DVB Logo
Home
မြန်မာသတင်း
တရုတ်တွင် အလုပ်သွားလုပ်မည့် မြန်မာအလုပ်သမားများ ဝင်ခွင့်စောင့်ဆိုင်းနေရသဖြင့် အခက်တွေ့
DVB
·
November 22, 2024
တရုတ်တွင် အလုပ်သွားလုပ်မည့် မြန်မာအလုပ်သမားများ ဝင်ခွင့်စောင့်ဆိုင်းနေရသဖြင့် အခက်တွေ့
1 / 3
Donate to DVB

မြန်မာ - တရုတ် နယ်စပ် မူဆယ်မှာ တရုတ်ဘက်ရှိ စက်ရုံတွေမှာ အလုပ်သွားလုပ်မယ့် အလုပ်သမားတွေ တရုတ်ထဲဝင်ခွင့်ရဖို့ လချီ စောင့်ဆိုင်းနေရတာကြောင့် စရိတ်ပြတ် ဒုက္ခရောက်‌နေကြရကြောင်း အလုပ်သမားတွေထံက သိရပါတယ်။

တရုတ်နယ်စပ် ရွှေလီမှာ အလုပ်သွားလုပ်ဖို့ စောင့်ဆိုင်းနေသူ အမျိုးသားတယောက်က “တပတ်ကတ် ရရဲ့သားနဲ့ ကျနော်တို့ဆိုရင် အောက်တိုဘာလ ၃၀ ရက်နေ့ ကျတာလေ။ ၃၀ ရက်နေ့ ကျပြီးတော့ အခု ရက်ပြည့်တဲ့အပြင် ၁၈ ရက်နေ့ထိကို မဝင်ရသေးဘူး။ တကယ်ဆိုလို့ ရှိရင် တပတ်ကတ်ဆို တပတ်အတွင်း ဝင်ရမယ့်ဥစ္စာကို ကျနော်တို့ မဝင်ရသေးဘူး။ နေ့စဉ် အသုံးစရိတ်ကို ကျနော်တို့ဆိုရင် စုစုပေါင်း သိန်းအစိတ်လောက်ရှိပြီ။ ကျနော်တို့လာတဲ့အဖွဲ့ကို အားလုံး ၆၈ ယောက်ရှိတယ်” လို့ ပြောပါတယ်။

သောက်ရေသန့် ၂၀၀ ကျပ်တန်တောင် ဝယ်မသောက်နိုင်တော့လို့ တရုတ်ဘက်ဝင်မယ့် အလုပ်သမားတွေကို ထားထားတဲ့ ဂိုဒေါင်မှာ တွင်းရေတွေ ခပ်သောက်နေရတဲ့ သူတွေတောင် ရှိနေပြီး ဒုက္ခရောက်နေကြရတယ်လို့ ပြောပါတယ်။

နောက်ထပ် အမျိုးသားတယောက်က “နေထိုင်ရတဲ့ အခက်အခဲက အဓိက အစားအသောက်ပေါ့။ အစားအသောက် အဆင်မပြေဘူး။ တနေ့ကိုတော့ ၂ ကြိမ်ပေါ့။ မနက် ၁၀ ခွဲကနေ ၁၁ ခွဲထိ တကြိမ်၊ ညနေ ၄ ခွဲကနေ ၅ ခွဲထိ တကြိမ် နှစ်ကြိမ်ကျွေးတယ်” လို့ ပြောပါတယ်။

တပတ်ကတ်ရဖို့ ၅၂ ရက် စောင့်ရပြီး တပတ်ကတ်ရပြီး တရုတ်ဘက်က အလုပ်ခေါ်စာရဖို့ စောင့်နေတာ ၁၉ ရက်ရှိပြီ ဖြစ်ပေမဲ့ လက်ရှိအထိ တရုတ်ဘက် မဝင်ရသေးဘူးလို့ သူက ပြောပါတယ်။

ပွဲစားတွေက ရွှေလီမှာ အလုပ်ရမယ်ဆိုပြီး ခေါ်တာကြောင့် လာခဲ့ကြတာဖြစ်ပြီး ရန်ကုန်ကနေ မူဆယ်ထိ လမ်းမှာ ၉ ညအိပ် ၁၀ ရက်ကြာခဲ့ကာ ခက်ခက်ခဲခဲနဲ့ လာခဲ့ကြရတယ်လို့ အလုပ်သမားတယောက်က ပြောပါတယ်။

မူဆယ်အဆောင်တွေမှာ နေစရိတ်၊ စားစရိတ် အကုန်ခံ ခက်ခက်ခဲခဲနဲ့ လချီ စောင့်ရပြီး တရုတ်ဘက်ဝင်သွားတဲ့ အချိန်မှာလည်း တရုတ်ဂိတ်မှာ တချို့လူတွေကို အကြောင်းပြချက် ရေရေရာရာ တိတိကျကျ ရှင်းပြတာမျိုးမရှိဘဲ မြန်မာဘက် ပြန်လွှတ်ခံရသူတွေ ရှိတယ်လို့ ပြန်လွှတ်ခံရတဲ့ အမျိုးသမီးတယောက်က ပြောပါတယ်။

ပွဲစားတယောက်ကတော့ တရုတ်ဘက် အရင်က အလုပ်လုပ်ခဲ့ဖူးပြီး မြန်မာဘက် ပြန်ပို့ခံရတာတွေ၊ တချို့ တရုတ်ဘက်က ပြည်နှင်သတ်မှတ်ထားတဲ့ ကာလမပြည့်သေးသူတွေနဲ့ CDM လုပ်ထားတဲ့ ဝန်ထမ်းတွေကို တရုတ်ဘက်က အဝင်မခံဘဲ ပြန်လွှတ်တာရှိကြောင်း လူမှုကွန်ရက်ကနေ ရှင်းပြထားပါတယ်။

အခု နိုဝင်ဘာလလယ်ခန့်က တရုတ်ပြည်ထဲမှာ ဝင်ဖို့ရာ ခေါ်စာအမြန်ချပေးဖို့နဲ့ မူဆယ်မှာ ဒုက္ခအကြီးအကျယ်ရောက်နေကြောင်း မူဆယ် နယ်စပ်စည်းရိုးအနီး လုပ်သားတစု ဆန္ဒပြ တောင်းဆိုတာ ရှိခဲ့ပြီး ဆန္ဒပြသူတွေ တချို့ကိုလည်း စစ်ကောင်စီက ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။

တရုတ်ဘက်ကနေ ခေါ်စာလုပ်တာမှာ အလုပ်သမားရုံးနဲ့ ရဲစခန်းကနေ ချပေးတာဖြစ်ပြီး လုပ်ငန်းရှင်အများစုက တပတ်ကို လုပ်သား ၁၀ ယောက်ခန့်သာ ခေါ်ယူလို့ ရတာကြောင့် ခက်ခဲနေတယ်လို့ ရွှေလီမြို့က စက်ချုပ် စက်ရုံလုပ်ငန်းရှင်တယောက်က ပြောပါတယ်။

တရုတ်ဘက်သွားမယ့် လုပ်သားအများစုက ပွဲစားတွေရဲ့ စည်းရုံးမှုနဲ့ လာခဲ့ကြတာဖြစ်ပြီး ပွဲစားတွေကတော့ လုပ်သားတယောက်ကို အနည်းဆုံး တရုတ်ယွမ် ၃,၅၀၀ (ကျပ် ၂ သိန်းကျော်) ယူပြီး တပတ်ကတ် သက်တမ်းတိုးခ တကတ်ကို မြန်မာဘက်ခြမ်း လဝကမှာ တရုတ်ယွမ် ၁၀၀ (ကျပ် ၆ သောင်းကျော်)၊ နယ်စပ်ဂိတ်ဖြတ်ဖို့ ခေါ်ပေးတာ လုပ်သားတယောက်ကို တရုတ်ယွမ် ၁,၅၀၀ ကနေ ၁,၈၀၀ ကြား (ကျပ် တသိန်းကျော်) ကုန်ကျရကြောင်း နယ်စပ်ဒေသခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013