DVB Logo
Home
မြန်မာသတင်း
မိခင်နှင့်ကလေးကျန်းမာရေး ကမ္ဘာ့ဘဏ်က ဒေါ်လာသန်း ၁၀၀ ချေးမည်
DVB
·
October 15, 2014
မိခင်နှင့်ကလေးကျန်းမာရေး ကမ္ဘာ့ဘဏ်က ဒေါ်လာသန်း ၁၀၀ ချေးမည်
Donate to DVB

နိုင်ငံတ၀န်း မြို့နယ်ပေါင်း ၃၃၀ မှာ နေထိုင်နေကြတဲ့ ကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေး စုစုပေါင်း ၄ သန်းကို အကျိုးဖြစ်စေမယ့် ကျန်းမာရေးဝန်ဆောင်မှု ပေးနိုင်ဖို့ မြန်မာနိုင်ငံကို ချေးငွေ ဒေါ်လာ သန်း ၁၀၀ ပေးအပ်ဖို့ အတည်ပြုကြောင်း ကမ္ဘာ့ဘဏ်က ကြေညာပါတယ်။

မြန်မာနိုင်ငံမှာ မိခင်၊ မွေးကင်းစနဲ့ ကလေးကျန်းမာရေးစောင့်ရှောက်မှု တိုးမြှင့် ဆောင်ရွက်နိုင်ဖို့ ကမ္ဘာ့ဘဏ်အုပ်စုရဲ့ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအသင်းရဲ့ ချေးငွေ ပေးမယ့်အစီအစဉ်ကို  အတည်ပြုတာဖြစ်ပါတယ်။

mother and child“မရှိမဖြစ်လိုအပ်သော ကျန်းမာရေး ၀န်ဆောင်မှုများ လက်လှမ်းမီရရှိရေး စီမံချက်ဟာ မိခင်၊ မွေးကင်းစနဲ့ ကလေးကျန်းမာရေးကို အလေးပေးဆောင် ရွက်မှာ ဖြစ်ပြီး မြန် မာနိုင်ငံရဲ့ ရေရှည် ရည်မှန်းချက်ဖြစ်တဲ့ လူတိုင်းလွှမ်းခြုံသော ကျန်းမာရေးစောင့်ရှောက်မှု ရရှိရေးကို တစထက်တစ တက်လှမ်းရောက်ရှိနိုင်ရေးကို ဦးတည်တာဖြစ်တယ်” လို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဒေါက်တာသိန်းသိန်းဌေးက ပြောဆိုချက်ကို ကြေညာချက်မှာ ထည့်သွင်း ဖော်ပြပါတယ်။

ဒီစီမံချက်ဟာ မိခင်နဲ့ ကလေး ကျန်းမာရေးစောင့်ရှောက်မှုတွေ ပိုမိုရရှိစေဖို့နဲ့ အရည်အသွေး ပိုမိုကောင်းမွန်လာစေဖို့ ၂ မျိုးစလုံးကို ဦးတည်ဆောက်ရွက်မယ်လို့ ဆိုပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်က ပြည်သူကို ဗဟိုပြုတဲ့ ဖွံ့ဖြိုးတိုးတက်ရေးအယူအဆပေါ်မှာ အခြေခံဆောင်ရွက်တဲ့ မြန်မာနိုင်ငံရဲ့ ဒီစီမံချက်ကို ကူညီခွင့်ရလို့ ၀မ်းမြောက်တယ်လို့ ပြောပါတယ်။

ဒီခွင့်ပြုငွေ ဒေါ်လာသန်း ၁၀၀ ဟာ မြန်မာပြည်မှာ ကမ္ဘာ့ဘဏ်က အလျင်အမြန် တိုးချဲ့နေတဲ့ ဆောင်ရွက်ချက်တွေထဲက တခု ဖြစ်ပါတယ်။

ဒီနှစ် ဇန်န၀ါရီလက ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ ဂျင်ယုံကမ်ရဲ့ မြန်မာပြည်ခရီးစဉ်မှာ အမေရိကန်ဒေါ်လာ သန်း ၂ ထောင်နဲ့ ညီမျှတဲ့ ဖွံ့ဖြိုးရေးအစီအစဉ်ကို ပြောကြားခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မူဘောင်အသစ်တခုကို စတင်ရေးဆွဲနေပါတယ်။

အဲဒီမူဘောင်ထဲမှာ စိုက်ပျိုးရေး၊ ရေအရင်းအမြစ်ကဏ္ဍ၊ လျှပ်စစ်မီး၊ ကျန်းမာရေး၊ ပညာရေး၊ ပြည်သူ့ဘဏ္ဍာငွေ စီမံခန့်ခွဲရေး၊ ဘဏ္ဍရေးနဲ့ ငွေကြေးဈေးကွက်၊ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး စတဲ့ အရေးကြီးတဲ့ ဖွံ့ဖြိုးရေး ဦးစားပေးကဏ္ဍတွေ ပါဝင်ပါတယ်။

ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ရဲ့ ဒီနှစ်ဆန်းပိုင်းအစီရင်ခံစာမှာ မိသားစုစီမံကိန်း ကျင့်သုံးမှုမှာ အားနည်းနေတဲ့ မြန်မာပြည်က မိခင်သေဆုံးမှုရဲ့ ၈၇ ရာခိုင်နှုန်းဟာ ကျေးလက်ဒေသတွေက ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာပြည်မှာ ကိုယ်ဝန်ဖျက်ချတာဟာ တရားမ၀င်လို့ သတ်မှတ်ထားပြီး ကျူးလွန်ရင် မိခင်က ထောင်ဒဏ် ၇ နှစ်၊ ကူညီသူက ထောင်ဒဏ် ၃ နှစ် ကျခံရဖို့ ရှိပါတယ်။

ဒီအချက်ကို ထောက်ပြပြီး ကိုယ်ဝန်ဖျက်ချလိုသူတွေကို အရပ်လက်သည်တွေထံမှာ ဖျက်ချဖို့ တွန်းပို့သလို ဖြစ်ပြီးကတည်းက စိတ်ချရမှု မရှိတဲ့ ကိုယ်ဝန်ပျက်ကျမှုတွေ ဖြစ်ပွားရတာဟာ  မိခင်သေဆုံးမှုများခြင်းအကြောင်းတွေထဲက တခုဖြစ်တယ်လို့ ဆိုပါတယ်။

အစီရင်ခံစာမှာ မြန်မာပြည်ဟာ ဒေသတွင်းမှာ သားသည်မိခင် သေဆုံးမှု အဆိုးဆုံးနိုင်ငံအဖြစ် ရည်ညွန်းခဲ့ပြီး အယောက် ၁ သိန်း မွေးဖွားရင် ၂၀၀ ဦး သေဆုံးနေတယ်လို့ ဖော်ပြခဲ့ပါတယ်။

ဒါကြောင့် ၂၀၁၅ ခုနှစ်မှာ မွေးဖွားမှု ၁ သိန်းမှာ ၁၃၀ ဦး သေဆုံးမှုထိ လျော့ချရေး ကုလသမဂ္ဂရဲ့ ထောင်စုနှစ်ရည်မှန်းချက်ကို အောင်မြင်ပေါက်မြောက်ဖို့ မဖြစ်နိုင်ဘူးလို့ ကုလသမဂ္ဂတာဝန်ရှိသူတွေက သတိပေးထားပါတယ်။

၂၀၁၃ ခုနှစ် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ အစီရင်ခံစာမှာ မြန်မာပြည်မှာ မွေးဖွားတဲ့ ကလေး ၁၀ ပုံ ၁ ပုံ နှုန်းဟာ ကိုယ်အလေးချိန်နည်းနေတာ တွေ့ရကြောင်းနဲ့ နှစ်စဉ် မြန်မာကလေးငယ် ၅ သောင်း ၆ ထောင်ခန့်ဟာ အသက် ၅ နှစ်မပြည့်မီ သေဆုံးနေကြောင်း ဖော်ပြ ထားပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013