
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တကျော့ပြန်တိုက်ပွဲစဖြစ်တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်ကနေ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၃ ရက်အထိ တနှစ်အတွင်း စစ်ကောင်စီက အရပ်သားပြည်သူ ၇၀၃ ဦးအထိ ဖမ်းဆီးခဲ့တယ်လို့ လူသားချင်းစာနာ ထောက်ထားရေးနဲ့ ဖွံဖြိုးရေးဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးရုံး (HDCO) က နိုဝင်ဘာ ၁၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ဖမ်းဆီးခံရသူအများဆုံးဟာ စစ်တွေမြို့နယ်က ၂၆၇ ဦးနဲ့ အများဆုံးဖြစ်ပြီး၊ ကျောက်ဖြူမှာ ၁၂၉ ဦး၊ မောင်တောမှာ ၁၂၈ ဦး၊ ပေါက်တောမှာ ၅၀ ဦး၊ ဘူးသီးတောင်မှာ ၃၁ ဦး၊ တောင်ကုတ်မှာ ၂၄ ဦးနှင့် သံတွဲမှာ ၁၄ ဦး၊ မင်းပြားမှာ ၉ ဦး၊ အမ်းနဲ့ ဂွမှာ ၈ ဦး၊ ရမ်းဗြဲမှာ ၇ ဦး၊ မြောက်ဦးမှာ ၆ ဦးအပြင် မြေပုံမှာ ၆ ဦး၊ ပုဏ္ဏားကျွန်းနဲ့ ရသေ့တောင်မှာ ၅ ဦး၊ ကျောက်တော်မှာ ၄ ဦး နဲ့ မာန်အောင်မှာ၂ ဦး တို့ဖြစ်ပါတယ်။
ဖမ်းဆီးခံရသူတွေမှာ အမျိုးသား ၅၉၈ ဦး နဲ့ အမျိုးသမီး ၁၀၅ ဦးတို့ ဖြစ်ကြပြီး အဲဒီအထဲတွင် အသက် ၁၈ နှစ်အောက် ကလေးငယ် ၂၄ ဦး ပါဝင်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ စစ်ကောင်စီရဲ့ ဖမ်းဆီးတာခံရတဲ့သူတွေထဲက ၁၉၈ ဦး ဟာ ပြန်လည်လွတ်မြောက်လာပြီဖြစ်ပါတယ်။
၂၀၂၄ ခုနှစ် မေ ၂၉ ရက်ကလည်း စစ်ကောင်စီက ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ဗျိုင်းဖြူရွာ ကျေးရွာနေ ဒေသခံ ပြည်သူ ၃၀၀ ကျော်ကို AA နဲ့ ဆက်စပ်နေတယ်ဆိုပြီးဖမ်းဆီးကာ လူ ၈၀ နီးပါးလောက်ကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့တယ်။
၂၀၂၄ ခုနှစ် ဇွန် ၁၆ ရက်ကလည်း စစ်တွေမြို့နယ် မင်းဂံရပ်ကွက်က ဒေသခံပြည်သူရာနဲ့ချီကို စစ်ကောင်စီက ဧည့်စာရင်းစစ်ဆေးတယ်လို့ဆိုပြီး အကြောင်းပြပြီး ဖမ်းဆီးခဲ့ပါတယ်။
ရခိုင်မှာ စစ်ကောင်စီက အရပ်သားပြည်သူတွေကို ပစ်မှတ်ထား ဖမ်းဆီးတာ၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်တာ၊ စစ်ကြောင်းထိုးဝင်ရောက်ပြီး ကျေးရွာအတွင်း မီးရှို့တာတွေကို ပြောင်ပြောင်တင်းတင်း လုပ်လာကြပြီး စစ်ရာဇဝတ်မှုတွေကိုချိုးဖောက်နေတယ်လို့ ရခိုင်ကူညီပေးရေးလုပ်ဆောင်နေသူတွေက ပြောပါတယ်။
ကေခိုင်











