DVB Logo
Home
Lead Story
အားလုံးပါဝင်ပြီး အောက်ခြေမှ အဆင့်ဆင့်တည်ဆောက်သော အမျိုးသမီး ငြိမ်းချမ်းရေးအစီအစဉ် ဖော်ဆောင်ရန် အချိန်တန်ပြီ
DVB
·
November 24, 2024
အားလုံးပါဝင်ပြီး အောက်ခြေမှ အဆင့်ဆင့်တည်ဆောက်သော အမျိုးသမီး ငြိမ်းချမ်းရေးအစီအစဉ် ဖော်ဆောင်ရန် အချိန်တန်ပြီ
Donate to DVB

၁၉၈၆ ခုနှစ် မိမိ တက္ကသိုလ်ဒုတိယနှစ် တက်ရောက်နေစဉ်အချိန်၊ မြန်မာစစ်တပ်၏ အဓမ္မပြုကျင့်ခံရ၍ ရှမ်းအမျိုးသမီး ၇ ဦး တောင်ကြီးပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ခဲ့ရသည့်အကြောင်း ရှမ်းလူမျိုးမိတ်ဆွေတဦးက မိမိအား ရင်ဖွင့်ခဲ့သည်ကို အထင်းသား အမှတ်ရနေပါသည်။ ထိုအချိန်က စစ်အာဏာရှင်များ၏ တိုက်ရိုက်အနိုင်ကျင့်မှုကို မခံခဲ့ရဖူးသည့် မြို့ပြနေ ဗမာအမျိုးသမီးငယ်တဦးဖြစ်သည့် မိမိအနေဖြင့် ထိုသတင်းကို ကြားလိုက်ရသည့်အပေါ် စိတ်မချမ်းမြေ့ဖွယ်ရာ ဖြစ်ခဲ့သော်လည်း မိမိအနေဖြင့် အပြည့်အဝ နားလည်သဘောပေါက်နိုင်စွမ်း အလျှင်းမရှိခဲ့ပေ။ မြန်မာစစ်တပ်သည် အဘယ်ကြောင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို ကျူးလွန်နေသနည်း။ ယင်းကျူးလွန်မှုများအတွက် ပြစ်ဒဏ်စီရင်ခံရခြင်းမရှိဘဲ အဘယ်ကြောင့် လွတ်မြောက်နေသနည်း။ ကျူးလွန်ခံရသူများနှင့် ၎င်းတို့၏ အသိုက်အဝန်းများအနေဖြင့် ထိုအကြမ်းဖက်မှုများနှင့်ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုရန် သို့မဟုတ် တရားမျှတမှုကို ရှာဖွေမည် ဆိုပါကလည်း ၎င်းတို့အနေနှင့် နှုတ်ဆိတ်နေရမည် သို့မဟုတ် အန္တရာယ်နှင့် ပိုမိုရင်ဆိုင်ရမည် ဆိုသည့် ခံစားချက်များ ဖြစ်ပေါ်လာအောင် မည်ကဲ့သို့ လုပ်ဆောင်ခံထားရသနည်း။ ထိုအချိန်ကာလသည် အခွင့်အရေး ချိုးဖောက်မှုများနှင့် မတရားမှုများကို ဆက်လက်တည်တံ့စေသော၊ ရာထူးအာဏာရှိသူများကို အကာအကွယ်ပေးထားသော နက်ရှိုင်းစွာ အမြစ်တွယ်နေသည့် စနစ်များနှင့် ဖွဲ့စည်းတည်ဆောက်ပုံများအတွက် မိမိ၏ ကိုယ်ပိုင်နိုင်ငံရေးနိုးထမှု၏ အစပထမ ဖြစ်ခဲ့သည်။

လူ့အခွင့်အရေးကို ကာကွယ်လိုသော မိမိ၏ ကတိကဝတ်များနှင့် တက်ကြွလှုပ်ရှားမှုများသည် ခိုင်မာအားကောင်းလာခဲ့ပြီး မြန်မာစစ်တပ်၏ အကြမ်းဖက်မှုများမှ လွတ်မြောက်လာသူ အများစုနှင့် ဆုံတွေ့လာရသည်နှင့်အမျှ မြန်မာနိုင်ငံတွင် လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေသော အမျိုးသမီး တက်ကြွလှုပ်ရှားသူတဦး ဖြစ်ရခြင်း၏ အဓိပ္ပာယ်နှင့်ပတ်သက်၍ မိမိ၏ ဆန်းစစ်နိုင်မှု ပိုမိုအားကောင်းလာခဲ့သည်။ မိမိသည် ဗမာ၊ ရှမ်း၊ မွန် တိုင်းရင်းသား မျိုးနွယ်စုများက ဆင်းသက်လာသူတဦး ဖြစ်သော်လည်း ပညာသင်ကြားခွင့်ရှိနေသော မြို့နေ ဗမာဗုဒ္ဓဘာသာဝင် အမျိုးသမီးတဦးအဖြစ် မိမိ၏ လူမျိုးရေးလက္ခဏာများသည် မိမိကို အခွင့်အလမ်းများ ရရှိစေပြီး ခွဲခြားဆက်ဆံမှု မခံရအောင် အကာအကွယ်ပေးနေသည့် အရာများဖြစ်ပြီး ယင်းတို့သည် ကျေးလက်ဒေသတွင်ရှိသော တိုင်းရင်းသားလူနည်းစု အမျိုးသမီးများ မရရှိနိုင်သောအရာများ ဖြစ်သည်ဆိုသည်ကို မိမိ နားလည် သဘောပေါက်လာခဲ့သည်။ မိမိတို့အားလုံးသည် စစ်အာဏာရှင်လက်အောက်တွင် ရှင်သန်နေရသည့်အတွက် အချို့သော အတွေ့အကြုံများ တူညီနိုင်သော်လည်း မြန်မာနိုင်ငံရှိ ရှမ်း၊ ကရင်၊ တအာင်း၊ ရိုဟင်ဂျာနှင့် အခြားတိုင်းရင်းသားလူမျိုးများ မျိုးရိုးစဉ်ဆက် နိစ္စဓူဝ ကြုံတွေ့နေရသော လူမျိုး၊ ဘာသာ သို့မဟုတ် နေထိုင်ရာ အရပ်ဒေသပေါ်မူတည်၍ စနစ်တကျ အဆင့်ဆင့် ခွဲခြားဆက်ဆံမှုနှင့် ဖိနှိပ်မှု အတွေ့အကြုံများကိုမူ မိမိအနေဖြင့် မသိရှိနိုင်ခဲ့ပေ။ ၁၉၉၀ ပြည့်လွန်နှစ် နှောင်းပိုင်းတွင် အသက်ရှင်ကျန်ရစ်သူများနှင့် ၎င်းတို့၏ အသိုက်အဝန်းများကို မိမိတွေ့ဆုံခဲ့သည့်အချိန်မှသာ စစ်တပ်အနေဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ကို မည်သို့ခံစားနေသည်၊ ပြစ်ဒဏ်ကင်းလွတ်ခွင့်သည် လူ့အဖွဲ့အစည်း နေရာအဆင့်အားလုံးတွင် မည်သို့ ခိုင်မာစွာ အမြစ်တွယ်နေသည်ကို ပို၍ ကျယ်ကျယ်ပြန့်ပြန့် နားလည်သဘောပေါက်ခဲ့သည်။ ထိုကဲ့သို့ ပိုမိုသိရှိလာသည်နှင့်အမျှ တန်းတူညီမျှမှု၊ တရားမျှတမှုနှင့် တာဝန်ယူမှု/တာဝန်ခံမှုအတွက် တိုက်ပွဲဝင်နေသော အဖိနှိပ်ခံများနှင့် ဖယ်ကြဉ်ထားခံရသူများကို ပံ့ပိုးကူညီရာတွင် မိမိ၏ စွမ်းအားအရင်းအမြစ်များကို အပြည့်အဝ အသုံးချပြီး ၎င်းတို့နှင့်အတူ တသားတည်း ရပ်တည်သွားမည်ဆိုသည့် မိမိ၏ ကတိကဝတ်များသည် ပိုမိုခိုင်မာအားကောင်းလာခဲ့သည်။ ယင်းသည် မိမိအတွက် စစ်မှန်ပြီး စွမ်းပကားကြီးမားသော လူထုလှုပ်ရှားမှု သို့မဟုတ် အမျိုးသမီးလှုပ်ရှားမှုတရပ် ဖြစ်ပေသည်။ မိမိတို့ ရင်ဆိုင်ကြုံတွေ့နေရသော မတူညီသော ခွဲခြားဆက်ဆံမှုနှင့် ဖိနှိပ်မှု အလွှာအသီးသီး သို့မဟုတ် မိမိတို့ ရှင်သန်ခဲ့သော စနစ်အောက်မှ ရရှိသည့် မတူကွဲပြားသော အခွင့်ထူးများနှင့် အာဏာအရင်းအမြစ် အလွှာအသီးသီးကို လက်ခံအသိအမှတ်ပြုကာ မိမိတို့အားလုံး အတူတကွ ပေါင်းစည်းလာခဲ့ကြပြီး အားလုံးလွှမ်းခြုံမှုရှိသော၊ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး အနာဂတ်တခုကို အာမခံချက်ပေးမည့် စနစ်သစ်တခုအတွက် ဘုံမျှော်မှန်းချက်တခုကို စုစည်းခဲ့ကြသည်။

ကုလသမဂ္ဂသည် မြန်မာစစ်တပ်မှ ကျူးလွန်သော ရာဇဝတ်မှုများနှင့် ပဋိပက္ခများအတွင်း အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် ကျူးလွန်သော အကြမ်းဖက်မှုများ အပါအဝင် စစ်မှန်သော ငြိမ်းချမ်းရေး ရရှိရန် အရေးပါသော မရှိမဖြစ်လိုအပ်သော အမျိုးသမီးများ၏ အခန်းကဏ္ဍကို လက်ခံအသိအမှတ်ပြုရန် သိသာထင်ရှားသည့် တိုးတက်မှုတခုကို လွန်ခဲ့သည့် ဆယ်စုနှစ် သုံးခုအတွင်းက လုပ်ဆောင်လာခဲ့သည်။ အမျိုးသမီးများ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအစီအစဉ် (WPS) ဟု လူသိများသော ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၃၂၅ သည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် အမျိုးသမီးများ ပူးပေါင်းပါဝင်ရေး၊ လူ့အခွင့်အရေး ချိုးဖောက်မှုများမှ တားဆီးကာကွယ်ရေး၊ ပဋိပက္ခအခြေအနေနှင့် ပဋိပက္ခဖြစ်ပြီးနောက်ပိုင်း အခြေအနေများအတွက် အမျိုးသမီးများ တရားမျှတမှု ရရှိရေးတို့ကို တောင်းဆိုပေးခြင်းဖြင့် အမျိုးသမီးများ၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအတွက် လူသားဗဟိုပြု အလေးထားဆောင်ရွက်မှုနှင့် နိုင်ငံတကာ၏ အာရုံစူးစိုက်မှုများကို ဆောင်ကြဉ်းပေးခဲ့သည်။ မကြာသေးမီနှစ်များအတွင်းက လိင်စိတ်ခံယူမှု ကွဲပြားသူများ (LGBTQIA+) တဦးချင်းစီကို အစီအစဉ်တွင် ထည့်သွင်းရန် WPS အစီအစဉ်ကို တိုးချဲ့ခဲ့သည်။ ယင်းသည် ၎င်းတို့၏ ကိုယ်ပိုင် WPS အစီအစဉ်များကို အကောင်အထည်ဖော်ရန်အတွက် နိုင်ငံတော်အဆင့် လုပ်ငန်းစဉ်များ ချမှတ်ရာတွင် တွန်းအားပေးကူညီမှုတခု ဖြစ်ခဲ့သည်။ သို့သော် ထိုဆုံးဖြတ်ချက်ကို အတည်ပြုပြီး ၂၄ နှစ်တာ ကာလအတွင်း မြန်မာနိုင်ငံနှင့် ကမ္ဘာတဝန်းရှိ ပဋိပက္ခဖြစ်ပွားရာ ဒေသများရှိ အောက်ခြေအမျိုးသမီးများအတွက် အမှန်တကယ် မည်မျှပြောင်းလဲပေးနိုင်ခဲ့သနည်း။ ပဋိပက္ခနှင့် ဆက်နွှယ်နေသော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများသည် ပြစ်ဒဏ်ကင်းလွတ်ခွင့်များနှင့်အတူ ဆက်လက်ဖြစ်ပွားနေပြီး မြန်မာစစ်တပ်၏ ရာဇဝတ်မှုများသည် ယခင်ကထက် ပိုမိုကျယ်ပြန့်လာခဲ့သည်။

အောက်တိုဘာလသည် အမျိုးသမီးများ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး (WPS) ဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်သည့် နှစ်ပတ်လည်လဖြစ်ပြီး နိုဝင်ဘာလတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှု (Global 16 Days of Activism) များကို ကျင်းပကြသည်။ ၁၆ ရက်တာ လှုပ်ရှားမှုအတွက် ယခုနှစ်၏ ဆောင်ပုဒ်မှာ ‘Beijing +30 ဆီသို့ - အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး စည်းလုံးညီညွတ်ကြစို့” ဖြစ်သည်။ အမျိုးသမီးများ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၃၂၅ (UNSCR 1325) နှင့် ဘေဂျင်းကြေညာစာတမ်းနှင့် လုပ်ငန်းစီမံချက်များ ပေါ်ပေါက်လာပြီး နှစ်ပေါင်း ၃၀ အကြာတွင် တရားမျှတမှု၊ တာဝန်ယူမှု/တာဝန်ခံမှုနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးအတွက် တိုက်ပွဲဝင်နေသော အမျိုးသမီးများ၏ လှုပ်ရှားမှုများတွင် စစ်မှန်သော စည်းလုံးညီညွတ်မှုနှင့် မြုပ်နှံမှုများ လုပ်ဆောင်ရန် အချိန်တန်ပြီဖြစ်သည်။ ပဋိပက္ခဒေသများရှိ အောက်ခြေအမျိုးသမီးထု၏ လိုအပ်ချက်များနှင့် ၎င်းတို့၏ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး အနာဂတ်မျှော်မှန်းချက်များအတွက် မိမိတို့၏ မဟာဗျူဟာများကို ချမှတ် အကောင်အထည်ဖော်ရန် အချိန်ကျရောက်ပြီ ဖြစ်သည်။ ယင်းသည် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် အဓိပ္ပာယ်ပြည့်ဝသော ပြောင်းလဲမှုအပေါ် သက်ရောက်မှုရှိမည့် တခုတည်းသော နည်းလမ်းဖြစ်သည်။

ယခုအချိန်သည် အမျိုးသမီးများ၏ စုပေါင်းလှုပ်ရှားမှုများအပေါ် အလေးပေးရန် အခွင့်သာရုံမျှမက မြန်မာနိုင်ငံတွင် အာဏာအရွေ့ ဖြစ်ပေါ်နေသော ယခုအချိန်အတွက်လည်း များစွာ အရေးကြီးပေသည်။ မြေပြင်ရှိ အမျိုးသမီးများနှင့် လူငယ်များ၏ ရှုထောင့်အမြင်နှင့် မဟာဗျူဟာများအပေါ် ၎င်းတို့နှင့် စကားစမြည်ပြောဆိုနေစဉ် မြန်မာနိုင်ငံ ပြန်လည် တည်ဆောက်ရေးအတွက် ပိုမိုထူးခြားပြီး အားလုံးပါဝင်နိုင်မည့် ချဉ်းကပ်နည်းများ အရေးတကြီး လိုအပ်နေသည်ကို တွေ့ရသည်။ အထူးသဖြင့် ယခုကဲ့သို့သော တော်လှန်ရေးကာလတွင် ပြည်သူများအနေဖြင့် တိုင်းရင်းသားလူမျိုးစုများ၊ ကိုယ်ပိုင်လူမျိုးရေး လက္ခဏာများရှိသော လူနည်းစုများ အားလုံးကို စုစည်းကာ ၎င်းတို့ကိုယ်တိုင်နှင့် ၎င်းတို့၏ အသိုက်အဝန်းများအတွက် ၎င်းတို့မျှော်မှန်းထားသော အနာဂတ်ပုံစံနှင့် ၎င်းတို့မြင်ချင်သော မြန်မာနိုင်ငံတော်သစ်အကြောင်း ဆွေးနွေးရန် လိုအပ်သည်။ ဤနေရာတွင် အမျိုးသမီးများက ဦးဆောင်မှု ပေးရမည်ဖြစ်ပြီး ဦးဆောင်မှုလည်း ပေးသင့်ပေသည်။

အမျိုးသမီးများအဖွဲ့ချုပ်-မြန်မာနိုင်ငံ (WLB) သည် အမျိုးသမီးလှုပ်ရှားမှုများနှင့် ပတ်သက်၍ နှစ်ပေါင်း ၂၅ နှစ်တိုင် အခရာကျသော အခန်းကဏ္ဍတခုမှ ပါဝင်ခဲ့ပြီး မြန်မာနိုင်ငံမှ မတူကွဲပြားသော နောက်ခံသမိုင်းကြောင်းများရှိသည့် အမျိုးသမီးများအကြား ယုံကြည်မှုနှင့် နားလည်မှုများ တည်ဆောက်ရန်  ကတိကဝတ်များထားရှိခဲ့သည်။ ယင်းသည် ဆုံးဖြတ်ချက် ၁၃၂၅ မှတဆင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အမျိုးသမီးများ ပါဝင်လာနိုင်ရန် ရှေ့တန်းမှ နေ၍ ဦးဆောင်လမ်းပြခဲ့သည်။ ထို့ပြင် WLB သည် မြန်မာနိုင်ငံရှိ တိုင်းရင်းသားပေါင်းစုံအကြား ပြည်သူလူထု၏ စည်းလုံးညီညွတ်မှုနှင့် တလုံးတစည်းတည်းဖြစ်နေမှုအပေါ် စစ်တပ်၏ သွေးခွဲအုပ်ချုပ်ရေး (divide-and-rule) စိတ်နေသဘောထားများ ပြိုလဲပျက်စီးသွားသည်ကို ယင်းက ရဲရဲဝံ့ဝံ့လက်ခံ အသိအမှတ်ပြုခဲ့ပြီး  စစ်မှန်သော ပါဝင်မှုနှင့် ခွဲခြားဆက်ဆံမှုများ ပပျောက်ရေးအတွက် မျိုးဆက်တစ်ခုပြီးတခု မရပ်မနား ဆက်လက် ကြိုးပမ်းအားထုတ်ခဲ့သည်။ အဓမ္မပြုကျင့်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို စစ်လက်နက်သဖွယ် နှစ်ပေါင်းများစွာ အသုံးချခဲ့သော စစ်တပ်၏ လုပ်ရပ်များကိုလည်း ယင်းက ဖော်ထုတ်ခဲ့ပြီး၊ ထိုအကြမ်းဖက်မှုနှင့် ရာဇဝတ်မှုများအတွက် စစ်တပ်အနေဖြင့် တာဝန်ယူမှု/ တာဝန်ခံမှု ရှိလာစေရန် မမှိတ်မသုဉ် ကြိုးပမ်းအားထုတ်ခဲ့ကာ၊ တချိန်တည်း၌ပင် ရေရှည် တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးအတွက်လည်း အားပေးမြှင့်တင်ခဲ့သည်။

နေပြည်တော် တော်လှန်ရေးလက်အောက်သို့ အမှန်တကယ် ကျရောက်သွားပြီး မြန်မာ့နိုင်ငံရေး အပြောင်းအလဲများ ဖြစ်ထွန်းလာချိန်တွင် အရာအားလုံးသည် အချိန်မဆိုင်းဘဲ ကျစ်လျစ် ခိုင်မာနေရန် လိုအပ်သည်။ အသွင်ကူးပြောင်းရေး အာဏာပိုင်အဖြစ် လစ်ဟာနေသော အာဏာကွက်လပ်များကို ဖြည့်စွက်နိုင်မည့် ညီညွတ်သော ညွန့်ပေါင်းအစိုးရတရပ် ဖွဲ့စည်းထူထောင်နိုင်ရေး နိုင်ငံရေးသဘောတူညီမှုရရှိရန် အရေးတကြီး လိုအပ်သည်။ စစ်တပ်မှ တည်ဆောက်ထားသော ဆယ်စုနှစ်များစွာ ချုပ်ကိုင်ထားသော နိုင်ငံတော်ဗဟိုစနစ်ကို ဖြိုချဖျက်ဆီးပြီး အခြေခံမှ အဆင့်ဆင့် တည်ဆောက်ထားသော ပြည်သူ့ဖက်ဒရယ်အစိုးရတရပ် အစားထိုး ထူထောင်နိုင်ရန်နှင့် ယင်းကို ခိုင်မာအားကောင်းလာအောင် လုပ်ဆောင်နိုင်ရန်အတွက် ဤနည်းလမ်းကသာ အာမခံချက်ပေးနိုင်မည်။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကို ဖော်ဆောင်ရန်နှင့် မည်သို့ အတူတကွ ယှဉ်တွဲနေထိုင်လိုသည့်အပေါ် မိမိတို့ မျှော်မှန်းချက်များကို စေ့ဆော်ရန် ပြည်သူအချင်းချင်း အထူးသဖြင့် အမျိုးသမီးအချင်းချင်း ဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင်ရန် အရေးတကြီး လိုအပ်သည်။ 

အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) သည် နွေဦးတော်လှန်ရေးမှ ပေါ်ထွက်လာသည့် လက်ရှိ နိုင်ငံရေးအသွင်ကူးပြောင်းမှုက ဖန်တီးပေးထားသော အခွင့်အလမ်းများအတွက် ကြိုတင်ပြင်ဆင်ရန် အခြေခံလုပ်ငန်းများ ချမှတ်ခဲ့သည်မှာ ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ပြီဖြစ်သည်။ စစ်တပ်၏ ဗဟိုဖိနှိပ်မှုစနစ်ကို ဆန့်ကျင်ပြီး စစ်ဘေးစစ်ဒဏ်ကို အများဆုံးခံရကာ ကျယ်ကျယ်ပြန့်ပြန့် လျစ်လျူရှုထားခံရသည့် အောက်ခြေအမျိုးသမီးထု၏ အသံများပါဝင်သော နိုင်ငံရေး အစီအစဉ်သစ်တရပ်ကို မိမိတို့အနေနှင့် ချမှတ်အကောင်အထည်ဖော်ရန် လိုအပ်သည်။ လူသားလုံခြုံရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး ရည်မှန်းချက်ပန်းတိုင်အောက်တွင် နိုင်ငံရေး အပြောင်းအလဲတခု ဖော်ဆောင်ရာတွင် အောင်မြင်အောင် မည်သို့ဆောင်ကြဉ်းပေးနိုင်မည်ကို ပြောဆိုဆွေးနွေးရန်အတွက် အမျိုးသမီးထုအားလုံး အတူတကွ စုစည်းကြရန် လိုအပ်သည်။ ရှေ့သို့ချီတက်ရာတွင် ဒေသခံများ ဦးဆောင်သော ပြည်တွင်းဖြစ် အမျိုးသမီးငြိမ်းချမ်းရေး အစီအစဉ်နှင့်အတူ လူမျိုးပေါင်းစုံ၊ သားစဉ်မြေးဆက် အားလုံးပါဝင်သော အောက်ခြေ အမျိုးသမီးများ၏ လှုပ်ရှားမှုများကသာ ကျစ်လျစ်ခိုင်မာသော စည်းလုံးညီညွတ်မှု အပါအဝင် အလုံးစုံသော အသွင်ကူးပြောင်းမှုကာလ လိုအပ်ချက်များကို များစွာ အထောက်အကူ ဖြစ်စေမည် ဖြစ်သည်။

ယခုအချိန်သည် မြန်မာနိုင်ငံ၏ မျှော်မှန်းချက်အသစ်တရပ်ကို အဆုံးအဖြတ်ပေးရန်အတွက် တော်လှန်ရေးနှင့်ပတ်သက်သော ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် မြန်မာအမျိုးသမီးများ အနေနှင့် မိမိတို့ ရသင့်ရထိုက်သော နေရာကို စုရုံးပြင်ဆင်ပြီး ရယူရန် အချိန်ဖြစ်သည်။ ဆုံးဖြတ်ချက်ချသည့် နေရာအဆင့်တိုင်းတွင် အမျိုးသမီးပါဝင်မှု အနည်းဆုံး ၃၀ ရာခိုင်နှုန်း တောင်းဆိုမှုနှင့် ဂျန်ဒါအခြေပြု အကြမ်းဖက်မှုကို ဆန့်ကျင်သော အရေးပါသော လှုပ်ရှားမှုများကို ကျော်လွန်၍ မိမိတို့သည် ငြိမ်းချမ်းရေးအတွက် ကိုယ်ပိုင်အစီအစဉ်တရပ်ကို သတ်မှတ်ဖော်ဆောင်ရန် လိုအပ်လာပြီ ဖြစ်သည်။ မိမိတို့သည် ဆုံးဖြတ်ချက်များ ချမှတ်သည့် စားပွဲဝိုင်းတွင် ပါဝင်ဆုံးဖြတ်ခွင့်ရရန် ပြောဆိုဆွေးနွေးသော်ငြား ထိုစားပွဲဝိုင်းတွင် ဆုံးဖြတ်ပိုင်ခွင့်မရှိဘဲ ပြယုဂ်တခုသက်သက်မျှသာ ဖြစ်နေမည်ဆိုပါက သို့မဟုတ် ကြိုတင်ဆုံးဖြတ်ပြီးသား နိုင်ငံရေးအစီအစဉ်တခုကို လိုက်နာရန်သက်သက်မျှသာ ဖြစ်နေမည် ဆိုပါက မည်သို့ အဓိပ္ပာယ်ပြည့်ဝပြီး သာတူညီမျှမှု ရှိနိုင်မည်နည်း။ ဤသို့ဖြင့် မိမိတို့၏ လိုအပ်ချက်များကို မည်သည့်အခါမျှ ဦးစားပေးလုပ်ဆောင်မည် မဟုတ်သကဲ့သို့ မိမိတို့၏ မျှော်မှန်းချက်များကိုလည်း မည်သည့်အခါမျှ လက်တွေ့ အကောင်အထည်ဖော်မည် မဟုတ်ပေ။

အမျိုးသမီးများသည် ၎င်းတို့၏ လွတ်လပ်သော စဉ်းစားတွေးခေါ်မှုနှင့် လွတ်လပ်သော အသံများကို စားပွဲဝိုင်းသို့ ယူဆောင်လာရန် လိုအပ်သည်။ ယင်းသည် မည်မျှခက်ခဲနိုင်သည်ကို မိမိ နားလည်သဘောပေါက်သည်။ စိန်ခေါ်မှုမှာ မိမိတို့၏အသံများကို ကိုယ်စားပြုသော၊ မိမိတို့၏ စိုးရိမ်ပူပန်မှုများကို ဦးစားပေးလုပ်ဆောင်သော၊ ပြစ်မှုကျူးလွန်သူအားလုံး တာဝန်ယူမှု/တာဝန်ခံမှု ရှိစေရန် အာမခံချက်ပေးသော ဖက်ဒရယ်ပြည်ထောင်စု မြန်မာနိုင်ငံအတွက် မျှော်မှန်းချက်တရပ်ကို ရှင်းရှင်းလင်း ထုတ်ဖော်ပြောဆိုရန်အတွက် တည်ရှိပြီးသော ဆက်ဆံရေး၊ မဟာမိတ်ဖြစ်မှုများနှင့် ကွန်ရက်များကို ခိုင်မာအားကောင်းလာစေရန် ဤနိုင်ငံရေးအပြောင်းအလဲတွင် ဖြစ်ပေါ်လာသည့် အခွင့်အလမ်းများကို အသုံးချရန်ဖြစ်သည်။ မြန်မာနိုင်ငံရှိ မတူကွဲပြားသော လူမှုအသိုက်အဝန်းများ နှစ်ရှည်လများ ခံစားနေရသော ခွဲခြားဆက်ဆံမှု၊ ဖိနှိပ်မှုနှင့် နှိပ်စက်ညှဉ်းပန်းမှု အလွှာပေါင်းစုံ၏ အကြောင်းရင်းဖြစ်သော နိုင်ငံရေးနှင့် လူမှုရေးအရ ဆန်းစစ်မှုတခုကို အမျိုးသမီးများက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုနေချိန်မှသာ မိမိတို့အနေဖြင့် ဂျန်ဒါအခြေပြု အကြမ်းဖက်မှုနှင့် ဖိနှိပ်မှုများကို အမှန်တကယ် ဦးတည်ဖြေရှင်းနိုင်မည် ဖြစ်သည်။ ယင်းသည် မြန်မာနိုင်ငံတော်သစ်အတွက် စစ်မှန်သော ငြိမ်းချမ်းရေး အစီအစဉ်တရပ် ဖြစ်သည်။

မြန်မာအမျိုးသမီးများအနေနှင့် မြေပြင်၌ စည်းရုံးလှုံ့ဆော်မှုများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ပြီး ဦးဆောင်နိုင်သကဲ့သို့ မဖြစ်မနေ ဦးဆောင်မှုလည်း ပေးရမည်ဖြစ်သည်။ နိုင်ငံတကာစနစ်သည် တိုက်ရိုက်ဖြစ်စေ၊ မရည်ရွယ်ဘဲဖြစ်စေ ကိုယ်စားပြုမှု၊ အရင်းအမြစ်များနှင့် သတင်းအချက်အလက် ရရှိရေးတို့အတွက် မိမိတို့အချင်းချင်းကြား ပြိုင်ဆိုင်မှုဖြစ်စေသော ခံစားချက်တခုကို မကြာခဏ ဖန်တီးပေးထားသည်။ သို့သော် လှုပ်ရှားမှုဆိုသည်မှာ ထက်မြက်သော လူပုဂ္ဂိုလ် သို့မဟုတ် ခေါင်းဆောင် အုပ်စုငယ်များအကြောင်း မဟုတ်ဘဲ ယင်းသည် မတူကွဲပြားသော အသိုက်အဝန်းများနှင့် မတူကွဲပြားသော အမြင်များ အထူးသဖြင့် ပဋိပက္ခဒဏ်ကို အများဆုံးခံရသော မြေပြင်ရှိ ပြည်သူများနှင့် ၎င်းတို့အမြင်ရှုထောင့်များကို အမှန်တကယ် ပေါင်းစည်းထားသော နေရာဖြစ်သည်။ လှုပ်ရှားမှုများသည် မြေပြင်ရှိ အဖွဲ့ဝင်များကို စုပေါင်းခေါင်းဆောင်မှုတွင် ပါဝင်လာစေပြီး ဆုံးဖြတ်ချက်ချသည့် နေရာတွင် တစိတ်တပိုင်းအဖြစ် ပါဝင်လာစေရန်အတွက် ၎င်းတို့အား ပြုစုပျိုးထောင်ပေးပြီး အဆင်ပြေချောမွေ့လာအောင် နောက်တလှမ်းဆုတ် ဆောင်ရွက်ပေးနိုင်မည့် ခေါင်းဆောင်များအပေါ်တွင် မူတည်နေသည်။ အောင်မြင်ပြီး ထိရောက်သော ငြိမ်းချမ်းရေး လူထုလှုပ်ရှားမှုများသည် မိမိကိုယ်ကို ယုံကြည်မှုရှိသူများ၊ ပဋိပက္ခအတွင်းမှ အသက်ရှင်လွတ်မြောက်လာပြီး မိမိတို့၏ ဘဝအတွေ့အကြုံများမှ ရရှိလာသော အသိပညာများကို ပြန်လည်ဝေငှတတ်သူများဖြင့် ပါဝင်တည်ဆောက်ထားခြင်း ဖြစ်သည်။ အကြမ်းဖက်မှုများကို အဆုံးသတ်ရန် အဓိပ္ပာယ်ပြည့်ဝပြီး ထိရောက်သော ပဋိပက္ခ ဖြေရှင်းခြင်းများအတွက် ၎င်းတို့သင်ယူမှုနှင့် ထိုးထွင်းသိမြင်မှုများသည် အခြား တဦးတယောက်တွင် မရှိနိုင်သော အရာများဖြစ်သည်။

ဤ ၁၆ ရက်တာ လှုပ်ရှားမှု (16 Days of Activism) တွင် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနှင့် မြန်မာနိုင်ငံအတွက် စစ်မှန်သော အမျိုးသမီးများ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအစီအစဉ် (WPS) တရပ် ပေါ်ထွန်းလာရေးအတွက် အောက်ခြေလူထုနှင့် အမျိုးသမီးများ ဦးဆောင်သော လှုပ်ရှားစည်းရုံးမှုများတွင် ပံ့ပိုးကူညီရန် မြန်မာအမျိုးသမီးများနှင့်အတူ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ရန် ကတိပြုနိုင်သည်။ မြန်မာနိုင်ငံသည် နိုင်ငံတော်အဆင့် လုပ်ငန်းအစီအစဉ်တရပ်ကို မည်သည့်အချိန်တွင်မှ ရေးဆွဲဖော်ထုတ်ခဲ့ခြင်း မရှိခဲ့ပေ။ ၂၀၁၃ ခုနှစ်တွင် အတည်ပြုခဲ့သော ၁၀ နှစ်တာ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (NSPAW) တွင်လည်း ‘အမျိုးသမီးများနှင့် အရေးပေါ်အခြေအနေများ’ ဟူသော ခေါင်းစဉ်အမျိုးအစားတခုသာ ပါဝင်ခဲ့သည်။ ယင်းသည်လည်း ပဋိပက္ခဖြစ်ပွားရာဒေသများရှိ အမျိုးသမီးများအရေးကို ကျယ်ကျယ်ပြန့်ပြန့် မဖြေရှင်းနိုင်ခဲ့သကဲ့သို့ ၎င်းတို့၏ လုံခြုံရေးနှင့် ရပ်တည်ရေးကို အဟန့်အတားဖြစ်စေသော တိုင်းရင်းသား လူနည်းစု အမျိုးသမီးများ ရင်စီးခံလာခဲ့ရသော စနစ်တကျ ဖိနှိပ်ညှဉ်းပန်းမှု အလွှာပေါင်းစုံကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း မရှိခဲ့ပေ။ လူသားအားလုံး၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ကာကွယ်စောင့်ရှောက်ပေးသည့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီသည် တိုင်းရင်းသားလူနည်းစု အမျိုးသမီးများ၏ မကျေနပ်ချက်/နစ်နာချက်များနှင့် ၎င်းတို့၏ ငြိမ်းချမ်းရေးနှင့် လူသားလုံခြုံရေး မျှော်မှန်းချက်များအတွက် ပြတ်သားစွာ ဦးတည်ဆောင်ရွက်ပေးရမည် ဖြစ်သည်။ မည်သည့်အရာများ လိုအပ်နေသည်၊ မည်သို့ အရေးယူဆောင်ရွက်ရမည်ကို ရှင်းရှင်းလင်းလင်း သိရှိနိုင်ရန် ဘုံမျှော်မှန်းချက်တခုအတွက် လက်တွဲဆောင်ရွက်ရေးကို ဦးတည်သော အောက်ခြေအမျိုးသမီးများ ဦးဆောင်သော လှုပ်ရှားစည်းရုံးမှုက အထောက်အကူ ပြုနိုင်သည်။

နီပေါနိုင်ငံကို လေ့လာကြည့်မည်ဆိုပါက ဆုံးဖြတ်ချက်အမှတ် ၁၃၂၅ အတွက် နိုင်ငံတော်အဆင့် လုပ်ငန်းအစီအစဉ်ကို ပြဋ္ဌာန်းသတ်မှတ်ရာတွင် ကူညီပံ့ပိုးပေးခဲ့သော အမျိုးသမီးများ၏ လှုပ်ရှားစည်းရုံးမှုများတွင် အားလုံးပါဝင်မှုရှိပြီး အခြေခံမှ အဆင့်ဆင့်တည်ဆောက်ထားသော ချဉ်းကပ်မှုများနှင့် ပတ်သက်၍ အပြုသဘောဆောင်သည့် သာဓကများကို တွေ့ရသည်။ နိုင်ငံတဝန်းမှ မတူကွဲပြားသော အမျိုးသမီးများနှင့် ကျယ်ကျယ်ပြန့်ပြန့် ညှိနှိုင်းဆွေးနွေးမှုများမှ တဆင့် ယင်းလုပ်ငန်း အစီအစဉ်သည် တကိုယ်တည်း ရပ်တည်နေသော အမျိုးသမီးများ (မုဆိုးမများ) နှင့် မသန်စွမ်း အမျိုးသမီးများ အပါအဝင် ပဋိပက္ခဒဏ် ခံနေရသော အမျိုးသမီးများ စသည့် အမျိုးသမီး အမျိုးအစား အုပ်စု ၁၄ ခုကို အသိအမှတ်ပြုခဲ့သည်။ ပဋိပက္ခကြောင့် ဖြစ်ပေါ်လာသော သီးခြားသက်ရောက်မှုများကို ဦးတည်ဖြေရှင်းရန် လိုအပ်သည့် နိုင်ငံရေးနှင့် လူမှုရေးဆိုင်ရာ ဆန်းစစ်မှုတခုကို လုပ်ဆောင်ရန်အတွက် ယင်းအားလုံးပါဝင်မှုရှိသော ချဉ်းကပ်မှုက အထောက်အကူပြုခဲ့သည်။ အရေးကြီးသည်မှာ အဆိုပါ အစီအစဉ်ကို အကောင်အထည်ဖော်ရာတွင် အစိုးရမှ တာဝန်ယူမှု/တာဝန်ခံမှု ရှိစေရန် လိုအပ်သည့် အောက်ခြေလူထုလှုပ်ရှားမှုနှင့် အရပ်ဘက်အဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်မှုကို ခိုင်မာအားကောင်းစေရန်နှင့် ချဲ့ထွင်ရန်အတွက်လည်း ယင်းချဉ်းကပ်နည်းက အထောက်အကူ ပြုခဲ့သည်။

အမျိုးသမီးများ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအစီအစဉ် (WPS) ဆုံးဖြတ်ချက် ၁၃၂၅ အတွက် နိုင်ငံတော်အဆင့် လုပ်ငန်းအစီအစဉ်သည် မြန်မာနိုင်ငံရှိ အမျိုးသမီးများအတွက် အလှမ်းကွာဝေးပြီး အိပ်မက်တခုသဖွယ် ဖြစ်နေချိန်၊ အမျိုးသမီးများအပေါ် ကျူးလွန်သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို အဆုံးသတ်ရန် လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့သော အာဆီယံသည် တကယ့်လက်တွေ့တွင်မူ ယင်းအကြမ်းဖက်များကို ကိုင်တွယ်ဖြေရှင်းရန် စိတ်ဆန္ဒ သို့မဟုတ် လုပ်နိုင်စွမ်းရည် မရှိကြောင်းကို သက်သေပြခဲ့ပြီး ဖြစ်သည်။ အာဆီယံသည် အမျိုးသမီးများနှင့်ပတ်သက်သော ဝန်ကြီးများအဆင့် အစည်းအဝေး၊ အမျိုးသမီးနှင့် ကလေးသူငယ်များနှင့် ပတ်သက်သော အခြားအစည်းအဝေးများကို စစ်အာဏာရှင် ကိုယ်စားလှယ်များနှင့်အတူ မြန်မာနိုင်ငံတွင် အောက်တိုဘာလက ကျင်းပခဲ့သည်။ အစည်းအဝေး လက်ခံကျင်းပသည့် အိမ်ရှင်နိုင်ငံရှိ စစ်တပ်လက်အောက်တွင် ရှိနေသော အမျိုးသမီးများ၏ ဆင်းရဲဒုက္ခများကို လျစ်လျူရှုထားသည့် အရေခြုံလုပ်ရပ်အတွက် ပြည်သူလူထုက အပြင်းအထန် ကန့်ကွက်နေသည့်ကြားမှ ယင်းကို ကျင်းပခဲ့ခြင်းဖြစ်သည်။ တရားမဝင် စစ်အုပ်စုအား အစည်းအဝေးများ လက်ခံကျင်းပခွင့်ပေးပြီး ပို၍ဆိုးရွားသည်မှာ အမျိုးသမီးနှင့် ကလေးသူငယ် အရေးကိစ္စများကို ဆွေးနွေးနေခြင်းသည် မြန်မာနိုင်ငံတွင် အဆက်မပြတ် ဖြစ်ပွားနေသော ဂျန်ဒါအခြေပြု အကြမ်းဖက်မှုများနှင့် အခြားသော ရက်စက်ကြမ်းကြုတ်သည့် ရာဇဝတ်မှုများတွင် အာဆီယံက အရှက်သိက္ခာမဲ့စွာ ပါဝင်ပတ်သက်နေသည် ဆိုသည်ကို ဖော်ပြနေသကဲ့သို့ ဖြစ်နေသည်။

မြန်မာစစ်တပ်သည် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနှင့် ပတ်သက်ပြီး ၂၀၁၈ ခုနှစ်ကတည်းက ကုလသမဂ္ဂ၏ အမည်ပျက်စာရင်းသွင်းခြင်း ခံထားရသည်။ ယင်းနှစ်ထဲမှာပင် ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှုဆိုင်ရာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် Ms. Pramila Patten သည် ပဋိပက္ခနှင့် ဆက်နွှယ်နေသော လိင်အကြမ်းဖက်မှုများကို ကိုင်တွယ်ဖြေရှင်းရန် ထိုအချိန်က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ရွေးကောက်ခံ အစိုးရနှင့် ကုလသမဂ္ဂတို့အကြား သဘောတူ လက်မှတ်ရေးထိုးခဲ့သည်။ နောက်နှစ်မှာပင် မြန်မာစစ်တပ်သည် အဓမ္မပြုကျင့်မှုကို စစ်လက်နက်သဖွယ် ကာလရှည်ကြာ အသုံးပြုနေသည်ကို ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးမစ်ရှင်က တွေ့ရှိခဲ့သည်။ ထို့ပြင် မြန်မာစစ်တပ်သည် အမျိုးသမီးမုန်းတီးရေးနှင့် ဖိုဝါဒကြီးစိုးမှုကို အားပေးသူဝါဒီများ ဖြစ်ကြောင်း၊ ပဋိပက္ခများနှင့် ဆက်နွှယ်နေသော လိင်ပိုင်းဆိုင်ရာနှင့် ဂျန်ဒါအခြေပြု အကြမ်းဖက်မှုများသည်လည်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေကြောင်းကို ယင်းအချက်အလက်ရှာဖွေရေးမစ်ရှင်က ကောင်းစွာ မှတ်တမ်းတင်ထားခဲ့သည်။ ယင်းကို အာဆီယံက မည်သို့ အရှက်သိက္ခာမဲ့စွာ လျစ်လျူရှုထားရသနည်း။ အစည်းအဝေးများတွင် အမျိုးသမီးများအပေါ် ကျူးလွန်သော ကြီးလေးသည့် ရာဇဝတ်မှုများအကြောင်း မဆွေးနွေးဘဲ မည်သည့်အကြောင်းအရာများကို ဆွေးနွေးနေကြသနည်း။ လူသိရှင်ကြား ကြေညာထားသော အမျိုးသမီးများအပေါ် အကြမ်းဖက်မှု အဆုံးသတ်ရေး အာဆီယံ၏ ကတိကဝတ်က အဘယ်မှာနည်း။ ပိုမိုဆိုးရွားသည်မှာ မကြာသေးမီက အာဆီယံမှ ရေးဆွဲခဲ့သော အမျိုးသမီးများ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး (WPS) ၁၃၂၅ အတွက် ဒေသတွင်းဆိုင်ရာ လုပ်ငန်းအစီအစဉ်သည် မြန်မာစစ်တပ်၏ အကြမ်းဖက်တိုက်ခိုက်မှုကို ခံစားနေရသော မြန်မာအမျိုးသမီးများ၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ လိုအပ်ချက်များနှင့် ကိုက်ညီဆီလျော်မှုမရှိ ဖြစ်နေခြင်း ဖြစ်သည်။ ဒေသတွင်း ငြိမ်းချမ်းရေးအတွက် ဆုံးဖြတ်ချက်၏ တစိတ်တပိုင်းအဖြစ်မှ အလှမ်းဝေးကွာနေသော အာဆီယံသည် မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးနှင့် ဂျန်ဒါ (Gender) ရေးရာ တရားမျှတမှုများအတွက် နှောင့်နှေးကြန့်ကြာအောင် လုပ်ဆောင်နေသည်။

ယခုနှစ် Resolution 1325 နှစ်ပတ်လည်နှင့် ‘Beijing +30 ဆီသို့ - အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး စည်းလုံးညီညွတ်ကြစို့” ၁၆ ရက်တာ လှုပ်ရှားမှု အပြည်ပြည်ဆိုင်ရာ ကမ်ပိန်းများ စတင်သည့် အရှိန်အဟုန်များနှင့်အတူ လူသားလုံခြုံရေးနှင့် ဂျန်ဒါ တန်းတူညီမျှမှုတို့ကို အခြေခံသော ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးအတွက် အောက်ခြေ အမျိုးသမီးများ၏ လှုပ်ရှားမှုကို လှုံ့ဆော်ဦးတည်သွားရမည် ဖြစ်သည်။ အမျိုးသမီးများအနေဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းမှ စစ်မှန်သော စည်းလုံးညီညွတ်မှု၊ ပံ့ပိုးကူညီမှုများဖြင့် ဖက်ဒရယ်ဒီမိုကရေစီ ထူထောင်ရေးကို ဦးတည်သော ဤနိုင်ငံရေးအသွင်ကူးပြောင်းမှု အခိုက်အတန့်အတွက် လိုအပ်သော စုပေါင်းနိုင်ငံရေး ခေါင်းဆောင်မှုကို ဦးဆောင်ဖွဲ့စည်းရမည်။

နိုင်ငံတကာအသိုင်းအဝိုင်းသည် အမျိုးသမီးများ၏ အသံများကို နားထောင်ပြီး ယုံကြည်မှု တည်ဆောက်ကာ အောက်ခြေအမျိုးသမီးများက အဆိုပြုထားသော အဖြေရှာမှုများနှင့် ဆက်စပ် အကြောင်းအရာများကို ပိုမိုကောင်းမွန်စွာ နားလည်သဘောပေါက်ပြီး စည်းလုံးညီညွတ်စွာ ဆောင်ရွက်ကြရမည်။ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနှင့် စစ်မှန်ပြီး အဓိပ္ပာယ်ပြည့်ဝသော မြေပြင်ရှိ လုပ်ငန်းစဉ်များအတွက် လိုအပ်သော လုပ်ငန်းစဉ်များကို ဦးဆောင်မှုပေးခြင်း သို့မဟုတ် အလောတကြီးဆောင်ရွက်ခြင်း၊ အတင်းအကြပ်ပြုခြင်း သို့မဟုတ် အရှိန်မြှင့် ဆောင်ရွက်ခြင်းများ အလျဉ်းမရှိစေရ။ အာဆီယံအနေနှင့်လည်း မြန်မာလူထုက ဦးဆောင်သော ကမကထပြုသော တွေ့ဆုံဆွေးနွေးမှုများကို ပံ့ပိုးကူညီပေးရမည်။ ဆေးမြီးတိုဖြင့် ဖြေရှင်းခြင်းသည် ရေရှည်တည်တံ့ခိုင်မြဲသော အဖြေရှာမှုများကို ဆောင်ကြဉ်းပေးနိုင်မည် မဟုတ်ပေ။ သို့ဖြစ်ရာ ပြည်သူအချင်းချင်း၊ အမျိုးသမီးအချင်းချင်း ဆွေးနွေးညှိနှိုင်းပြီး လှုပ်ရှားစည်းရုံးမှုများ လုပ်ဆောင်ရာတွင် မြန်မာနိုင်ငံ၏ အနီးကပ်ဆုံး အိမ်နီးချင်းဖြစ်သော ထိုင်းနိုင်ငံအနေနှင့် ၎င်းတို့အတွက် လုံခြုံသော နေရာအခင်းအကျင်းများ ဖန်တီးပေးခြင်းအားဖြင့် မြန်မာလူမျိုးများ၏ ငြိမ်းချမ်းရေး ကြိုးပမ်းအားထုတ်မှုများကို ပံ့ပိုးပေးရမည်။

ပဋိပက္ခဒဏ်ကို အများဆုံးခံရသော အမျိုးသမီးများ၏ အဓိပ္ပာယ်ပြည့်ဝသော ပူးပေါင်းပါဝင်မှုနှင့် စစ်မှန်သော ညှိနှိုင်းတိုင်ပင်မှုများ မပါဘဲ ၎င်းတို့၏ ကိုယ်ပိုင်အစီအစဉ်များကို မြှင့်တင်ရန်အတွက် အမျိုးသမီး တက်ကြွလှုပ်ရှားသူများနှင့် ငြိမ်းချမ်းရေး တည်ဆောက်သူများသည် နိုင်ငံတကာစနစ်နှင့် ယန္တရားများ၏ အသုံးချမှုကို မကြာခဏဆိုသလို ခံနေကြရသည်။ ဤချဉ်းကပ်နည်းသည် စည်းရုံးလှုံ့ဆော်ရေး (advocacy) ရှုထောင့်မှကြည့်ပါက အကောင်းဆုံးဟု ဆိုနိုင်သော်လည်း မြေပြင်ပေါ်ရှိ တကယ့်အဖြစ်မှန်များနှင့် နှိုင်းယှဉ်ကြည့်ပါက အလွန်ဆိုးရွားပြီး အဆက်အစပ်မရှိသော အချည်းနှီးသော စကားလုံး သက်သက်မျှသာ ဖြစ်နေသည်။ သင့်တော်မှန်ကန်သော အသိအမှတ်ပြုမှုများ မပါဘဲ အမျိုးသမီးများ၏ အချက်အလက်များကို ထုတ်ယူအသုံးပြုသည့်အတွက် နိုင်ငံတကာ ချဉ်းကပ်မှုသည် အမျိုးသမီးများအတွက် မလိုလားအပ်သော ဝန်ထုပ်ဝန်ပိုး သို့မဟုတ် ဖိအားများပင် ဖြစ်လာနိုင်သည်။​ မည်သို့ပင်ဖြစ်စေ အောက်ခြေထု အမျိုးသမီးများနှင့် ၎င်းတို့၏ စိုးရိမ်ပူပန်မှုများသည် ဖယ်ကြဉ်ထားခံနေရသည်။

ဆုံးဖြတ်ချက် ၁၃၂၅ ကို အကောင်အထည်ဖော်ရေး စည်းရုံးလှုံ့ဆော်ရန် အလွတ်သဘော ဖွဲ့စည်းထားသော နိုင်ငံအစုအဖွဲ့တခုဖြစ်သည့် ‘The Friends of 1325’ သည် မြန်မာနိုင်ငံတော်သစ်၏ အပြောင်းအလဲကို အဓိကဖော်ဆောင်နိုင်သော ပုဂ္ဂိုလ်များအဖြစ် အမျိုးသမီးများ၏ လှုပ်ရှားမှုများကို လူသိရှင်ကြား ထောက်ခံရမည်ဖြစ်ပြီး တရားမျှတမှုနှင့် တာဝန်ယူမှု/တာဝန်ခံမှုအတွက် ၎င်းတို့၏ အဆက်မပြတ် ကြိုးပမ်းအားထုတ်မှုများကိုလည်း ပံ့ပိုးကူညီပေးရမည် ဖြစ်သည်။ ဤနေရာတွင် ဖိလစ်ပိုင်နိုင်ငံသည် The Friends of 1325 ၏ တစိတ်တပိုင်းအနေဖြင့် အာဆီယံအတွင်းရှိ မြန်မာစစ်တပ်ကို ရှုတ်ချပြီး ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုများ ချမှတ်ရန် ဦးဆောင်မှုပေးနိုင်သည်။ ချင်းလူ့အခွင့်အရေးအဖွဲ့(CHRO) အနေနှင့် အဆိုပြုလွှာတစောင်ကို ဖိလစ်ပိုင်နိုင်ငံ တရားရေးဌာနသို့ လွန်ခဲ့သည့် ၁ နှစ်ကျော်က ပေးပို့ခဲ့သော်လည်း တုံ့ပြန်မှုတစုံတရာ မရှိသေးပေ။ ယခုအချိန်သည် အဆိုပါကိစ္စကို ရှေ့ဆက်လုပ်ဆောင်ရမည့် အချိန်ဖြစ်သည်။ The Friends of 1325 ၏ မိတ်ဆွေနိုင်ငံများ အထူးသဖြင့် အာရှအိမ်နီးချင်းများအဖြစ် ဖိလစ်ပိုင်၊ ကိုရီးယားနှင့် ဂျပန်နိုင်ငံများသည် မြန်မာစစ်တပ်၏ ရိုဟင်ဂျာအမျိုးသမီးများအပေါ် ကျူးလွန်သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများအဖြစ် တရားစွဲဆိုနိုင်ရန် အာဂျင်တီးနား၏ အပြည်ပြည်ဆိုင်ရာ တရားစီရင်ပိုင်ခွင့်အာဏာကို ကျင့်သုံးသည့် လမ်းစဉ်အတိုင်း လုပ်ဆောင်နိုင်သည်။

နိဂုံးချုပ်အနေဖြင့် မြန်မာအမျိုးသမီး တက်ကြွလှုပ်ရှားသူများနှင့် ခေါင်းဆောင်များအနေနှင့် အောက်ခြေအမျိုးသမီးများ၏ အတွေ့အကြုံများကို လေးလေးနက်နက် နားထောင်ပြီး ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအပေါ် ၎င်းတို့၏ ထင်မြင်ယူဆချက်များကို လေ့လာသင်ယူနိုင်ရန်အတွက် မိမိတို့၏ အချိန်နှင့် နှလုံးသားများကို အတူတကွ မြှုပ်နှံရန် စည်းလုံးညီညွတ်ကြရမည် ဖြစ်သည်။ ထိုသို့ နားထောင်ပေးပြီး ရရှိလာသော အသိပညာအပေါ် အခြေခံသော လူထုလှုပ်ရှားမှုသည် စစ်မှန်ပြီး ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းပေးရန် အဖြေရှာရာတွင် အကြီးမားဆုံး အထောက်အကူ ဖြစ်စေမည်။ မိမိတို့အား မျိုးဆက်ပေါင်းများစွာ တကွဲတပြားစီဖြစ်စေသော မတူကွဲပြားမှုများကို အောင်မြင်ကျော်လွှားနိုင်ရေးအတွက် ဤသို့ အားကောင်းသော လှုပ်ရှားမှုကြီးကို ဖော်ဆောင်ရာတွင် စစ်မှန်သော အားလုံးပါဝင်မှုနှင့် ခွဲခြားဆက်ဆံမှုများ ပပျောက်စေရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို စုပေါင်းကြိုးပမ်းအားထုတ်ရန် လိုအပ်မည် ဖြစ်သည်။

တော်လှန်ရေးအရှိန်အဟုန် မြင့်တက်လာတာနှင့်အမျှ အရပ်သားများကို အကာအကွယ်ပေးရေးသည် အရေးတကြီး လုပ်ဆောင်ရမည့် အရာတခု ဖြစ်လာသည်။ ယခုအချိန်သည် အမျိုးသမီးများအနေနှင့် ၎င်းတို့ကိုယ်ကို ငြိမ်းချမ်းရေးတည်ဆောက်သူများ၊ အပြောင်းအလဲ ဖော်ဆောင်သူများအဖြစ် သတ်မှတ်ပြီး နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍနှင့် လုပ်ငန်းစဉ်များကို တောင့်တင်းခိုင်မာလာအောင် လုပ်ဆောင်ရမည့် အချိန်ဖြစ်သည်။ အမျိုးသမီးများ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအပေါ် အမှန်တကယ် ကတိကဝတ်ထားရှိသော အစီအစဉ်တရပ် အောင်မြင်ရန် အဓိကသော့ချက်မှာ ရေရှည်တည်တံ့ခိုင်မြဲသော ဖက်ဒရယ် အနာဂတ်အတွက် အမျိုးသမီးငြိမ်းချမ်းရေး အစီအစဉ်တရပ်ကို ဖော်ဆောင်ရန် ရိုဟင်ဂျာ အမျိုးသမီးများ အပါအဝင် မတူကွဲပြားသော အောက်ခြေအမျိုးသမီးများအကြား ဒေသခံဦးဆောင်သော၊ အားလုံးပါဝင်သော တိုင်ပင်ဆွေးနွေးမှုများကို ဦးစားပေးလုပ်ဆောင်ရန် ဖြစ်ပေသည်။     ။

ခင်ဥမ္မာ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013