
ရခိုင်ပြည်နယ်က အာရက္ခတပ်တော် ထိန်းချုပ်မြို့နယ်တွေမှာ ရောင်းချခွင့်နဲ့ သောက်သုံးခွင့် ပိတ်ထားတဲ့ နိုင်ငံခြားဖြစ်အရက်တွေကို သင်္ကြန်ကာလ ရောင်းချ၊ သောက်သုံးခွင့် ၂ လ ခွင့်ပြုလိုက်တယ်လို့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA) က ဧပြီ ၁ ရက်မှာ ထုတ်ပြန်ပါတယ်။
AA ထိန်းချုပ်မြို့နယ်တွေမှာ နိုင်ငံခြားထုတ် အရက်တွေနဲ့ စစ်ကောင်စီထုတ် အရက်တွေကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကတည်းက ရောင်းချခွင့်နဲ့ သောက်သုံးခွင့် ပိတ်ပင်ထားတာကနေ နိုင်ငံခြားဖြစ် အရက်တွေကို ကာလတိုအဖြစ် ဧပြီ ၂ ရက်မှ မေ ၃၀ ရက်အထိ ရောင်းချခွင့်နဲ့ သောက်သုံးခွင့် ပြုလိုက်တာဖြစ်ပါတယ်။
ဒါပေမဲ့ စစ်ကောင်စီရဲ့ ဦးပိုင်ကုမ္ပဏီထုတ် အရက်တွေနဲ့ ဘီယာတွေကိုတော့ ရောင်းချခွင့်နဲ့ သောက်သုံးခွင့်ကို ဆက်လက်ပိတ်ပင်ထားမှာဖြစ်ပြီး နိုင်ငံခြားက ထုတ်လုပ်တဲ့ အရက်တွေကိုသာ တင်သွင်းခွင့်နဲ့ ရောင်းချ၊ သောက်သုံးခွင့်ပြုမှာလို့ သိရပါတယ်။
နိုင်ငံခြားဖြစ် အရက်နဲ့ ဘီယာ တင်သွင်းခွင့်ကို ဧပြီ ၂ ရက်မှ ၁၀ ရက်အထိသာ ခွင့်ပြုပေးသွားမှာ ဖြစ်ပြီး ဖြန့်ဖြူးခွင့်နဲ့ သောက်သုံးခွင့်ကို ဧပြီ ၂ ရက်ကနေ မေ ၃၀ အထိ ၂ လကြာ ခွင့်ပြုတာ ဖြစ်ပါတယ်။
နိုင်ငံခြားဖြစ် အရက်နဲ့ ဘီယာ တင်းသွင်းမဲ့သူတွေအနေနဲ့ အရက်ထိန်းချုပ်ရေးဘုတ်အဖွဲ့ (ACB)သို့ ကြိုတင်ပြီး လိုင်စင်(သို့) ခွင့်ပြုချက်အမိန့် တင်သွင်းရမှာဖြစ်ပြီး ခွင့်ပြုချက်ရရှိမှ တင်းသွင်းခွင့်ပြုမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
တားမြစ်ထားတဲ့ စစ်ကောင်စီထုတ် အရက်တွေကို အရင်ကတည်းက လက်ဝယ်ထားရှိသူတွေအနေနဲ့လည်း ကြေညာချက် ထုတ်ပြန်တဲ့ နေ့က ၇ ရက်အတွင်း နီးစပ်ရာ အုပ်ချုပ်ရေးဌာနတွေကို မဖြစ်မနေ အပ်နှံရမယ်လို့ ပြောထားပါတယ်။
ကြေညာချက်ပါ အချက်အလက်တွေကို လိုက်နာမှုမရှိဘဲ ချိုးဖောက်မှုတွေ ပြုလုပ်ပါက တည်ဆဲဥပဒေနဲ့အညီ အရေးယူသွားမှာဖြစ်သလို အမည်ပျက်စာရင်းသွင်းပြီး နောင်မှာ အရက်ရောင်းချခွင့် လိုင်စင်တွေကိုလည်း ရုပ်သိမ်းသွားမယ်လို့ ပြောထားပါတယ်။
နိုင်ငံခြားဖြစ် အရက်တွေကို သင်္ကြန်ကာလမှာ သောက်သုံးခွင့် ပြုလိုက်တာက ကောင်းမွန်တဲ့ လုပ်ရက်ဖြစ်သလို ပြည်သူတွေရဲ့ စိတ်ပျော်ရွှင်မှုကို လွတ်လပ်ခွင့် ပြုလိုက်တာလို့ မင်းပြားဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
“ရခိုင်မှာ နိုင်ငံခြားဖြစ် အရက်တွေကို သင်္ကြန်ကာလနဲ့ ၂ လတာ တရားဝင် ရောင်းချ၊ သောက်သုံးခွင့်ပြုတာက ဖြစ်သင့်တယ်လို့ ထင်တယ်။ ရခိုင်ပြည်သူတွေက စနစ်တကျ ထုတ်လုပ်ထားတာ မဟုတ်ဲတဲ့ ဆန်အရက်တွေပဲ သောက်နေကြရတာ။ အခု သင်္ကြန်ကာလတွင်း ဆိုတော့ စနစ်တကျ ထုတ်လုပ်ထားတဲ့ နိုင်ငံခြားဖြစ် အရက်တွေ သောက်သုံးခွင့်ရတော့ စိတ်အပန်းဖြေနိုင်ဖို့လည်း အတိုင်းအတာတခုအထိ ထွက်ပေါက်ဖြစ်သလို ကျန်းမာရေးအတွက်လည်း ကောင်းနိုင်တယ်။”
AA ထိန်းချုပ်မြို့နယ်တွေမှာ ၂၀၂၄ ခုနှစ်ကတည်းက ဆန်အရက်တွေ သောက်သုံးနေကြရတာကြောင့် ဒေသခံတွေဟာ ကျန်းမာရေးအရ ထိခိုက်မှုတွေ ရှိနေသလို AA ကျန်းမာရေးဌာနကလည်း ဆန်အရက်တွေဟာ ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။










