
ကမ္ဘာ့အကြီးဆုံး သန္တာကျောက်တန်းကြီးတခုကို သိပ္ပံပညာရှင်တွေက ဆော်လမွန်ကျွန်းမှာတွေ့ရှိခဲ့ပြီး ကောင်းကင်ကတောင် မြင်တွေ့နိုင်တယ်လို့ ဆိုပါတယ်။
ဒီသန္တာကျောက်တန်းဟာ အရင်က ကမ္ဘာ့အကြီးဆုံး သန္တာကျောက်ထက် ၃ ဆပိုကြီးကာ သက်တမ်းအားဖြင့် နှစ် ၃၀၀ ခန့်ရှိပြီလို့ ယုံကြည်ထားပါတယ်။
ဆော်လမွန်ကျွန်းရှိ သမုဒ္ဒရာတွေကို National Geographic အဖွဲ့ သိပ္ပံပညာရှင်တွေက လေ့လာမှုတွေပြုလုပ်စဉ် ကမ္ဘာ့အကြီးဆုံး သန္တာကျောက်တန်းသစ်ကို တွေ့ခဲ့တာဖြစ်ပါတယ်။
ဆော်လမွန်ကျွန်း ယဉ်ကျေးမှုထိန်းသိမ်းရေးဒါရိုက်တာ ဒန်နစ်မာရီတာက “ကျနော်တို့ အဖွဲ့အစည်းက လွန်ခဲ့တဲ့ ၁၅ နှစ်ကတည်းက ဒီနေရာကို မပျက်စီးအောင် ကာကွယ်စောင့် ရှောက်ခဲ့ပါတယ်။ ဒီလို ကြီးမားတဲ့ သန္တာကျောက်တန်းကြီး သမုဒ္ဒရာထဲမှာ ရှိမယ်လို့မထင်ခဲ့ပါဘူး။ ကျနော်တို့ရဲ့ ကလေးတွေအတွက် အဏ္ဏဝါပတ်ဝန်းကျင်ကို ထိန်းသိမ်းရမှာပါ။ ဒီလိုရှာဖွေတွေ့ရှိမှုက မာလာအူလာအိုကျွန်း၊ ညီအစ်မ ၃ ဦးနဲ့ ဆော်လမွန်ကျွန်းတို့ဟာ မြေပုံထဲမှာ ထည့်သွင်းခြင်း ခံရမယ်ဆိုတာ ကျနော် ယုံကြည်ပါတယ်” လို့ ပြောပါတယ်။
ရေအောက်လေ့လာမှုတွေ ပြုလုပ်စဉ် သန္တာကျောက်တန်းကြီးကို သင်္ဘောပျက်ကြီး တစင်းလို့ ရေ အောက်ဓာတ်ပုံဆရာက ထင်ခဲ့တာပါ။
National Geographic ရဲ့ သန္တာကျောက်ပညာရှင် အဲရစ်ဘရောင်းက သန္တာကျောက်တန်းတွေကို ရှာဖွေတွေ့ခဲ့တာက အရေးပါတဲ့ ရှာဖွေတွေ့ရှိမှုဖြစ်ကြောင်းနဲ့ ကမ္ဘာကြီးရဲ့ သမုဒ္ဒရာတွေကို ပိုပြီး ထိန်းသိမ်းဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
Source-Reuters











