DVB Logo
Home
မြန်မာသတင်း
မတ္တရာတွင် စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံး
DVB
·
November 22, 2024
မတ္တရာတွင် စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံး
Donate to DVB

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အနောက်ခြမ်းက တောပုကျေးရွာ၊ စိန်ပန်းကုန်းကျွန်းရွာနဲ့ သဲကျွန်းရွာတဝိုက်ကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၂၂ ရက် မနက် ၉ နာရီနဲ့ ၁၁ နာရီခွဲမှာ လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့တာကြောင့် ဒေသခံပြည်သူ စစ်ရှောင်တယောက် သေဆုံးခဲ့တယ်လို့ မတ္တရာမြို့နယ် ဒေသခံတွေဆီကနေ သိရပါတယ်။

မတ္တရာမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားနေတယ်လို့လည်း သိရပါတယ်။

မတ္တရာဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတယောက်က “ဒီနေ့မနက်ခင်း ၈ နာရီလောက်ကစပြီး မြွေဥဒိန်ရွာ အခြေပြုထားတဲ့ စစ်တပ်က ခန့်မှန်းအင်အား ၇၀ ခန့်နဲ့ သူဌေးကုန်းရွာဘက် စစ်ကြောင်းထိုးလာတာက စစ်ကြာင်းတ‌ကြောင်း၊ တချိန်တည်းမှာ မတ္တရာမြို့တောင်ဘက် ကျုံးရွာကနေ ခန့်မှန်းအင်အား ၁၀၀ ခန့်ပါတဲ့ စကစနဲ့ ပျူပြည်သူ့စစ် ပူးပေါင်းစစ်‌ကြောင်းက အနောက်ဘက်ရှိ ရွှေချောင်းပျူရွာတဆင့် အနောက်ဘက် ဆောက်ခြုံပေါက်ရွာဘက်ကို စစ်ကြောင်းထိုးလာတယ်ဗျ။ နောက်ပြီး ငယ်တိုးရွာ အထိုင်တပ်က‌ေနလည်း လက်နက်ကြီး ပစ်ကူတာတွေလည်း ရှိတယ်။ ဘာလို့ ဒီလိုပြုလုပ်လာတာလဲ ဆိုတာကတော့ ရှင်းပါတယ်၊ စ(-)တွေက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) ရှိရာ မန္တလေးမြို့ မကျဆုံးရေးကို အထူးအလေးထားနေလို့ဖြစ်မယ်” လို့ ပြောပါတယ်။

မတ္တရာမြို့ဟာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တည်ရှိရာ မန္တလေးမြို့နဲ့ ၂၄ မိုင်ခန့်သာ ကွာဝေးတဲ့ မြို့ဖြစ်ပြီး ကျေးလက်ဒေသတွေအားလုံးကို ပြည်သူ့ကာကွယ်ရေးတပ်က စိုးမိုး ထိန်းချုပ်ထားတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

စစ်ရှောင်တယောက်က “ရွာထဲမနေရဲဘူး။ အခုလည်း ပြေးနေရတယ်။ စစ်တပ်က လေယာဉ်တွေနဲ့ ဗုံးကြဲ ပစ်ခတ်နေပါတယ်။ အခုလည်း စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ အောက်ကင်းနဲ့ တောပုရွာနားမှာ တိုက်ပွဲဖြစ်နေကြတယ်။‌ တောပုကျေးရွာအနီးကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ နဲ့ ပေါင် ၂၀၀ ဗုံးတွေ ကြဲချတိုက်ခိုက် ‌‌‌‌‌‌‌‌သွားတယ်။ ၁၁ နာရီခွဲခန့်မှာလည်း စိန်ပန်းကုန်းကျွန်းရွာ၊ သဲကျွန်းရွာတဝိုက်ကို ထပ်ပြီး လေကြောင်းတိုက်ခိုက်သွားတယ်ဗျ။ စစ်ရှောင်အမျိုးသမီးတဦး ပွဲချင်းပြီး သေဆုံးတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က နိုဝင်ဘာလအတွင်း မတ္တရာမြို့နယ်ကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013