DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် မိုးစပါးအထွက်နှုန်း ကျဆင်းသဖြင့် တောင်သူများ အခက်အခဲဖြစ်
DVB
·
November 25, 2024
ဧရာဝတီတိုင်းတွင် မိုးစပါးအထွက်နှုန်း ကျဆင်းသဖြင့် တောင်သူများ အခက်အခဲဖြစ်
Donate to DVB

ဧရာဝတီတိုင်းမှာ အခုနှစ် မိုးစပါးစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့တဲ့ စပါးခင်းတွေကနေ စပါးအထွက်နှုန်း ကျဆင်းနေတာကြောင့် အခက်အခဲ ဖြစ်ပေါ်နေတယ်လို့ ဒေသခံ တောင်သူတွေဆီက သိရပါတယ်။

စပါးအထွက်နှုန်း ကျဆင်းတာဟာ ဧရာဝတီတိုင်းအတွင်း ဖြစ်ပွားခဲ့တဲ့ ရာသီဥတု ဖောက်ပြန်မှုတွေ အပါအဝင် ရွှေခရုကိုက်ဖျက်တာ၊ စပါးရွက်ဖျက်ပိုးကျတာ၊ စပါးတွေ အထွက်နှုန်းကောင်းစေဖို့၊ ပိုးမွှားအန္တရာယ် မကျရောက်စေဖို့ သုံးနေကျ ပိုးသတ်ဆေးတွေ၊ မြေသြဇာတွေ အပြည့်အဝ မသုံးစွဲနိုင်တာနဲ့ ရေကြီးရေလျှံမှုကြောင့် စပါးခင်းတွေ ပျက်စီးခဲ့တာလို့ သိရပါတယ်။

ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်က တောင်သူတယောက်က “အခု စပါးပြန်ရိတ်တဲ့ အချိန်မှာ တဆ နှစ်ဆ လျော့ကျနေတယ်။ ရိတ်ခြွေဖိုးနဲ့ စက်သုံးဆီဖိုးတောင် မနည်းရအောင် ပြန်လုပ်နေရတယ်။ ဒီအတိုင်းဆို နွေစပါးတောင် မလုပ်ချင်တော့ဘူး။ လုပ်ဖို့လည်း အရင်းအနှီး ရှာရဦးမယ်။ ခါတိုင်းဆို မိုးစပါးရိတ်ပြီးတာနဲ့ နွေစပါးစိုက်ဖို့ အရင်းနှီး သုံးနိုင်တယ်။ အခုက မသုံးနိုင်တော့ဘူး။ အခုနှစ် စပါးအထွက်နှုန်း ကျဆင်းနေတဲ့အပြင် စပါးဈေးကလည်း ပြင်ပပေါက်ဈေး ကောင်းနေပေမဲ့ အစိုးရ သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ် လုပ်ရမယ် ဆိုတော့ ဈေးကောင်းမရတော့ဘူး။ ရာသီဥတု ဖောက်ပြန်တာနဲ့ အခြားအကြောင်းအမျိုးမျိုးကြောင့် စပါးအထွက်နှုန်း ကျဆင်းနေတာ” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းမှာ အရင်နှစ်တွေက စပါးတဧက ပျမ်းပျှ ၉၃ တင်းအထိ ထွက်ရှိခဲ့ပေမဲ့ အခုနှစ်မှာတော့ စပါးတဧက ပျှမ်းမျှ ၅၅ တင်းကနေ ၆၀ တင်းလောက်သာ ထွက်ရှိနေပြီး သက်ဆိုင်ရာက သွင်းအားစု၊ နည်းပညာ၊ ငွေကြေးတွေ ထောက်ပံ့ပေးတာလည်း မရှိခဲ့ဘူးလို့ လယ်သမားအရေး ဆောင်ရွက်နေသူတွေဆီက သိရပါတယ်။

လယ်သမားအရေး ဆောင်ရွက်နေသူတယောက်က “စက်သုံးဆီ လိုသလောက်မရဘူး၊ ဈေးကလည်း မကျဘူး၊ မြေသြဇာဈေးမကျဘူး၊ ငွေကြေး မထောက်ပံ့တဲ့အပြင် ချေးထားတဲ့ အရင်ချေးငွေတွေကို အတင်းတောင်းနေလို့ ဒုက္ခပတ်လည်ဝိုင်းနေတယ် လယ်သမားတွေက။ တောင်သူတွေ အဆင်ပြေဖို့ဆို အစိုးရ၊ ကုန်သည်၊ တောင်သူ ပေါင်းစပ်လုပ်မှ အဆင်ပြေမှာ။ အခုတော့ စပါးအပြင် နေကြာတွေ ဆီလိုအပ်ချက်အရ စီမံချက်နဲ့ စိုက်ခိုင်းနေတာ တွေ့ရတယ်။ ဘာမှမပံ့ပိုးဘဲ လုပ်ခိုင်းနေရင် လယ်သမားတွေ ဒုက္ခရောက်ချင်းမလှ ရောက်မှာ။ အားလုံး အဆင်ပြေစေချင်တယ်၊ ပေါင်းစပ်လုပ်စေချင်တယ်” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းထဲက သာပေါင်း၊ ဒေးဒရဲ၊ ပန်းတနော်၊ ဝါးခယ်မ၊ မော်လမြိုင်ကျွန်း၊ မအူပင်၊ လပွတ္တာ၊ သာပေါင်း၊ ဟိုင်းကြီးကျွန်း၊ အင်္ဂပူ၊ ကန်ကြီးထောင့်၊ ရေကြည် စတဲ့ဒေသတွေမှာလည်း ရေကြီးရေလျှံမှုတွေ ဖြစ်ပွားတာကြောင့် မိုးစပါး ၅၀ ရာခိုင်နှုန်းအထိ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းဟာ ပြည်တွင်းမှာ ဆန်စပါး အများဆုံးစိုက်ပျိုးထုတ်လုပ်တဲ့ တိုင်းဒေသကြီးတခု ဖြစ်ပြီး တောင်သူတွေ လယ်ယာစိုက်ပျိုးရေးကို အဆင်ပြေပြေ မလုပ်နိုင်ရင် နိုင်ငံရဲ့ ရိက္ခာအတွက်ပါ ထိခိုက်လာနိုင်တယ်လို့ ကုန်သည်တွေ၊ လယ်သမားတွေနဲ့ လယ်သမားအရေး ဆောင်ရွက်နေသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ပြည်တွင်းမှာ ဧရာဝတီတိုင်းဟာ ဆန်စပါးစိုက်ပျိုးရေးလုပ်ငန်းကို အခြေခံလုပ်ကိုင်တဲ့ တိုင်းဒေသကြီးတခုဖြစ်ပြီး စစ်တပ်အာဏာမသိမ်းခင်က မိုးစပါး ၃ ဒသမ ၇ သန်းကျော်နဲ့ နွေစပါး ၁ ဒသမ ၄ သန်းကို နှစ်စဉ် စိုက်ပျိုးထုတ်လုပ်ခဲ့တယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013