DVB Logo
Home
မြန်မာသတင်း
ကျားဖြန့်သံသယတရားခံ တရုတ်နိုင်ငံသား ၇၆၃ ဦးကို မြန်မာနိုင်ငံမှ တရုတ်ထံ လွှဲပြောင်းပေး
DVB
·
November 22, 2024
ကျားဖြန့်သံသယတရားခံ တရုတ်နိုင်ငံသား ၇၆၃ ဦးကို မြန်မာနိုင်ငံမှ တရုတ်ထံ လွှဲပြောင်းပေး
Donate to DVB

နယ်စပ်ဖြတ်ကျော် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်နေတယ်လို့ သံသယရှိတဲ့ တရုတ်နိုင်ငံသား စုစုပေါင်း ၇၆၃ ယောက်ကို ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့မှာ ဖမ်းဆီးရမိပြီးတဲ့နောက် မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ တရုတ်နိုင်ငံပိုင် CCTV သတင်းဌာနက နိုဝင်ဘာ ၂၂ ရက်မှာ  ဖော်ပြပါတယ်။

တန့်ယန်းမှာ လုပ်ဆောင်ခဲ့တဲ့ ပူးတွဲစစ်ဆင်ရေးအတွင်း ဖမ်းဆီးရမိခဲ့တဲ့ ကျားဖြန့် သံသယတရားခံ တရုတ်နိုင်ငံသား ၇၆၃ ယောက်ထဲမှာ တရုတ်နိုင်ငံရဲ့ အလိုရှိဆုံး ရာဇဝတ်သားစာရင်းမှာ ပါဝင်နေတဲ့ ဝရမ်းပြေး ၆၉ ယောက်လည်း ပါဝင်ကြောင်း သိရပြီး ကျားဖြန့်တွေမှာ အသုံးပြုနေတဲ့ ကွန်ပျူတာတွေ၊ မိုဘိုင်းဖုန်းတွေနဲ့ ငွေလိမ်စာရွက်စာတမ်းတွေကိုလည်း သိမ်းဆည်ရရှိခဲ့တယ်လို့ သိရပါတယ်။

ဒီသံသယရှိသူတွေနဲ့ သက်သေခံ အထောက်အထားတွေကိုတော့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ရဲ့ လင်ချန်းမြို့ရှိ Yonghe ဆိပ်ကမ်းကနေတဆင့် တရုတ်အာဏာပိုင်တွေထံ လွှဲပြောင်းပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

ကျားဖြန့်နှိမ်နှင်းရေး အထူးစစ်ဆင်ရေးတရပ်ကို တရုတ်နိုင်ငံရဲ့ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန (MPS) က ၂၀၂၃ ခုနှစ်မှာ စတင်ဖော်ဆောင်ခဲ့ချိန်ကစပြီး ငွေလိမ်ဂိုဏ်းတွေဟာ မြန်မာနိုင်ငံရဲ့ ဒေသတချို့ကို ပြောင်းရွှေ့အခြေချသွားခဲ့ပါတယ်။

ဒါပေမဲ့လည်း တရုတ်နိုင်ငံသားတွေကို စည်းရုံးသိမ်းသွင်းတာ ဒါမှမဟုတ် သွေးဆောင် ဖြားယောင်းတာတွေ ဆက်လက်လုပ်ဆောင်နေပြီး အကျိုးဆက်အနေနဲ့ တရားမဝင် ထိန်းသိမ်းခဲ့ရတာ၊ ပြန်ပေးဆွဲခံရတာနဲ့  နောက်ဆုံး အသတ်ခံရတာတွေအထိ ဆိုးရွားပြင်းထန်တဲ့ ရာဇဝတ်မှုတွေ ဖြစ်ပေါ်စေနိုင်တာကြောင့် ကျားဖြန့်တွေဟာ တရုတ်နိုင်ငံသားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်နဲ့ ဘေးကင်းလုံခြုံရေးကို ခြိမ်းခြောက်နေတယ်လို့ MPS က ပြောပါတယ်။

ဒါကြောင့် တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထားနေတဲ့ နယ်စပ်ဖြတ်ကျော် ကျားဖြန့် နှိမ်နင်းရေးလုပ်ငန်းတွေကို တရုတ်အာဏာပိုင်တွေအနေနဲ့ အရှိန်အဟုန်မြှင့် ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ MPS ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောကြားခဲ့ပြီး မြန်မာဒေသအာဏာပိုင်တွေနဲ့အတူ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကို အနီးကပ် ဆက်လက်လုပ်ဆောင်သွားဖို့ ယူနန်ရဲတပ်ဖွဲ့ကို ညွှန်ကြားထားတယ်လို့လည်း ဆိုပါတယ်။

တရုတ်နဲ့ မြန်မာရဲတပ်ဖွဲ့တို့ကြား ပထမဆုံး ဥပဒေစိုးမိုးရေး ပူးတွဲစစ်ဆင်ရေးကို မူဆယ်မြို့မှာ မတ်လက ဆောင်ရွက်ခဲ့ပြီး ကျားဖြန့်သံသယရှိသူ ၈၀၀ ကျော်ကို ဖမ်းဆီးရမိခဲ့ပါတယ်။

၂၀၂၃ ခုနှစ်ကစပြီး မြန်မာနိုင်ငံမြောက်ပိုင်း တရုတ်နယ်စပ်ရှိ အကြီးစား ကျားဖြန့်လုပ်ငန်းစုတွေကို ရှင်းလင်းနှိမ်နင်းမှုတွေ လုပ်ဆောင်ခဲ့ရာ ကျားဖြန့်တွေမှာ ပါဝင်လုပ်ကိုင်နေတဲ့ သံသယရှိ တရုတ်နိုင်ငံသား ၅၃,၀၀၀ ကျော်ကို ဖမ်းဆီးရမိခဲ့ပြီး  အဲဒီထဲက ၄၉,၀၀၀ ကို တရုတ်နိုင်ငံထံ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ပြီး ဖြစ်တယ်လို့  CCTV  သတင်းအရ သိရပါတယ်။

 Source/ Photo: CCTV

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013