
တရုတ်ထုတ်ကုန်တွေဟာ မက္ကဆီကိုကတဆင့် အမေရိကန်နဲ့ ကနေဒါတို့ကို ဝင်ရောက်နေတာ မဟုတ်ကြောင်းနဲ့ အစိုးရက လာမယ့် ကုန်သွယ်ရေးအစည်းအဝေးတွေမှာ ဒါကို ရှင်းရှင်းလင်းလင်း ပြောမယ်လို့ မက္ကဆီကိုသမ္မတ ကလော်ဒီယာ ရှိန်းဘောင်းမ်က နို၀င်ဘာ ၂၂ ရက် ပုံမှန် သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
ကနေဒါနဲ့ အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့အဖွဲ့တို့နဲ့ လာမယ့် တွေ့ဆုံမှုအတွင်းမှာ မက္ကဆီကိုအရာရှိတွေဟာ မက္ကဆီကိုကနေတဆင့် တရုတ်ထုတ်ကုန်တွေ ဝင်ရောက်လာတယ်ဆိုတဲ့ အယူအဆဟာ မှားယွင်းတယ်ဆိုတာကို ပြသဖို့ ရည်ရွယ်ထားကြောင်းနဲ့ အဲဒီပစ္စည်းတွေဟာ ကုန်သွယ်မှုနဲ့ပတ်သက်တဲ့ လမ်းကြောင်းတွေအားလုံးကနေ ဖြတ်ကျော် ဝင်ရောက်လာတာ ဖြစ်ကြောင်း ရှိန်းဘောင်းမ်က ပြောကြားခဲ့ပါတယ်။
ဘဏ္ဍာရေးဝန်ကြီး ရိုဂဲလီယို ရာမီရက်ဇ် ဒယ်လာအို က မက္ကဆီကိုနိုင်ငံမှာ ကိုယ်ပိုင် ပရောဂျက်တခုရှိပြီး အဲဒါတွေကတော့ တရုတ်ဆီကနေ အလွန်အကျွံဝယ်နေကြတဲ့ ကုန်ပစ္စည်းတွေကိုရှာဖွေပြီးတော့ မက္ကဆီကို သို့မဟုတ် မြောက်အမေရိကမှာ ထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေနဲ့ အစားထိုးဖို့ ကြိုးစားနေတယ် လို့ ပြောဆိုပါတယ်။
တရုတ်နိုင်ငံနဲ့ ကုန်သွယ်ရေးဟာ လက်ရှိအချိန်အထိ သူ့ပို့ကုန်တွေကို အဓိကဝယ်သူဖြစ်တဲ့ အမေရိကန်နဲ့ မက္ကဆီကိုရဲ့ ကုန်သွယ်မှုမိတ်ဖက်အတွက် အဓိကပြဿနာဖြစ်တဲ့အပြင် အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါတို့ အကြားက (USMCA စာချုပ်) သဘောတူညီချက်ကတဆင့် ကနေဒါနဲ့လည်း အဓိကပြဿနာ ဖြစ်နေတာပါ။
USMCA စာချုပ်ကိုတော့ အဲဒီ ၃ နိုင်ငံဟာ ၂၀၂၆ ခုနှစ်မှာ ပြန်လည်သုံးသပ်မှာဖြစ်ပါတယ်။
Source: Reuters











