DVB Logo
Home
နိုင်ငံတကာ
ထိုင်းတွင် ဘုရားဆင်းတုတော် ၃ ဆူအတွင်းမှ ဘတ်သန်း ၁၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးများ တွေ့ရှိ 
DVB
·
November 20, 2024
ထိုင်းတွင် ဘုရားဆင်းတုတော် ၃ ဆူအတွင်းမှ ဘတ်သန်း ၁၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးများ တွေ့ရှိ 
Donate to DVB

ထိုင်းအရှေ့မြောက်ပိုင်း နခွန်းဖနုန်ခရိုင်ထဲမှာ စွန့်ပစ်ထားတဲ့ ဘုရားဆင်းတုတော် ၃ ဆူအတွင်း ဘတ်သန်းပေါင်း ၁၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူနဲ့ စိတ်ကြွဆေးတွေ တွေ့ရှိတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။ 

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ ရက်ညက နယ်ခြားစောင့်တပ် အမှတ် ၂၃၇ တပ်ဖွဲ့ဝင်တွေဟာ နခွန်းဖနုန်မြို့နယ် ထာ့အူထွဏ်းမြို့နယ်တွင်း လုံခြုံရေးလှည့်လည်စစ်ဆေးစဉ် ထာ့ကျမ်ပါအုပ်စု ဘန့်ဒွန်းဒဲန်းနွဲ့ရွာ သင်္ချိုင်းကုန်းအဝင်ဝနားမှာ စွန့်ပစ်ထားတဲ့ ဘုရားဆင်းတုတော် ၃ ဆူကို တွေ့ရှိခဲ့ပါတယ်။

အဆိုပါဘုရားဆင်းတုတော်မှာ အမြင့် ၂ မီတာ အကျယ် ၁ မီတာခွဲခန့်ရှိ ရွှေ‌ရောင် တဆူ၊ ဆင်းတုတော်အသေး မြစိမ်းရောင်တဆူနဲ့ အနက်ရောင်တဆူဖြစ်ပြီး ပစ်ချခံထားရလို့ ပွန်းပဲ့ရာတွေ ရှိတယ်။ ရွှေ‌ရောင်ဘုရားမှာ သွန်းလောင်းထုဆစ်ထားတာ မကြာသေးဘူး၊  မအပ်စပ်တဲ့နေရာမှာ ဆင်းတုတော်တွေ တွေ့ရှိရလို့ မသင်္ကာဖြစ်ပြီး ထုခွဲစစ်ဆေးကြည့်တယ်။ 

ဆင်းတုတော်တွေထဲမှာတော့ သဲမြေတွေကြားထဲက အထုပ်တွေထဲမှာ ဘိန်းဖြူ ၃၂ တောင့်နဲ့ စိတ်ကြွဆေး ၁၁၃ ထုပ် တွေ့ရှိတယ်၊  အလေးချိန်စုစုပေါင်း ၁၃၀ ကီလိုဂရမ်ရှိပြီး ကာလတန်ဖိုး ဘတ်သန်းပေါင်း ၁၀၀ ကျော်ရှိမယ်လို့ ဆိုပါတယ်။ 

အဆိုပါနယ်မြေမှာ မဲခေါင်မြစ်နဲ့နီးပြီး မူးယစ်ဆေးဝါး သယ်ဆောင်လေ့ရှိတဲ့ လမ်းကြောင်း ဖြစ်တယ်၊ ဒါကြောင့် တာဝန်ရှိသူတွေက လုံခြုံရေးတင်းကျပ်စွာ လှည့်လည် စစ်ဆေးတယ်၊ မူးယစ်ဆေးဝါး သယ်ဆောင်သူတွေဟာ တာဝန်ရှိသူတွေကို တွေ့တော့ ဆက်ပြီးမသယ်ရဲတော့ဘဲ  အဲဒီဆင်းတုတော်တွေကို ပစ်ချထားဟန်တူတယ်လို့ ဆိုပါတယ်။ 

မူးယစ်ဆေးတွေဟာ ထိုင်းမြောက်ပိုင်းနယ်စပ်ဘက်ကနေ ဝင်လာပြီး အရှေ့မြောက်ပိုင်းကို လမ်းကြောင်းပြောင်းကာ ထိုင်းနိုင်ငံအတွင်းပိုင်းနဲ့ နိုင်ငံခြားကို ဆက်လက်ပို့ဆောင်လိမ့်မယ်၊ ဗုဒ္ဒဘာသာတို့ အထွတ်အမြတ်ထားတဲ့ ဆင်းတုတော်ထဲ အခုလို မူးယစ်ဆေးတွေ ထည့်ရဲတဲ့သူဟာ ဗုဒ္ဓဘာသာတော့ ဟုတ်ဟန်မတူဘူးလို့ တာဝန်ရှိသူတယောက်က သုံးသပ်ပြောဆိုပါတယ်။ 

Source: Thairath / CH7 HD News

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013