
ပြည်သူလုထုရရှိမဲ့ စားအုန်းဆီခွဲတမ်းကို လျှော့ချလိုက်တာကြောင့် ရန်ကုန်မှာ နေထိုင်သူတွေဟာ စားအုန်းဆီ ပြင်ပဈေးကွက် တပိဿာကို ကျပ် ၁၈,၀၀၀ ပေးပြီး ဝယ်စားနေရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
အရင်က စားအုန်းဆီကို ရပ်ကွက်က တပတ် တခါ စာအုပ်နဲ့ ထုတ်ပေးနေရာမှ သန်းခေါင်စာရင်းကို ပြောင်းလဲသတ်မှတ်လိုက်လို့ ပြင်ပကနေ တပိဿာ ကျပ် ၁၇,၀၀၀ နဲ့ ဝယ်စားနေရတယ်လို့ လှည်းကူးမြို့ခံတယောက်က ပြောပါတယ်။
“အရင်က စားအုန်းဆီကို ဧည့်စာရင်းနဲ့နေတဲ့သူတွေပါ ထုတ်လို့ရတယ်။ အခု သန်းခေါင်စာရင်း ရှိတဲ့သူတွေပဲ ထုတ်ပေးမယ်ဆိုပြီး စနစ်ပြောင်းလိုက်တော့ ဆီက အပြင်မှာ တပိဿာ ကျပ် ၁၇၀၀၀ နဲ့ ၁၈,၀၀၀ အထိ ဖြစ်သွားတယ်။”
သန်းခေါင်စာရင်းရှိပြီး ဆီစာအုပ်လုပ်ထားတဲ့သူကိုလည်း ရပ်ကွက်ရှိ လူကုန်ပေးတာမျိုး မဟုတ်ဘဲ တရပ်ကွက်ကို အိမ်ထောင်စု ၂၀ ကနေ ၅၀ အတွင်းသာ ပေးတယ်လို့ အိမ်ရှင်မတယောက်က ပြောပါတယ်။
“သန်းခေါင်စာရင်းရှိလည်း လူတိုင်း မရဘူး။ လူ ၄၀၊ ၅၀ လောက်ပဲရတာ၊ ခွဲတမ်းရသလောက်ပေါ့။ အရင်က တလကို ဆီ ၂ ပိဿာ ရောင်းပေးတယ်။ အခုအနေအထားနဲ့ဆို တလကို ၁ ပိဿာပဲ ရမယ်ထင်တယ်။”
ပြင်ပစားအုန်းဆီပေါက်ဈေးမှာ တပိဿာကို ကျပ် ၁၆,၀၀၀ ကနေ ၁၈,၀၀၀ အထိ ရှိပြီး လိုသလောက် ဝယ်မရကြောင်း အကြော်လုပ်ငန်းလုပ်သူတယောက်က ပြောပါတယ်။
“ဆီစာအုပ်နဲ့ထုတ်ရင် ၅၀ သားကို ၄,၀၀၀ ပဲ ပေးရတာ။ အပြင်မှာ ဆီ ၅၀ သားကို ကျပ် ၇,၀၀၀၊ ၈,၀၀၀ ပေးရတာ။ ဒါတောင် ဝယ်ချင်တိုင်း ဝယ်လို့မရဘူး။”
ရပ်ကွက်အတွင်း တပိုင်တနိုင် ရောင်းချသူတွေကို မြို့နယ် ဆီကိုယ်စားလှယ်တွေေ ဇူလိုင် ၄ ရက်မှစပြီး ခွဲတမ်းဦးရေ ၂၀ ကနေ ၆၀ အတွင်းသာ ဆီထုတ်ပေးတယ်လို့ ရပ်ကွက် ဆီကိုယ်စားလှယ်တယောက်က ပြောပါတယ်။
“စနစ်က အမျိုးမျိုးပြောင်းလဲနေတော့ ဆီက ဈေးတက်ဦးမှာ။ ပြည်သူလူထုရဲ့ ခွဲတမ်း လျှော့ချလိုက်တော့ မှောင်ခိုဈေးကွက်က ပိုကြီးသွားမှာ။”
ဇူလိုင် ၃ ရက်ကနေ ၉ ရက်အထိ ရန်ကုန်အထိုင် ရည်ညွှန်းဈေးအဖြစ် စားအုန်းဆီ တပိဿာကို ကျပ် ၇,၂၄၅ နှုန်းနဲ့ ရောင်းချဖို့ မြန်မာနိုင်ငံ ဆီကုန်သည်နဲ့ ဆီလုပ်ငန်းရှင်များအသင်းက သတ်မှတ်ထားပေမဲ့ ပြင်ပပေါက်ဈေး တပိဿာ ကျပ် ၁၈,၀၀၀ အထိ ဖြစ်နေတာပါ။
မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဘက်က ဈေးနှုန်းမြှင့်တင်ပြီး ရောင်းချတာ၊ ဈေးကစားဖို့ ရည်ရွယ်ချက်နဲ့ သိုလှောင်ထားတာတွေကို အရေးယူသွားမယ်လို့ ဖော်ပြထားပါတယ်။










