
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အာယုတောင်ကျေးရွာက ပြည်သူ့စစ်အဖွဲ့ကို နိုဝင်ဘာ ၂၃ ရက် မနက်ပိုင်းမှာ တော်လှန်ရေးတပ်က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ပြည်သူ့စစ်ခေါင်းဆောင် အပါအဝင် ၄ ယောက် သေနတ်ကျည်မှန်ဒဏ်ရာတွေရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြည်သူ့စစ်တွေရှိနေတဲ့ အာယုတောင်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို မနက် ၁၀ နာရီလောက်မှာ ရေးဘီလူးအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ပြည်သူ့စစ်ခေါင်းဆောင် ဦးလင်းဦး အပါအဝင် ၄ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“လင်းဦးတို့အဖွဲ့ကို ရွာမှာ သေနတ်တွေ တပ်ဆင်ပေးပြီးတဲ့အချိန်ကစပြီး ရေးဘီလူးကို ရှင်းပစ်မယ်ဆိုပြီး ခဏခဏ စိန်ခေါ်နေတာ။ မနက်က ရေးဘီလူး သူတို့ကို ဝင်ပစ်သွားတာ။ အခြေအနေတော့ မကောင်းဘူးလို့ကြားတယ်”
ရေးဘီလူးအဖွဲ့က အလစ်အငိုက်တိုက်ခိုက်ခဲ့တာကြောင့် အသက် ၅၈ နှစ်အရွယ် အာယုတောင်ကျေးရွာ အုပ်ချုပ်ရေးမှူးဖြစ်သူ ပြည်သု့စစ်ခေါင်းဆောင် ဗိုလ်ကြီးဟောင်း ဦးလင်းဦးရဲ့ လည်ပင်းညာဘက် ကျည်ရှပ်ထိဒဏ်ရာ ၁ ချက်၊ ဝမ်းဗိုက်ညာဘက်ခြမ်း ကျည်ရှပ်ထိဒဏ်ရာ ၁ ချက်၊ ညာဘက်လက်ဖျံ ကျည်ဖောက်ဝင် အရိုးကျိုးဒဏ်ရာ ၁ ချက်ရခဲ့ပြီး ဘယ်ဘက်လက်မောင်း ကျည်ဖောက်ဝင် ဒဏ်ရာကတော့ စိုးရိမ်ရတယ်လို့ သိရပါတယ်။
ပြီးတော့ အသက် ၂၇ နှစ်အရွယ် ပြည်သူ့စစ်အဖွဲ့ဝင်တယောက်၊ ၅၃ နှစ်အရွယ် အမျိုးသား ၁ ယောက်နဲ့ အမျိုးသမီး ၁ ယောက်တို့လည်း ဒဏ်ရာရခဲ့ကြတယ်လို့ သိရပါတယ်။
ဗိုလ်ကြီးဟောင်းဖြစ်သူ ဦးလင်းဦး ဦးဆောင်ပြီး ၂၅ ယောက်ပါတဲ့ ပြည်သူ့စစ်အဖွဲ့ကို ပြီးခဲ့တဲ့ ဇူလိုင် ၂၄ ရက်နေ့မှာ စစ်ကောင်စီက လက်နက်တပ်ဆင်ပေးခဲ့တယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်လို့ ရေးဘီလူးကို DVB က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေဆိုတာတော့ မရှိပါဘူး။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၄ ရက်နေ့ကလည်း လင်းဦးပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ကားကို ရေးဘီးလူးအဖွဲ့က အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ့စစ်အဖွဲ့ဝင် ၃ ယောက် သေဆုံးခဲ့သေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။