DVB Logo
Home
မြန်မာသတင်း
ထိုင်းကွန်ဒိုဝယ်ယူမှု အများဆုံးစာရင်းတွင် မြန်မာက ဒုတိယနေရာ၌ ဆက်ရှိနေ
DVB
·
November 25, 2024
ထိုင်းကွန်ဒိုဝယ်ယူမှု အများဆုံးစာရင်းတွင် မြန်မာက ဒုတိယနေရာ၌ ဆက်ရှိနေ
Donate to DVB

၂၀၂၄ ခုနှစ် ၉ လအတွင်း ထိုင်းနိုင်ငံရဲ့ ကွန်ဒိုဝယ်ယူမှု အများဆုံးစာရင်းမှာ မြန်မာနိုင်ငံက ဒုတိယနေရာမှာ ရပ်တည်နေပြီး ဒါဟာ ပြီးခဲ့တဲ့နှစ် ကာလတူနဲ့ နှိုင်းယှဉ်ရင် ဒီနှစ်မှာ ဝယ်ယူမှု ၃ ဆအထိ မြင့်တက်လာတယ်လို့ ထိုင်းအိမ်ခြံမြေ သတင်းအချက်အလကစင်တာ (REIC) မှာ ဖော်ပြပါတယ်။

၂၀၂၄ ဇန်နဝါရီလကနေ စက်တင်ဘာလအထိ ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသားတွေ ဝယ်ယူခဲ့တဲ့ ကွန်ဒို တိုက်ခန်းပေါင်း အလုံးရေ ၁၀၀၀ ကျော် ရှိပြီး တန်ဖိုးအားဖြင့် ထိုင်းဘတ်ငွေ ၅ ဒသမ ၄၆ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၅၈ သန်း ဝန်းကျင်) မှာ ရှိတယ်လို့ REIC ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

၂၀၂၂ ခုနှစ်ကစလို့ မြန်မာနိုင်ငံသားတွေ ထိုင်းကွန်ဒို ဝယ်ယူမှု ဆက်တိုက် မြင့်တက်နေတာဟာ စစ်တပ် အာဏာသိမ်းပြီးနောက် မြန်မာပြည်တွင်းက စစ်ရေးပဋိပက္ခတွေနဲ့ စီးပွားရေးကျဆင်းတာ၊ ကျပ်ငွေတန်ဖိုး ကျဆင်းတာတွေကြောင့်လို့ ထိုင်းကွန်ဒို အရောင်း လုပ်ကိုင်သူတွေက ပြောပါတယ်။

ထိုင်းအိမ်ခြံမြေ အရောင်းအေဂျင့် ကိုကြည်က “စစ်မှုထမ်းဥပဒေကြောင့် ကွန်ဒိုဝယ်ယူတာ ထိုးတက်သွားတာမျိုး လုံးဝ မရှိဘူး။ စစ်မှုထမ်းဥပဒေကြောင့် ပြောင်းရွှေ့လာသူများတယ်။ ဒါပေမဲ့ ပြောင်းရွှေ့အခြေချသူတွေထဲမှာ ကွန်ဒို ဝယ်ယူနိုင်လောက်တဲ့ ပြောင်းရွှေ့ အခြေချသူတွေကတော့ သူတို့က ပုံမှန်နှုန်းလေးနဲ့ သွားနေတယ်။ အဲ့လိုမျိုး ထိုင်းနိုင်ငံမှာ ဝယ်ယူမှု ဒုတိယ အများဆုံးအဆင့် ရောက်တဲ့အထိ ပုံမှန်နှုန်းပဲ သွားနေကြတာပါ။ စစ်မှုထမ်းဥပဒေကြောင့်လို့တော့ မရှိဘူး။ ဒီမှာ လာဝယ်တဲ့ ရိုးရိုးအရပ်သား ပြည်သူတွေကတော့ ထိုင်းကို အခြေချဖို့ ရည်ရွယ်ထားတာဖြစ်တဲ့အတွက် သူတို့ကတော့ ဝယ်ပြီးတာနဲ့ ထိုင်းမှာလာနေတာဖြစ်တဲ့အတွက် စိုးရိမ်နေတာ မရှိဘူး။ ဘာလို့လဲဆိုတော့ သူတို့က မြန်မာပြည် ပြန်ဖို့ အစီအစဉ် မရှိဘူး။ တခါတည်း ရွှေ့ပြောင်းလာသူတွေ ဖြစ်တဲ့အတွက်ပေါ့”လို့ ပြောပါတယ်။

မြန်မာတွေ အများဆုံး ဝယ်ယူကြတဲ့ ကွန်ဒို တိုက်ခန်းဈေးနှုန်းတွေက အမေရိကန်ဒေါ်လာ ၁၄၅၀၀ ကနေ ၃၅၀၀၀ အကြားမှာ ရှိပြီး၊ အများစုက ချွန်ဘူရီ၊ ဘန်ကောက်၊ ချင်းမိုင်၊ စမွတ်ပရာကန်နဲ့ ဖူးခတ်စတဲ့ နေရာတွေမှာ အများဆုံး ဝယ်ယူကြတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံရဲ့ ကွန်ဒို ဝယ်ယူမှု အများဆုံးစာရင်းမှာ တရုတ်နိုင်ငံသားတွေဟာ ၂၀၁၈ ကစလို့ ၂၀၂၄ ခုနှစ်အထိ နံပါတ် ၁ နေရာမှာ ရပ်တည်နေတာပါ။ ရုရှားနိုင်ငံသားတွေဟာ နံပါတ် ၂ နေရာမှာ ရပ်တည်ခဲ့ပြီး၊ ၂၀၂၂ ခုနှစ်မှာမှ မြန်မာနိုင်ငံသားတွေဟာ ထိုင်းကွန်ဒို ဝယ်ယူမှု ထိပ်တန်းစာရင်းမှာ ပါဝင်ခဲ့တာပါ။

မြန်မာနိုင်ငံသားတွေ အဓိက ကွန်ဒို ဝယ်ယူကြတာတော့ ငွေကြေး ရင်းနှီးမြှုပ်နှံဖို့နဲ့ ပိုင်ဆိုင်မှုတွေကို ရွှေ့ပြောင်းဖို့နဲ့ စစ်ရေး ပဋိပက္ခတွေကြောင့် အိမ်နီးချင်းနိုင်ငံကို ပြောင်းရွှေ့ လာကြတာလို့ ထိုင်းကွန်ဒို အရောင်းသမားတွေက ပြောပါတယ်။

ကွန်ဒို အရောင်းအဝယ် လုပ်ကိုင်သူတယောက်က “ထိုင်းရဲ့ အိမ်ခြံမြေ ဈေးကွက်ကို ပြောရမယ်ဆိုရင် သေချာတာကတော့ ကျနော်တို့ မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေ၊ ကွန်ဒို တိုက်ခန်း ဈေးကွက်နဲ့တော့ တူမှာ မဟုတ်ဘူး။ ဒီမြန်မာနိုင်ငံမှာဆိုရင် တိုက်ခန်း ကွန်ဒို၊ အိမ်ခြံမြေတို့ဆိုတာ ရင်းနှီးမြှုပ်နှံလိုက်တာနဲ့ အချိန်အတိုင်းတာတခု ရောက်ရင် ဈေးက အများကြီး ခုန်တက်သွားတယ်။ ဒါပေမဲ့ ထိုင်းမှာကတော့ အဲ့လို ရောက်နိုင်တဲ့ အနေအထားမျိုးတော့ မဟုတ်ဘူး။ ပြီးတော့ ကိုယ်ဝယ်ယူလိုက်တဲ့ Developer, Contractor အပေါ်မှာ မူတည်ပြီးတော့ ဈေးကွက် အနေအထားက ပြောင်းလဲနိုင်တာ ရှိတဲ့အတွက် ရင်းနှီးမြှုပ်နှံဖို့အတွက် ဝယ်ယူမယ်ဆိုရင် အသေချာ လေ့လာပြီးမှ ဝယ်သင့်တယ်”လို့ ပြောပါတယ်။

စစ်ကောင်စီက ၂၀၂၄ ဇွန်လပထမအပတ်တွင်း ထိုင်းနိုင်ငံကနေ ကွန်ဒိုတိုက်ခန်း ဝယ်ယူခဲ့တဲ့ မြန်မာနိုင်ငံသား ၃ ယောက်နဲ့ ရန်ကုန်မှာ ထိုင်းကွန်ဒို အရောင်းပြပွဲ လုပ်ခဲ့တဲ့ မင်းသူ ကုမ္ပဏီမှ တာဝန်ရှိသူ ၂ ယောက်တို့ကို ဖမ်းဆီး အရေးယူခဲ့ပါတယ်။

ထိုင်းအပါအဝင် ပြည်ပနိုင်ငံတွေမှာ ကွန်ဒိုတိုက်ခန်း ဝယ်ယူသူတွေ၊ တရားမဝင် ဟွန်ဒီ ငွေလွှဲလုပ်ငန်း လုပ်ကိုင်သူတွေနဲ့ ဗဟိုဘဏ် ခွင့်ပြုချက်မရဘဲ ပြည်ပမှာ ဘဏ်စာရင်း ဖွင့်လှစ်ထားသူတွေကို အရေးယူမယ်လို့လည်း စစ်ကောင်စီက ကြေညာထားပါတယ်။

အခုလို ဖမ်းဆီး အရေးယူမှုတွေ ပြုလုပ်နေပေမဲ့ ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသားတွေရဲ့ ကွန်ဒို ဝယ်ယူနှုန်းက ကျဆင်းမသွားဘဲ ဆက်တိုက် မြင့်တက်နေတာပဲ ဖြစ်ပါတယ်။ 

ဇွဲသစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013