
အသက် ၁၁၂ နှစ်အရွယ် ကမ္ဘာ့အသက်အကြီးဆုံးအဘိုးအို ဂျွန်တင်နစ်ဝုဒ်ဟာ နိုဝင်ဘာ ၂၅ ရက်မှာ ကွယ်လွန်ခဲ့ပါတယ်။
တိုက်တန်းနစ် သင်္ဘောနစ်မြုပ်တဲ့နှစ်မှာ မွေးဖွားခဲ့တဲ့ အင်္ဂလန်လူမျိုး တင်နစ်ဝုဒ်ဟာ ကမ္ဘာစစ် ၂ ခုနဲ့ ကမ္ဘာ့ကပ်ရောဂါကြီး ၂ ခုကို ကြုံတွေ့ခဲ့သူဖြစ်ပါတယ်။
ဂင်းနစ်ကမ္ဘာ့စံချိန်အဖွဲ့က တင်နစ်ဝုဒ်ကို ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသားအဖြစ် အသိအမှတ်ပြုခဲ့ပြီးနောက် လပိုင်းအတွင်း ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။
အင်္ဂလန်နိုင်ငံ အနောက်မြောက် ဆောက်ပို့ဒ်မှာရှိတဲ့ အိမ်မှာ ကယ်လွန်ခဲ့တာလို့ သူ့မိသားစုက ဂင်းနစ်ကမ္ဘာ့စံချိန်အဖွဲ့ကို ပြောပါတယ်။
၁၉၁၂ ဩဂုတ်လက လီဗာပူးမြို့မှာ မွေးဖွားခဲ့တဲ့ တင်နစ်ဝုဒ်ဟာ ဒုတိယကမ္ဘာစစ် အရှိန်မြှင့်ချိန် ဘဏ္ဍာရေးနဲ့ အစားအသောက်ထောက်ပံ့မှုတပ်မှာ ဝင်ရောက်အမှုထမ်းခဲ့ပါတယ်။
၁၉၄၂ ခုနှစ်မှာ အိမ်ထောင်ပြုခဲ့တဲ့ တင်နစ်ဝုဒ်မှာ သမီးတယောက်ရှိပြီး မြေး ၄ ယောက်၊ မြစ် ၃ ယောက် ရှိပါတယ်။
အသက် ၁၀၀ ကနေ ၁၁၀ နှစ်အတွင်း နှစ်တိုင်း အဲလိဇဘက်ဘုရင်မကြီးက သူ့ကို မွေးနေ့ကတ် ပေးပို့လေ့ရှိပါတယ်။
အဲလိဇဘက်ဘုရင်မကြီးဟာ ၂၀၂၂ ခုနှစ်မှာ ကွယ်လွန်ပြီး တင်နစ်ဝုဒ်က ၁၄ နှစ်ကြီးတာ တွေ့ရပါတယ်။
သောကြာနေ့တိုင်း အိပ်ရာဘေးထားပြီး စားလေ့ရှိတဲ့ ထောပတ်သုတ်ထားတဲ့ ငါးနဲ့ အာလူးကြော်က သူအကြိုက်ဆုံး အစားအစာဖြစ်ပြီး ထူးခြားတဲ့ဓာတ်စာ စားတာမျိုး မတွေ့ရပါဘူး။
စစ်ပြီးတော့ ဆီလုပ်ငန်းတခုမှာ စာရင်းကိုင်အဖြစ် လုပ်ခဲ့တဲ့ တင်နစ်ဝုဒ်ဟာ အသက် ၆၀ မတိုင်ခင် အနားယူခဲ့သူဖြစ်ပါတယ်။
အမြဲတမ်း စိတ်က တက်ကြွနေပြီး သူကိုယ်ပိုင် ငွေကြေးစီမံမှုနဲ့ သတင်းတွေဖတ်မှုက သူ့ကို အသက်ရှည်စေတယ်လို့ ဂင်းနစ် ကမ္ဘာ့စံချိန်အဖွဲ့က ဆိုပါတယ်။
အသက်ရှည်တာက သူ့အတွက် လျှို့ဝှက်ချက်မရှိဘဲ ကံကောင်းတာကြောင့်သာဖြစ်ကြောင်း ပြောဆိုခဲ့တဲ့ တင်နစ်ဝုဒ်ကို ဂင်းနစ်အဖွဲ့က ပြီးခဲ့တဲ့ ဧပြီလမှာ ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသားအဖြစ် သတ်မှတ်ခဲ့ပြီး ဂင်းနစ်စံချိန်ဆု ပေးခဲ့ပါတယ်။
Source : Reuters