလိုနေတာလဲ
Donate to DVB

မြန်မာပြည်သူတို့၏ နွေဦးတော်လှန်ရေးသည် ပြည်သူလူထုအား နှစ်ပေါင်းများစွာ ဖိနှိပ် အမြတ်ထုတ်နေသော စစ်အာဏာရှင် စနစ်ဆိုးကို ပြည်သူတရပ်လုံးမှ စည်းလုံးစွာ ထကြွတွန်းလှန်ကြသော သမိုင်းဝင် ဖြစ်ရပ်တခု ဖြစ်သည်။

မတရား အာဏာလုယူခြင်းကို ငြိမ်းချမ်း‌သော နည်းမျိုးစုံဖြင့် ဆန္ဒဖော်ထုတ် တုံ့ပြန်ခဲ့ကြသော်လည်း စစ်အုပ်စုသည် ဆိုးယုတ်စွာ လက်နက်အားကိုးဖြင့် အနိုင်ကျင့် နှိမ်နင်းခဲ့သည်။

အကျိုးဆက်အနေဖြင့် သမိုင်းတလျှောက် အကြီးမားဆုံး ပြည်သူ့ဆန့်ကျင်တော်လှန်မှုကို စစ်အုပ်စုအနေဖြင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။

ယနေ့အချိန်တွင် ပြည်သူ့အုံကြွတော်လှန်မှုသည် စစ်အုပ်စုအား ခေတ်အဆက်ဆက် တော်လှန်ခဲ့ကြသော တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့များဖြင့် ဆက်စပ်မိကာ အားကောင်းသော လက်နက်ကိုင် တော်လှန်ရေးအသွင်ကို ဆင့်ကဲပြောင်းလဲနိုင်ခဲ့ပြီ ဖြစ်သည်။

နိုင်ငံ၏ နယ်မြေအများစုကို တော်လှန်ရေးတပ်များက သိမ်းပိုက် ထိန်းချုပ်လာနိုင်ခဲ့သည်။ စစ်အုပ်စုအား အပြီးတိုင် ဖြိုလှဲနိုင်ရန် တော်လှန်ရေးတပ်ဖွဲ့တိုင်းက ရည်မှန်းချက်ထား၍ ကြိုးစားပြင်ဆင်နေကြပြီ ဖြစ်သည်။

စစ်အုပ်စုသည် သမိုင်းတလျှောက် မကြုံစဘူး ရှုံးနိမ့်မှုများဖြင့် ရင်ဆိုင်နေရကာ မြန်မာပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များ၏ အောင်မြင်ရေးလမ်းစသည် ထင်ထင်ရှားရှား ပေါ်လွင်လာခဲ့ပြီဟု ဆိုနိုင်သော်လည်း စစ်အုပ်စုကို အဆုံးသတ် ချေမှုန်းရန်မှာ လိုအပ်ချက်များ များပြားလျက် ရှိ‌နေသေးသည်။ အဓိက လိုအပ်ချက်မှာ ခိုင်မာအားကောင်းသည့် တိုင်းပြည်သစ်အတွက် မဟာဗျူဟာမြောက် အကျိုးမျှော် ပူးပေါင်းထားသည့် စုစည်းခိုင်မာသော တနိုင်ငံလုံးဆိုင်ရာ မဟာမိတ်စုဖွဲ့မှုပင် ဖြစ်သည်။

မြန်မာပြည်တွင် ဖြစ်ပွားခဲ့သော ခေတ်အဆက်ဆက် စစ်အာဏာရှင် တော်လှန်ရေးများ အဆုံးသတ်အောင်ပန်း မဆွတ်ခူးနိုင်ခဲ့ခြင်းမှာလည်း စုစည်းညီညွတ်မှု အားနည်းခဲ့ခြင်းမှာ အခြေခံ အကြောင်းတရားပင် ဖြစ်သည်။ တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့များအား ရင်ဆိုင်ရာတွင် စစ်အုပ်စုသည် သွေးခွဲသပ်လျှိုနည်းကို အထူးအလေးထား အသုံးပြုခဲ့ပါသည်။ ဥပမာအနေဖြင့် ကရင်တော်လှန်ရေးတပ်ဖွဲ့များကို ဖိနှိပ်နိုင်ရန် ကချင်တော်လှန်ရေး တပ်ဖွဲ့များဖြင့် ငြိမ်းချမ်းရေးယူခြင်း၊ ကရင်တော်လှန်ရေးတပ်ဖွဲ့ကို သွေးခွဲခြင်း စသော သမိုင်းဝင်ဖြစ်ရပ်များမှာ မြန်မာပြည်သူတို့နှင့် တော်လှန်ရေးတပ်ဖွဲ့တိုင်းအတွက် သမိုင်းပေး သင်ခန်းစာများ ဖြစ်သည်။

ထိုနည်းတူစွာ စစ်အုပ်စုအား တော်လှန်ခဲ့ကြသော တော်လှန်ရေးတပ်ဖွဲ့တိုင်းသည် ထိုသို့သော ဖိနှိပ်ဖြိုခွဲမှုမျိုးစုံကို ကြုံခဲ့ကြသည်ချည်း ဖြစ်သည်။ ယနေ့ခေတ် တော်လှန်ရေးဦးဆောင်သူများသည် ထိုသင်ခန်းစာများကို ကျွမ်းကျင်စွာ နားလည်ကြသူများ ဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိပေ။

တော်လှန်ရေးအတွက် အလွန်ကောင်းမွန်သော အခွင့်အလမ်းများ ကြုံဆုံနေခိုက်တွင် မြန်မာပြည်အတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့တိုင်းသည် စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းနိုင်ရေး ရည်မှန်းချက်အောက်တွင် မဟာမိတ်စုဖွဲ့မှု ခိုင်မာသင့်သော အချိန်သို့ ရောက်ရှိနေပြီဖြစ်သည်။

သမိုင်းက တောင်းဆိုနေလေပြီ။ မြန်မာပြည်သူတို့က မျှော်လင့်စောင့်စားနေကြ၏။ နွေဦးတော်လှန်ရေးတွင် ပါဝင်နေသော အဖွဲ့အစည်းအအသီးသီးတွင် မတူညီသော သမိုင်းနောက်ခံ အခြေအနေများအရ မတူညီသော ရည်မှန်းချက်ကိုယ်စီ ရှိနေကြပါသည်။

ထိုသို့ရှိနေခြင်းမှာ သဘာဝကျပါ၏။

သို့သော် အားလုံးထက် အရေးကြီးသည်ကား စစ်အာဏာရှင်စနစ် ဆန့်ကျင်တော်လှန်ရေးအတွက် အသက်ပေးသွားကြသော နေရာဒေသအသီးသီး၊ အဖွဲ့အစည်းအသီးသီးမှ ရဲဘော်ရဲဘက်များ အတွက် ယနေ့အချိန်လို အခွင့်သာခိုက် စစ်အာဏာရှင်စနစ်အား အမြစ်ဖြတ်ရေးပင်ဖြစ်၏။

သို့မှသာ ထိုသူရဲကောင်းတို့၏ အသက်၊ သွေး၊ ချွေး၊ ကိုယ်လက်အင်္ဂါတို့ ပေးဆပ်ကာ မျိုးစေ့ချပေးခဲ့သော တော်လှန်ရေးအပေါ် သစ္စာရှိရာ ရောက်ပေလိမ့်မည်။

မဟာမိတ်စုဖွဲ့မှုဟူသည် အပြန်အလှန်အကျိုးစီးပွားအတွက် တဦးအားနည်းချက်ကို တဦးဖြည့်ဆည်းကာ အချင်းချင်း ကူညီပြီး ရည်မှန်းချက်သို့ ချီတက်ရသည်ဖြစ်၏။ မြန်မာပြည်၏ လက်ရှိအခြေအနေတွင်လည်း မည်သည့်အဖွဲ့အစည်းမှ တဦးတည်းအားနှင့် စစ်အာဏာရှင်စနစ်အား ရင်ဆိုင်ချေမှုန်းနိုင်မည် မဟုတ်ပေ။

စစ်ပွဲအောင်နိုင်ရေးအတွက် အရေးကြီးသော လူ၊ လက်နက်၊ စိတ်ဓာတ်ရင်းမြစ်များအတွက် တဦးကိုတဦး ထောက်ပံ့ကူညီနေကြရသည်သာ ဖြစ်၏။ ထိုရင်းမြစ်အားလုံး ဖြည့်ဆည်းနိုင်ရေး အတွက် အထူးအရေးကြီးသည်မှာလည်း ပြည်သူလူထု၏ တခဲနက် ‌ထောက်ခံအားပေးမှုပင် ဖြစ်သည်။

ထို့ကြောင့် မြန်မာပြည်သူတရပ်လုံး မျှော်လင့်တောင့်တလျက်ရှိသော စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းရေးအတွက် မဟာမိတ်တပ်ပေါင်းစုဖွဲ့စည်းကာ အဆုံးသတ် တိုက်ပွဲဆင်နိုင်ရေးကို သက်ဆိုင်ရာ တော်လှန်ရေး အဖွဲ့အစည်းတိုင်းက အထူးအလေးထားကာ မြန်မြန်ဆန်ဆန် ဆောင်ရွက်ကြသင့်ပြီ ဖြစ်သည်။ ထို့အတူ ပြည်သူတို့၏ လူမှုဘဝ တိုးတက်ဖွံ့ဖြိုးရေးအတွက် အာမခံချက်ရှိသော တိုင်းသစ်ပြည်သစ် တည်ဆောက်နိုင်ရေး အတွက် ပွင့်လင်းကြည်သာစွာ အပြန်အလှန် ဆွေး‌နွေးနိုင်ရေးကိုလည်း အမြန်ဆုံး အကောင်အထည် ဖော်ကြသင့်၏။

မဟာမိတ်စုံ အကုန်ချဖို့ သမိုင်းက တောင်းဆိုနေသလို ပြည်သူတို့က အခွင့်အလမ်းကို ထောက်ခံဖန်တီးပေးနေပြီ ဖြစ်သည်။

ထိုသို့ မြင့်တက်လျက်ရှိသော သမိုင်းဒီရေကို အချိန်မီ လိုက်ပါနိုင်ရန် ကြိုးစား အားထုတ်ခြင်းကသာ တော်လှန်ရေးသစ္စာကို ပြည်သူလူထုအား သက်သေပြနိုင်ခြင်း အစစ်အမှန် ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။

ညိုသူ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013