
ရန်ကုန်-ကျောက်ဖြူလေယာဉ်လက်မှတ်ခဟာ တစောင်ကို ကျပ် ၅၀၀၀၀၀ အထိရှိလာပြီး ရက်အကန့်အသတ်နဲ့သာ ရရှိနိုင်မယ်လို့ လေယာဉ်လက်မှတ် အရောင်းကိုယ်စားလှယ် တွေထံက သိရပါတယ်။
၂၀၂၃ ခုနှစ် ဒီဇင်ဘာလက ရန်ကုန်-ကျောက်ဖြူလေယာဉ်လက်မှတ်ခဟာ လေကြောင်းလိုင်း အပေါ်မူတည်ကာ ကျပ် ၁၀၀,၀၀၀ လောက်သာရှိခဲ့တာပါ
အခုနှစ် ဒီဇင်ဘာလ မကုန်ခင်ကိုပဲ ကျပ် ၅၀၀၀၀၀ အထိရှိလာသလို အခုလအတွက် လေကြောင်းခရီးစဉ်တွေ ပြည့်နေပြီဖြစ်လို့ ဒီဇင်ဘာ ပထမအပတ်လောက်မှာပဲ လက်မှတ်ရတော့မယ်လို့ လေယာဉ်လက်မှတ် အရောင်းကိုယ်စားလှယ်တွေကပြောပါတယ်။
လေယာဉ်လက်မှတ်အရောင်းကိုယ်စားလှယ်တယောက်က “ဒီဇင်ဘာ ၆ ရက်၊ ၇ ရက်ဝန်းကျင်မှပဲ ရတော့မယ်။ လောလောဆယ်တော့ ဘွတ်ကင်တွေ ပြည့်နေပါပြီ။ Air KBZ ဆိုရင် ၅၀၀,၀၀၀ ပါ။ MNA ဆိုရင်တော့ ၄၉၀,၀၀၀ လောက်ရှိပါမယ်။ သွားမယ့်ရက်အပေါ် ခရီးစဥ် ပယ်ဖျက်တာ ရှိ/မရှိကို ကြိုတင်အကြောင်းပေးပါတယ်။ လက်မှတ်အတွက်လည်း ငွေပြန်အမ်းပေးပါတယ်”လို့ ပြောပါတယ်။
အခုနှစ်စပိုင်းကစပြီး ရခိုင်ပြည်နယ်ရဲ့ ကုန်းလမ်း၊ ရေလမ်းအဝင်၊ အထွက်တွေကို စစ်ကောင်စီက ပိတ်ဆို့ခဲ့ပြီး လေကြောင်းခရီးစဉ်ခရီးစဉ်တခုတည်းကိုသာ ခွင့်ပြုခဲ့တာကြောင့် ကုန်စည်စီးဆင်းမှု နှောင့်နှေးကာ ကုန်ဈေးနှုန်းတွေကြီးမြင့်နေပါတယ်။
စစ်ကောင်စီဟာ လေကြောင်းခရီးစဉ်နဲ့ ရန်ကုန်ကနေ ကျောက်ဖြူကိုလာမယ့်ခရီးသည်တွေကို တင်းကျပ်စစ်ဆေးနေသလို ကျောက်ဖြူကနေ ရန်ကုန်ကိုသွားမယ့်ခရီးသည်တွေကိုလည်း ထွေအုပ်ရုံးရဲ့ ထောက်ခံစာတွေနဲ့သာ ကျန်းမာရေးမကောင်းသူ၊ ကျောင်းသား၊ ဝန်ထမ်းတွေကို ထွက်ခွာခွင့်ပေးနေတယ်လို့ ကျောက်ဖြူမြို့ခံတယောက်က ပြောပါတယ်။
“လေကြောင်းနဲ့ ရန်ကုန်ပြန်မယ်ဆိုရင်လည်း ထောက်ခံစာတခါတောင်းရတယ်။ ရန်ကုန်က ကျောက်ဖြူသွားမယ်ဆိုရင်လည်း ထောက်ခံစာတခါတောင်းရတယ်။ ထောက်ခံစာမြန်မြန်ရဖို့ လာဘ်ထိုးရတာရယ်၊ လေယာဉ်လက်မှတ်ခရယ်ဆိုရင် အသွားအပြန် ၁၂ သိန်းလောက် ကုန်တယ်။”
ရန်ကုန်-ကျောက်ဖြူ လေယာဥ်လက်မှတ်ခတွေဟာ အာဏာမသိမ်းခင်က ၆၇၀၀၀ ကျပ်သာရှိခဲ့ပြီး ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလမှာတော့ ကျပ် ၁၀၀၀၀၀ ကျော်အထိအထိ မြင့်တက်ခဲ့တာပါ။
လက်ရှိမှာ ရခိုင်ပြည်နယ်က လေဆိပ်တွေဖြစ်တဲ့ စစ်တွေနဲ့ သံတွဲလေဆိပ်တွေဟာ ခရီးစဉ်တွေရပ်နားထားရပြီး ကျောက်ဖြူလေဆိပ်တခုတည်းသာ ခရီးစဉ်တွေခွင့်ပြုထားပါတယ်။











