
ဘရာဇီးသမ္မတဟောင်း ဂျိုင်းရ်ဘော်လ်ဆိုနာရိုအပါအဝင် ဒါဇင်နဲ့ချီတဲ့ သူ့ရဲ့ဝန်ကြီးဟောင်းတွေ၊ အကြီးတန်း လက်ထောက်တွေကို ၂၀၂၂ ခုနှစ် ရွေးကောက်ပွဲရလဒ် ပြောင်းပြန်လှန်မယ့် အာဏာသိမ်းမှုကို ကြံစည်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နိုင်ငံတော်တရားရုံးချုပ်မှာ စွဲချက်တင်ထားတယ်လို့ ဘရာဇီးရဲတပ်ဖွဲ့က နိုဝင်ဘာ ၂၁ မှာ ပြောပါတယ်။
ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်တဲ့လှုပ်ရှားမှုမှာ သမ္မတဟောင်း ဘော်လ်ဆိုနာရို ပါဝင်နေတဲ့ အခန်းကဏ္ဍကို ၂ နှစ်နီးပါးကြာ စုံစမ်းစစ်ဆေးမှုတွေ အပြီးသတ်ပြုလုပ်ပြီးနောက် အခုလို စွဲချက်တင်လိုက်တာပါ။
၂၀၂၃ ခုနှစ် ဇန်နဝါရီလက ပြိုင်ဘက် သမ္မတ လူးဝစ်အင်နာစီယို လူလာ ဒါဆေးလ်ဗား တက်လာပြီး တပတ်လောက်အကြာမှာ သမ္မတဟောင်း ဘော်လ်ဆိုနာရိုရဲ့ ထောက်ခံသူတွေက မြို့တော် ဘရာစီလီယာကို သိမ်းပိုက်ခဲ့တဲ့ အဓိကရုဏ်းတွေဖြစ်ပွားခဲ့ပါတယ်။
အာဏာသိမ်းမှု အစီအစဉ်ကို ဘော်လ်ဆိုနာရို သိရှိထားတယ်ဆိုတဲ့ သက်သေအထောက်အထားတွေကို စုံစမ်းစစ်ဆေးသူတွေ တွေ့ရှိခဲ့ကြောင်းကို အဲဒီစုံစမ်းမှုနဲ့ နီးစပ်တဲ့ ရဲသတင်းရင်းမြစ်ကနေ သိရပါတယ်။
တရားရုံးချုပ်ကို တင်ပြထားတဲ့ ရဲတပ်ဖွဲ့ အစီရင်ခံစာနဲ့အတူ နိုင်ငံတော်အစိုးရရှေ့နေချုပ်ဟာ ဘော်လ်ဆိုနာရိုနဲ့ တခြားသူ ၃၆ ယောက်တို့ကို ဒီမိုကရေစီလမ်းကြောင်းကို အကြမ်းဖက်တဲ့ ရာဇ၀တ်မှုကို ကျူးလွန်ကြောင်း စွဲချက်တင်ဖို့ ဆုံးဖြတ်မှာ ဖြစ်ပါတယ်။
စွပ်စွဲခံရသူတွေထဲမှာ ဘော်လ်ဆိုနာရိုရဲ့ ကာကွယ်ရေးဝန်ကြီးဟောင်း ၂ ယောက်၊ အမျိုးသားလုံခြုံရေး အကြံပေးဟောင်း၊ ရေတပ်ဦးစီးမှူးဟောင်းနဲ့ တရားရေးဝန်ကြီးဟောင်းတို့ အပြင် ဘရာဇီး ထောက်လှမ်းရေးအေဂျင်စီကို ဦးဆောင်သူ ဥပဒေပြုလွှတ်တော်အမတ်နဲ့ ဘော်လ်ဆိုနာရိုရဲ့ လက်ယာယိမ်း လစ်ဘရယ်ပါတီ အကြီးအကဲတို့လည်း ပါဝင်နေတယ်လို့ ဖက်ဒရယ်ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
Source: Reuters











