DVB Logo
Home
မြန်မာသတင်း
မြန်မာပြည်တွင်း ကြက်ဥထုတ်လုပ်မှု ကျဆင်းပြီး ကြက်ဥစျေး မြင့်တက်နေ
DVB
·
November 22, 2024
မြန်မာပြည်တွင်း ကြက်ဥထုတ်လုပ်မှု ကျဆင်းပြီး ကြက်ဥစျေး မြင့်တက်နေ
Donate to DVB

မြန်မာပြည်တွင်းမှာ ဥစားကြက် မွေးမြူရေးလုပ်ငန်းတွေအတွက် အစာကုန်ကြမ်းတွေ ဝယ်ရခက်တာ၊ ထုတ်လုပ်မှု စရိတ်တွေ တက်တာနဲ့ ဆေးဝါး တင်သွင်းခွင့် အခက်အခဲတွေကြောင့် တနိုင်ငံလုံးအတိုင်းအတာနဲ့ ကြက်ဥထုတ်လုပ်မှု ကျဆင်းပြီး ကြက်ဥစျေးတွေ မြင့်တက်လာပါတယ်။

ဥစားကြက် မွေးမြူရေးလုပ်ငန်းတွေမှာ အစာကုန်ကြမ်းစျေးမြင့်တာကအစ ထုတ်လုပ်မှုစရိတ် မြင့်တက်လာတဲ့အတွက် တနေ့ပျှမ်းမျှ အလုံးရေ သိန်း ၁၂၀ လောက် ထွက်ရှိနေတဲ့ ကြက်ဥထုတ်လုပ်မှုက ၈၅ သိန်းလောက်အထိ ကျဆင်းသွားတယ်လို့ ကြက်မွေးမြူရေး ဈေးကွက်ကနေ သိရပါတယ်။

အစာကုန်ကြမ်းတွေဖြစ်တဲ့ ပဲဖတ်၊ နှမ်းဖတ်စျေးတွေမြင့်တက်တာ၊ ရခိုင်ဒေသက အများဆုံးဝင်ရောက်တဲ့ ငါးခြောက်မှုန့်တွေ လမ်းတွေပိတ်ထားလို့ ရောက်မလာနိုင်တာစတဲ့ အစာကုန်ကြမ်း အခက်အခဲတွေကြောင့် ပြည်တွင်း အစာစပ် စက်ရုံ ရုံ ၃၀ လောက် အခက်အခဲတွေ ဖြစ်လာပါတယ်။ 

ကြက်ဥ ဖြန့်ဖြူး ရောင်းချသူ တယောက်က “လက်လီသမားတွေကျတော့ သူတို့ နေ့တွက်နဲ့ကိုက်အောင် အလွယ် ၅၀၀ ရောင်းလိုက်တာပေါ့။ တကယ့် တကယ် ဖြန့်ဈေးက ၄၂၀ ပဲ ရှိတာ။ အလွယ်ရအောင် ခေါင်လုံးတွေ ရွေးထုတ်လိုက်တော့ ၅၀၀၊ ၆၀၀ ဖြစ်သွားတာပေါ့။ ဒါတွေက လက်လီရောင်းတဲ့သူအပေါ် မူတည်တာပေါ့။ အစာကုန်ကြမ်းတွေ မရတဲ့ ပြဿနာတွေ၊ ပဲပုပ်ဆို တင်သွင်းရခက်တဲ့ ပြဿနာတွေ၊ အခုက ပဲဖတ်ကို သုံးနေရတယ်။ အဲ့တော့ လုပ်ဆောင်ချက် အပြည့်မရဘူး။ ဒါတွေလည်း စရိတ်စကတက်တယ်၊ ထုတ်လုပ်မှုစရိတ်တွေ တက်သွားတာပေါ့။ ကုန်ကျစရိတ်တွေ အများကြီးတက်လာတယ်။ ပို့ဆောင်ခတွေ တက်လာတယ်။ အရင်က ကြက်ဥတလုံး ကျပ် ၂၀၀ ဆို အခုက ကြက်ဥတလုံး ကျပ် ၄၀၀ ဆိုတော့ ဆုံးရှုံးစရိတ်ကလည်း ပိုတက်လာတာပေါ့”လို့ ပြောပါတယ်။

ကြက်ဥ တပိဿာကို သောင်းပြောင်း အရွယ်အစား ၂၆ လုံးပါဝင်ပြီး၊ အဲ့ဒီအတွက် ထုတ်လုပ်မှု ကုန်ကျစရိတ်က ပျှမ်းမျှ  ကျပ် ၈၅၀၀ အထိ ရှိပါတယ်။ အဲ့ဒီစရိတ်စကတွေ ကျဆင်းလာရင် စားသုံးသူဆီအရောက် စျေးနှုန်းတွေ လိုက်ပါ ကျဆင်းနိုင်တယ်လို့ ကြက်ဥ ထုတ်လုပ် ဖြန့်ချိသူတွေက ပြောပါတယ်။

မျိုးကြက်ဥ တွေအပြင် တိရစ္ဆာန်သုံးဆေးဝါး တင်သွင်းဖို့ လိုင်စင်တွေ ခက်ခဲတာကလည်း ကြက်ဥ ဥနှုန်း ကျဆင်းမှုကို သက်ရောက်စေတယ်လို့ မွေးမြူရေး လုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။

ဆေးဝါးတင်သွင်းခွင့် လိုင်စင်တွေနဲ့ ပတ်သက်လို့ သွင်းကုန်လုပ်ငန်းရှင်တယောက်က “အဓိကတော့ ဆေးဝါးရဲ့ အရေးပါမှုက အားလုံးနဲ့ ဆက်စပ်နေတယ်။ တိရစ္ဆာန်ရဲ့ ကျန်းမာ ဖွံ့ဖြိုးရေးသာ မကဘူး။ ရောဂါ ကာကွယ်ထိန်းချုပ်ရေး၊ Food chain ကနေ လူထုကျန်းမာရေးအထိပါ ပါတယ်လေ။ ဥပမာ - မုန်ဆိတ်ဆိုရင် တိရစ္ဆာန်ရဲ့အစာလေ။ အဲဒီကနေ မွေးမြူရေးကနေတဆင့် အသားကတဆင့် ပါသွားရင် လူအထိပါ ကျန်းမာရေးအထိပါ ထိခိုက်တယ်။ လူထု ကျန်းမာရေးကော တိရစ္ဆာန်ကျန်းမာ ဖွံ့ဖြိုးရေးကော အကုန် ဆက်စပ်နေတယ်”လို့ ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်တွင်းမှာ ကြက်ဥစျေးနှုန်းတွေ တက်လာသလို ကြက်သွန် အဖြူအနီကအစ ငရုပ်သီး၊ အာလူး ကန်စွန်းရွက် စတဲ့ စားသောက်ကုန် စျေးတွေကလည်း သမိုင်းတလျှောက် မကြုံဖူးလောက်အောင် မြင့်တက်လာပါတယ်။

လတ်တလော အခြေနေတွေအရ ကြက်ဥစျေး ကျဆင်းဖို့မရှိဘဲ ငါးကန်တွေပေါ်မှာ တည်ဆောက်ထားတဲ့ ကြက်ခြံတွေလည်း ဖျက်သိမ်းဖို့ ဖြစ်လာနေပါတယ်။

ဒီလိုသာ ဖျက်သိမ်းရမယ်ဆိုရင် ကြက်ဥစျေးက တလုံးကို ကျပ် ၇၀၀ ကနေ ကျပ် ၁၀၀၀ အထိ ဖြစ်လာနိုင်တယ်လို့ ဥစားကြက် မွေးမြူ ထုတ်လုပ်သူတွေက ခန့်မှန်း ပြောဆိုနေကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013