DVB Logo
Home
မြန်မာသတင်း
မြန်မာကျောင်းဆရာ စိုင်းဒေါင့်လော ကမ္ဘာ့အလှမောင်ပြိုင်ပွဲတွင် Project winner ဆုရရှိ  
DVB
·
November 25, 2024
မြန်မာကျောင်းဆရာ စိုင်းဒေါင့်လော ကမ္ဘာ့အလှမောင်ပြိုင်ပွဲတွင် Project winner ဆုရရှိ  
Donate to DVB

ဗီယက်နမ်နိုင်ငံမှာ နိုဝင်ဘာ ၂၃ ရက်ညက ကျင်းပပြီးစီးသွားတဲ့ Mr. World 2024  ကမ္ဘာ့အလှ မောင်ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ စေတနာ့ဝန်ထမ်းကျောင်းဆရာ စိုင်းဒေါင့်လော က  Beauty with a Purpose Project မှာ Project winner ပထမဆုကို ရရှိပါတယ်။

အဆိုပါ Mr. World 2024 ကမ္ဘာ့အလှမောင်ပြိုင်ပွဲကြီးမှာ နိုင်ငံပေါင်း ၆၀ ကျော်က အလှ မောင်တွေ လာရောက်ယှဉ်ပြိုင်ကြပြီး  ကမ္ဘာ့အလှမောင်ဆု ၃ ဆုအပြင် ပရဟိတလုပ်ငန်းစဥ်နဲ့ လူထုအကျိုးပြု Beauty with a Purpose Project  ခေါင်းစဉ်အောက်က Project winner ဆုကိုပါ ချီးမြှင့်ခဲ့ပါတယ်။ 

မြန်မာကိုယ်စားပြုအနေနဲ့ အခက်အခဲနဲ့ ဝေဖန်တိုက်ခိုက်မှုအများကြီးထဲကနေ ခုလို ကမ္ဘာ့အသိအမှတ်ပြုဆုရခဲ့တာကြောင့် ပျော်ရွှင်ဂုဏ်ယူမိတယ်လို့ ဆုရသူ စိုင်းဒေါင့်လောက DVB ကို ပြောပါတယ်။ 

“အခက်အခဲနဲ့ ဝေဖန်တိုက်ခိုက်မှုတွေအများကြီးကြားထဲကနေ ကမ္ဘာ့အကြီးဆုံးအလှမောင်ပြိုင်ပွဲမှာ မြန်မာပြည်အတွက် ပထမဆုံး Placement ဝင်နိုင်အောင် လုပ်ပေးနိုင်ခဲ့လို့ ဝမ်းသာပီတိ ဖြစ်မိပါတယ်။ ပြီးတော့ Miss World Organization ရဲ့ အဓိကလုပ်ငန်းစဉ်ဖြစ်တဲ့ Beauty With A Purpose လူမှုပရတိတဆုကို ပြိုင်ပွဲဝင် ၆၀ ကျော်ကြားထဲကနေ ပထမဆု ယူလာပေးနိုင်ခဲ့လို့ ၆ နှစ်တာ ကိုယ်လုပ်ဆောင်ခဲ့တဲ့ ပညာရေး Project ဟာ အောင်မြင်ပြီး ကမ္ဘာ့အသိမှတ်ပြုခံရလို့ ပျော်ရွှင်ဂုဏ်ယူမိပါတယ်ခင်ဗျ။”

သူဟာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့  လာပြိုင်ပေမဲ့ ဝတ်စားဆင်ယင်မှု အစရှိတဲ့ လိုအပ်တာတွေ ကူညီစီမံပေးသူမရှိဘဲ နိုင်ငံခြားကို တယောက်တည်း ရောက်လာခဲ့တယ်၊ မလာခင်ကလည်း နိုင်ငံကူးလက်မှတ်ရဖို့ မြဝတီမှာ ရက်ပေါင်း ၂၀ ကျော်သွားစောင့်ခဲ့ရတယ်၊ ပွဲအတွက် ပြင်ဆင်ချိန် ၁ ပတ်ပဲရတဲ့အပြင် အရပ်ပုတယ်၊ လူကောင်သေးတယ်၊ မြန်မာကိုယ်စားပြုနဲ့ မထိုက်တန် စသဖြင့် အမျိုးမျိုးဝေဖန်ခံခဲ့ရတယ်၊ ဒါပေမဲ့ အဲဒါတွေကို ကျော်လွှားပြီး တဘက်ကလည်း အားပေးသူတွေကြောင့်ရော၊ စေတနာ့ဝန်ထမ်းလုပ်ခဲ့တဲ့ စေတနာက ပြန်ပြီးအကျိုးပေးခဲ့တာပါလို့ စိုင်း‌ဒေါင့်လောက ပြောပါတယ်။

အလှမောင် အဆင့်ဆင့် ရွေးချယ်တဲ့ ပွဲစဉ်တွေမှာ သူဟာ မြန်မာ့ရိုးရာ ဝတ်စားဆင်ယင်မှု၊ ရှမ်းရိုးရာ ကိန္နရာအကတွေနဲ့ တင်ဆက်ခဲ့ပြီး သူ့ရဲ့ပရဟိတလုပ်ငန်းအကြောင်းတွေကိုလည်း ရုပ်သံ ဖိုင်မှတ်တမ်းနဲ့အတူ တင်ပြခဲ့ပါတယ်။

သူဟာ  Project winner ဆုအပြင် ကမ္ဘာ့အလှမောင်ရွေးချယ်ပွဲရဲ့ ဆန်ကာတင်အယောက် ၂၀ စာရင်းထဲမှာလည်း ပါဝင်ခဲ့ပါတယ်။  

၂၀၂၄ ခုနှစ်ရဲ့ ကမ္ဘာ့အလှမောင် Mr. World 2024 Winner  ပထမဆုကိုတော့ ပွါတိုရီကိုနိုင်ငံမှ ဒန်နီမီဂျီရာက ရရှိပြီး ဗီယက်နမ် အလှမောင်ဖန်သီရက်က ဒုတိယဆု၊ စပိန်နိုင်ငံအလှမောင် တိုနီကုန်ပဏီက တတိယဆု အသီးသီးရရှိခဲ့ပါတယ်။ 

Beauty with a Purpose Project  လှပသော ရည်မှန်းချက်ခေါင်းစဉ်အောက်က Project winner ဆုရရှိသွားတဲ့ အသက် ၂၆ နှစ်ရွယ် စိုင်းဒေါင့်လောဟာ ရှမ်းတိုင်းရင်းသားဖြစ်ပြီး ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နဲ့ မိုင်  ၄၀ အကွာရှိ တိမွမ်းရွာမှာမွေးဖွားခဲ့ပါတယ်။

၂၀၁၉ ခုနှစ်ကစပြီး သီပေါမြို့မှာ ကလေးတွေကို စေတနာ့ဝန်ထမ်း အင်္ဂလိပ်စာသင်ကြားပေးခဲ့ပြီးနောက် Empower Education Campaign (EEC) ကို ထူထောင်ကာ တပည့် ထောင်ပေါင်းများစွာကို အင်္ဂလိပ်စာ သင်ကြားပေးနေပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013