DVB Logo
Home
နိုင်ငံတကာ
ထရမ့်ပ်၏ အခွန်စည်းကြပ်မှုကြောင့် မက္ကဆီကိုအခြေစိုက် အမေရိကန်ကုမ္ပဏီများ ထိခိုက်နိုင်
DVB
·
November 28, 2024
ထရမ့်ပ်၏ အခွန်စည်းကြပ်မှုကြောင့် မက္ကဆီကိုအခြေစိုက် အမေရိကန်ကုမ္ပဏီများ ထိခိုက်နိုင်
Donate to DVB

မက္ကဆီကိုသမ္မတ ကလော်ဒီယာ ရှိန်းဘောင်းမ်က သမ္မတလောင်း ထရမ့်ပ်ရဲ့ အခွန်စည်းကြပ်မှုတွေက အမေရိကန်စီးပွားရေးနဲ့ မက္ကဆီကိုရှိ အမေရိကန်ကုမ္ပဏီတွေကို အထိနာစေလိမ့်မယ်လို့ အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပ်ကို နိုဝင်ဘာ ၂၆ ရက်မှာ သတိပေး ပြောကြားလိုက်ပြီး တွေ့ဆုံဆွေးနွေးကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

ဇန်နဝါရီ ၂၀ ရက်မှာ သမ္မတရာထူး လက်ခံမယ့် ထရမ့်ပ်ဟာ ကနေဒါနဲ့ မက္ကဆီကိုနိုင်ငံတို့က သွင်းကုန်တွေအပေါ် အခွန် ၂၅ ရာခိုင်နှုန်း စည်းကြပ်မယ်လို့ ပြောကြားခဲ့ပြီး အထူးသဖြင့် ဖန်တာနဲလ်နဲ့ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို တားမြစ်ပိတ်ပင်သွားမယ်လို့ နိုဝင်ဘာ ၂၅ ရက် နှောင်းပိုင်းမှာ ပြောဆိုခဲ့တာပါ။

အမေရိကန်က အခွန်စည်းကြပ်မှု လုပ်လာရင်တော့ မက္ကဆီကိုမှာ နှစ်ပေါင်း ၈၀ ကြာ ရှိနေတဲ့ အမေရိကန်စီးပွားရေးနဲ့ အမေရိကန်ကုမ္ပဏီတွေကို ထိခိုက်မှာဖြစ်ပြီး ဒီကိစ္စကို ဖြေရှင်းပေးဖို့ ထရမ့်ပ်နဲ့လည်း ဖုန်းခေါ် ဆွေးနွေးမယ်လို့ သမ္မတ ရှိန်းဘောင်းမ်က ပြောပါတယ်။

မက္ကဆီကိုဟာ ထရမ့်ပ်နဲ့ သဘောတူညီချက်တခု ရရှိလိမ့်မယ်လို့ ယုံကြည်ချက်ရှိပေမဲ့ မက္ကဆီကိုမှာလည်း အစီအစဉ်တခုရှိတယ်လို့ ရှိန်းဘောင်းမ်က ဆိုပါတယ်။

မက္ကဆီကိုဟာ နိုင်ငံရဲ့ မြောက်ဘက်ကိုပဲ ကြည့်နေရတာမဟုတ်ဘဲ တောင်ဘက်နဲ့ ဥရောပတိုက်ကိုလည်း ကြည့်နေတာဖြစ်ကြောင်း အထူးသဖြင့် တောင်ပိုင်းက ညီအစ်ကို နိုင်ငံတွေနဲ့ ကုန်သွယ်မှုဆက်ဆံရေးကို မြှင့်တင်မယ့် အစီအစဉ်ရှိတယ်လို့ ပြောသွားပါတယ်။

ထရမ့်ပ်ရဲ့ အစီအစဉ်တွေကို တုံ့ပြန်တဲ့အနေနဲ့ ဖြစ်နိုင်ခြေရှိတဲ့ လက်တုံ့ပြန်ရေး အစီအမံတွေကိုလည်း မက္ကဆီကိုသမ္မတက အင်္ဂါနေ့မှာ အရိပ်အမြွက် ပြောကြားခဲ့ပြီး ထရမ့်ပ်ရဲ့ အခွန်စည်းကြပ်မှုကြောင့် တန်ပြန်အကောက်ခွန်တွေ မလွဲမသွေ ရှိလာလိမ့်မယ် လို့လည်း အခိုင်အမာ ပြောဆိုခဲ့ပါတယ်။

မက္ကဆီကိုဟာ စက်တင်ဘာလအထိ အမေရိကန်ရဲ့ ထိပ်တန်းကုန်သွယ်ဘက်ဖြစ်ပြီး စုစုပေါင်းကုန်သွယ်မှုရဲ့ ၁၅ ဒသမ ၈ ရာခိုင်နှုန်းရှိပြီး ကနေဒါက ၁၃ ဒသမ ၉ ရာခိုင်နှုန်းနဲ့ အနောက်က လိုက်ပါတယ်။ အမေရိကန်ကလည်း မက္ကဆီကိုရဲ့ ထိပ်တန်းကုန်သွယ်ဘက် ဖြစ်နေပါတယ်။

ဒီအခွန်စည်းကြပ်မှုဟာ ထရမ့်ပ်ရဲ့ ပထမဆုံး အစိုးရလက်ထက် ၂၀၂၀ ခုနှစ်မှာ လက်မှတ်ရေးထိုးခဲ့တဲ့ အမေရိကန်-မက္ကဆီကို-ကနေဒါ ၃ နိုင်ငံ ကုန်သွယ်ရေး သဘောတူညီချက်ကို ပျက်ယွင်းသွားနိုင်တာ ဖြစ်ပါတယ်။

မက္ကဆီကို စီးပွားရေးလုပ်ငန်းရှင်တွေကတော့ ဒေါ်နယ်ထရမ့်ပ်ရဲ့ နယ်စပ်ရေးရာအပေါ် သတင်းစကားတွေက သူ့ရဲ့ယှဉ်ပြိုင်နိုင်စွမ်းကို ထိခိုက်စေပြီး အနာဂတ် ရင်းနှီးမြှုပ်နှံမှုတွေကို ထိခိုက်လာနိုင်တယ်လို့ နိုဝင်ဘာ ၂၆ ရက်မှာ သတိပေး ပြောဆိုခဲ့ပါတယ်။

မက္ကဆီကို နယ်စပ်စီးပွားရေး Bloc ရဲ့ ညှိနှိုင်းရေးမှူး ယဲဆုစ် မာနွဲလ် ဆာလျန်ဒီယာက အခွန်စည်းကြပ်မှုဟာ လက်ရှိ လွတ်လပ်တဲ့ ကုန်သွယ်မှု သဘောတူညီချက်တွေနဲ့ မကိုက်ညီပေမဲ့ ထရမ့်ပ်ရဲ့ ကျမ်းသစ္စာကျိန်ဆိုချိန်အထိ စိတ်ရှည်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013