DVB Logo
Home
မြန်မာသတင်း
NUG ကြားကာလကောင်စီ ပညာရေးလက်မှတ် နိုင်ငံတကာ အသိအမှတ်ပြုဟုဆို
DVB
·
November 26, 2024
NUG ကြားကာလကောင်စီ ပညာရေးလက်မှတ် နိုင်ငံတကာ အသိအမှတ်ပြုဟုဆို
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကြားကာလကောင်စီ အသိအမှတ်ပြု လက်မှတ်တွေနဲ့ နိုင်ငံတကာနဲ့ ဒေသတွင်းနိုင်ငံတွေမှာ ပညာသင်ကြားခွင့် ရနေတယ်လို့ ကြားကာလပညာရေး တာဝန်ရှိသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ထိုင်းနိုင်ငံ ချူလာလောင်ကွန်းတက္ကသိုလ်က NUG ရဲ့ ကြားကာလ ယာယီဆေးတက္ကသိုလ်ကောင်စီ (မန္တလေးဆေးတက္ကသိုလ်ကျောင်းဆင်း) ကျောင်းသူ ၂ ယောက်ကို ကျောင်းတက်ခွင့်ပယ်ချလိုက်တယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့် သတင်းချန်နယ်တွေမှာ ဖြန့်ဝေခဲ့ပါတယ်။

အမှန်တကယ်က ကျောင်းတက်ခွင့် ပယ်ချတာမဟုတ်ဘဲ ကျောင်းတက်ခွင့်ရနေပြီး အလားတူ ဖြစ်ရပ်တွေနဲ့ နိုင်ငံတကာမှာ ကျောင်းတက် အလုပ်လုပ်နေကြတဲ့ ကျောင်းသားကျောင်းသူတွေ အများအပြားရှိနေကြောင်းကို Yangon Medical Network ရဲ့ တာဝန်ရှိသူ ဒေါက်တာလွမ်းဝေက ပြောပါတယ်။

“သူတို့က ဘယ်တုန်းကမှ ငြင်းပယ်ခဲ့တာတော့ မဟုတ်ဘူးဗျ။ နားလည်မှုလွဲတယ်လို့ပဲ ဆိုရမှာပေါ့၊ အဓိက ကျောင်းကတော့ လက်ခံထားပြီးသားပေါ့။ ဒီဟာတွေက အခုမှရှိတာမဟုတ်ဘူး၊ ကြိုးကြားကြိုးကြားမှာတော့ ဖြစ်တယ်၊ ဒီလိုမျိုးကေ့စ်တွေမှာ အမြဲတမ်းလိုလို ကျနော်တို့က အသာရခဲ့တယ်လို့ ဆိုလို့ရတယ်။ အင်္ဂလန်မှာပဲဖြစ်စေ၊ ကနေဒါမှာပဲဖြစ်စေ တခြားသောတက္ကသိုလ်တွေမှာလည်း ကျနော်တို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဆက်စပ် documents တွေကိုပဲ သုံးကြတာခင်ဗျ။ ဒီဟာတွေကိုလည်း ကောင်းကောင်းလက်ခံတယ်၊ ဒီဟာတွေနဲ့ပဲ ကျောင်းတက်နေတဲ့ ကျောင်းသားတွေလည်း အများကြီးရှိတယ်ပေါ့။”

အမေရိကန်နိုင်ငံ စတန်းဖို့တက္ကသိုလ်မှာ အလုပ်လုပ်ကိုင်နေတဲ့ ကာယကံရှင် တယောက်ကလည်း NUG အစိုးရ ကြားကာလ တက္ကသိုလ်ကောင်စီကနေ ထောက်ခံချက်နဲ့ အလုပ်ရရှိသွားတာဖြစ်ကြောင်း ရှင်းလင်းရေးသားထားတာကိုလည်း တွေ့ရပါတယ်။

တဖက်မှာတော့ အောင်လက်မှတ်နဲ့ ဘွဲ့လက်မှတ်တွေကို နိုတြီပြန်ပေးတဲ့သူတွေကို ဖမ်းဆီး အရေးယူထားကြောင်း စစ်ကောင်စီဘက်က ဆက်တိုက်ဝါဒဖြန့်နေပြီး ဒီလို လုပ်ဆောင်နေတာက လက်ရှိ ကြားကာလ ပညာရေးကို သင်ကြားနေတဲ့ ကျောင်းသားကျောင်းသူတွေကို ခြိမ်းခြောက်နေတာဖြစ်တယ်လို့ ဆေးတက္ကသိုလ် ၂ (ကြားကာလကောင်စီ) ကရင်နီဒေသရဲ့ နောက်ဆုံးနှစ် ဆေးကျောင်းသား တယောက်ကလည်း ပြောပါတယ်။

“စစ်ကောင်စီက သူ့လုပ်ရိုးလုပ်စဉ်အတိုင်းပဲပေါ့ ဒီကျောင်းသားတွေကြားထဲမှာ ယုံကြည်မှု ယိုယွင်းသွားအောင် စိတ်ဓာတ်ပျက်ပြားသွားအောင် လုပ်တဲ့ ဆိုက်ဝါးတခုပါပဲ၊ ဒီလက်မှတ်တွေနဲ့ နိုင်ငံတကာမှာ ကျောင်းတက် အလုပ်လုပ်နေကြတဲ့သူတွေ အများကြီးမှ အများကြီးပါပဲ။ အခုဆိုရင်လည်း ချူလာမှာ ကျောင်းတက်ခွင့်ရထားတယ် ဆိုတာလည်း အားလုံးသိပြီးသား ဖြစ်မယ်ပေါ့နော်၊ သတင်းအမှားကို ရအောင် ဝါဒဖြန့်လွှင့်နေတဲ့ သဘောပါပဲ၊ ဒီလက်မှတ်တွေက ပိုတောင်ဂုဏ်ရှိပါသေးတယ်၊ စစ်ကောင်စီရဲ့ လက်မှတ်နဲ့ ကျောင်းတက်ခွင့်မရလို့ လက်မှတ်အတုတွေလုပ်၊ ဘွဲ့လက်မှတ်ခုနှစ်တွေကို နောက်ဆုတ်ပြီး မလိမ့်တပတ်လုပ် လျှောက်နေကြတဲ့သူတွေ အများကြီး ရှိတာကိုလည်း ကျနော်တို့ ကြားနေရတယ်။ ကျနော်တို့တွေက နိုင်ငံတကာမှာ ပိုပြီးတော့ certified ဖြစ်တယ်၊ ပိုပြီး ပွဲလယ်တင့်တဲ့ လက်မှတ်တွေလို့ ပြောလို့ရပါတယ်။”

အခုလိုကိစ္စရပ်တွေမှာ အသိအမှတ်ပြုလုပ်ငန်းစဉ်တွေ လုပ်ကိုင်နိုင်ဖို့ ယာယီကောင်စီနဲ့ ကြားကာလအဖွဲ့အစည်းတွေ ဖွဲ့စည်းထားတာဖြစ်ကြောင်းကို NUG ရဲ့ ပညာရေးနှင့် ကျန်းမာရေးဝန်ကြီးဌာ ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။

NUG ရဲ့ ပညာရေးဝန်ကြီးဌာန ယာယီတက္ကသိုလ် ကောင်စီများ၊ ဆေးနှင့် ဆေးနှီးနွယ် တက္ကသိုလ်များအားလုံးရဲ့ နာယက၊ ဖက်ဒရယ် ကျန်းမာရေးပညာရှင်များ ကောင်စီရဲ့ ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာ ခင်မောင်လွင်ကလည်း ကြားကာလကောင်စီက ထုတ်ပေးတဲ့ လက်မှတ်တွေက သူကိုယ်တိုင် လက်မှတ်ထိုး အသိအမှတ်ပြုထားတဲ့ ဘွဲ့လက်မှတ် အစစ်ဖြစ်ကြောင်း ထောက်ခံ ပြောဆိုထားပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013