
စပိန်နိုင်ငံမှာ အိမ်ငှားခတိုးမြှင့်မှုကြောင့် နှစ်ပေါင်း ၇၀ ကျော် နေထိုင်ခဲ့တဲ့ အိမ်ကနေ နှင်ထုတ်ခံရပြီး တနိုင်ငံလုံး အိမ်ရာဆန္ဒပြပွဲတွေ ဖြစ်ပွားစေခဲ့တဲ့ အသက် ၈၇ နှစ်အရွယ် မာရီကာမန် အဘာစကယ်ဟာ အောက်တိုဘာ ၇ ရက်မှာ ကွယ်လွန်သွားပါတယ်။
အဘာစကယ်ဟာ စပိန်မြို့တော် မက်ဒရစ်မှာ ၁၉၅၆ ခုနှစ်ကတည်းက နေထိုင်ခဲ့တဲ့ တိုက်ခန်းကနေ စက်တင်ဘာ ၂၃ ရက်မှာ ထမ်းစင်နဲ့ အတင်းအကျပ် နှင်ထုတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
တိုက်ခန်းကို ဝယ်ယူခဲ့တဲ့ ကုမ္ပဏီက လစဉ် အိမ်ငှားခကို ယူရို ၅၀၀ ကနေ ၂,၆၅၀ အထိ တိုးမြှင့်ခဲ့တာကြောင့် ပင်စင်လစာ ယူရို ၁,၃၅၀ ဝန်းကျင်သာရတဲ့ အဘာစကယ်အနေနဲ့ မတတ်နိုင်ခဲ့ပါဘူး။
နောက်ပိုင်းမှာ အိမ်ရှင်ကုမ္ပဏီက အိမ်ငှားခ လျှော့ပေးပြီး ပြန်နေခွင့်ပြုဖို့ သဘောတူခဲ့ပေမဲ့ အဘာစကယ်ဟာ ဆေးရုံတက်နေရတာကြောင့် အိမ်မပြန်နိုင်ခင် ကွယ်လွန်ခဲ့တာပါ။
သေဆုံးရတဲ့ အကြောင်းရင်းကိုတော့ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။ မက်ဒရစ် အိမ်ငှားများသမဂ္ဂရဲ့ ပြောရေးဆိုခွင့်ရှိသူ အလီစီယာဒယ်လ်ရီယိုက “အိမ်ခြံမြေဈေးကစားမှုကြောင့် လူ့အသက်တွေ ဆုံးရှုံးနေရပြီး အခုလည်း အိမ်ငှားခကနေ အမြတ်ထုတ်မှုက ကျမတို့ရဲ့ ရဲဘော် မာရီကာမန်ကို အသက်ဆုံးရှုံးစေခဲ့ပြီ” လို့ ပြောပါတယ်။
အဘာစကယ် ကွယ်လွန်ကြောင်း သိရချိန်မှာ မက်ဒရစ်မြို့လယ် ပွာတာ ဒယ်ဆိုးလ် ရင်ပြင်မှာ ဆန္ဒပြသူတွေက တမိနစ် ငြိမ်သက်ခဲ့ကြပြီး ဖယောင်းတိုင်တွေ ထွန်းညှိကာ ဂုဏ်ပြုခဲ့ကြပါတယ်။
သူ့ရဲ့ဖြစ်ရပ်ကြောင့် မက်ဒရစ်မြို့မှာ လူထောင်နဲ့ချီ စခန်းချ ဆန္ဒပြခဲ့ကြသလို အိမ်ငှားခကြီးမြင့်မှုနဲ့ အိမ်ငှားတွေကို နှင်ထုတ်မှုတွေ ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကလည်း စပိန်တနိုင်ငံလုံးကို ပျံ့နှံ့သွားခဲ့ပါတယ်။
ဒီဆန္ဒပြပွဲတွေနောက်ပိုင်း အစိုးရရဲ့ အရေးပေါ်အိမ်ရာဥပဒေ အဆိုပြုချက်တွေ လွှတ်တော်မှာ ပယ်ချခံခဲ့ရတာကြောင့် ဝန်ကြီးချုပ် ပက်ဒရို ဆန်းချက်ဇ်က နိုဝင်ဘာ ၂၉ ရက်မှာ ရွေးကောက်ပွဲ စောကျင်းပဖို့ ကြေညာခဲ့ပါတယ်။
အလုပ်သမားသမဂ္ဂတွေကလည်း အိမ်ရာပြုပြင်ပြောင်းလဲရေးအတွက် နိုဝင်ဘာ ၁၁ ရက်မှာ တနိုင်ငံလုံး အထွေထွေသပိတ်မှောက်ဖို့ စီစဉ်ထားပါတယ်။
Source:Reuters











