DVB Logo
Home
Lead Story
သူခိုးရွှေရတပြပြနဲ့ အမြီးနှန့် လို့ သခင်ပြေးကြိုရတဲ့ စစ်ကျွန်အနုပညာရှင်တအုပ်
DVB
·
November 16, 2024
သူခိုးရွှေရတပြပြနဲ့ အမြီးနှန့် လို့ သခင်ပြေးကြိုရတဲ့ စစ်ကျွန်အနုပညာရှင်တအုပ်
Donate to DVB

မြန်မာစကားမှာ ‘သူခိုးရွှေရ တပြပြ’ ဆိုတဲ့ အသုံးအနှုန်းဆိုတာ တခါမှ မရဖူး၊ မပိုင်ဖူးသူဟာ နည်းနည်းအဖိုးတန်တယ်လို့ ထင်တဲ့ အရာတခုခု ရခဲ့ရင် လူတွေ သိအောင် မြင်အောင် ဟိုပြ ဒီပြ လုပ်နေတာမျိုးကို အထင်မကြီးတဲ့အပြင် မတော်မတည့်မို့ သူခိုးရွှေရ တပြပြ လုပ်တယ်လို့ ပြောဆို သုံးနှုန်း ရယ်မော လှောင်ပြောင်တတ်ကြပါတယ်။  

အခုလည်း အာဏာလု အကြမ်းဖက်သမ္မတရူး မင်းအောင်လှိုင်ဟာ နိုင်ငံတော်အဆင့်တောင် မဟုတ်ဘဲ ပြည်နယ်အဆင့်မျိုး ဆက်ဆံခံရတဲ့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် ကူမင်းမြို့မှာ နိုဝင်ဘာ ၆၊ ၇ ရက်တွေက ပြုလုပ်ခဲ့တဲ့ အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ (GMS) ဆက်စပ် အစည်းအဝေးတက်ဖို့ ဖိတ်ခေါ်ခံရတဲ့ ခရီးစဉ်ဆိုတာ သူ့ရဲ့အာဏာလုသက်တမ်းမှာ တခါဖူးမှ မရဘူးသေးတဲ့အရာ ဆိုတော့ အထီးကျန် အားနည်းသူ သူခိုးတယောက် ခိုးရင်း ရွှေရသလိုမျိုးမို့ သူ့ကို ထောက်ခံနေကြတဲ့ စစ်အခွင့်ထူးခံ ဓားပြတပ် ထောက်ခံသူတွေရှေ့ တပြပြနဲ့ အရှက်မရှိ ကြွားဝါလို့မဆုံး ဖြစ်နေတာပါပဲ။

အားလုံး သိကြတဲ့အတိုင်း ကမ္ဘာနဲ့တဝန်းမှာ ဆင်းရဲမွဲတေကြတဲ့ နိုင်ငံတွေအပေါ် စီးပွားရေး ကိုလိုနီပြုပြီး သူတို့အကျိုးစီးပွားအတွက် သူတပါးတိုင်းပြည်က သယံဇာတတွေကို လုယက် အမြတ်ထုတ်နေတဲ့ ဓားပြပေါက်ဖော်ကြီးက သူခိုးလေး ဖြစ်တဲ့ မင်းအောင်လှိုင်ကို ဓားပြသူခိုးခြင်း ရိုင်းပင်း လူရာသွင်းခဲ့တာဖြစ်ပါတယ်။ ဒါတောင် ဓားပြဗိုလ်နဲ့ တန်းတူရည်တူ တွေ့ရတာမဟုတ်ဘဲ အဆင့်နိမ့် လက်ပါးစေအဖြစ်သာ သွားခဲ့ရတာဖြစ်ပါတယ်။ အင်ဒိုနီးရှားသမ္မတသစ်ကိုဆိုရင် ဓားပြပေါက်ဖော် ရှီကျင့်ဖျင်က အတွေ့ခံခဲ့ပါသေးတယ်။

ပြည်သူလူထုက တရားဝင်ရွေးချယ်ပေးခဲ့တဲ့ ပြည်သူ့ကိုယ်စားလှယ်တွေကို ဖမ်းဆီးသတ်ဖြတ်ပြီး နိုင်ငံတော်အာဏာတွေကို လုယက်ခိုးယူထားတဲ့ သူခိုးဓားပြမျိုး အာဏာရှင်အခြင်းခြင်း ကြားထဲမှာတောင် မင်းအောင်လှိုင်ဟာ တဆင့်နိမ့်နေတဲ့ တရားမဝင်သူခိုးဓားပြအစိုးရအဖြစ်သာ အသိအမှတ်ပြုခံရတဲ့သဘောပါပဲ။

ဒါကြောင့်မို့လို့လည်း တရားမဝင် သူခိုးဓားပြအစိုးရဟာ သူတို့ဟာ တရားဝင်တယ်ဆိုတာ ဇွတ်ပြနိုင်ဖို့ ပြည်သူလူထုနဲ့ နိုင်ငံတကာက အသိအမှတ်မပြုတဲ့ သေနတ်ပြောင်းဝအောက်မှာ ရွေးကောက်ပွဲအတုကို ၂၀၂၅ ခုနှစ်ထဲ လုပ်နိုင်ဖို့ သန်းကောင်စာရင်းအတုနဲ့ လုံးဝမတိကျတဲ့ မဲစာရင်းအတုကို သူတို့ထိန်းချုပ်နိုင်တဲ့ ၂၅ ရာခိုင်နှုန်းလောက်သာကျန်တော့တဲ့ ပြည်နယ်နဲ့တိုင်း တချို့နဲ့မြို့နယ်တချို့မှာ အယောင်ပြကောက်ခံနေတာဖြစ်ပါတယ်။

ဂုဏ်မယူထိုက်တဲ့ ခိုးရာပါရွှေရသလို ကမ္ဘာ့ဘူလီ ကွန်မြူနစ်အာဏာရှင်ရဲ့ အသိအမှတ်ပြုခံရတာကိုပဲ ဘာလုပ်လုပ် မအောင်မြင်ဘဲ စွမ်းဆောင်ရည်မဲ့ အရှုံးသမား စစ်ဓားပြခေါင်းဆောင်ဟာ အရှက်မဲ့စွာ ပျော်ရွှင်ဂုဏ်ယူရင်း သူ့ရဲ့ပြည်တော်ပြန်ခရီးကို မဟာအောင်ပွဲကြီးရသလို ပြည်သူတွေက လာယောက်ကြိုဆိုသယောင် ဝါဒဖြန့်ခဲ့ပါတယ်။

ပြည်သူလူထုက မခန့်အပ်ပါဘဲ လက်နက်အားကိုးပြီး အာဏာလုယူခဲ့ကြတဲ့ စစ်ဓားပြခေါင်းဆောင်အဆက်ဆက် နိုင်ငံခြားခရီးစဉ်တွေသွားပြီး အပြန်ခရီးတိုင်းမှာ မဆီမဆိုင် ကျောင်းသူကျောင်းသားတွေ၊ ဝန်ထမ်းတွေနဲ့ အများပြည်သူတွေကို ပူပြင်းတဲ့နေရောင်အောက် နေလှမ်းပြီး အတင်းအကျပ်လာ ရောက်ကြိုဆိုခိုင်းလေ့ရှိတာ အားလုံးအသိပါ။

အခုလည်း နောက်ဆုံး စစ်ရာဇဝတ်ကောင် ပြည်ဖျက်လူသတ်သမား မင်းအောင်လှိုင်ဟာ သူ့အပြန်ခရီးမှာ သူခိုးရွှေရ တသသလုပ်ဖို့ ကျောင်းပိတ်ရက်ဖြစ်ပေမဲ့ နေပြည်တော်က ကျောင်းတချို့ကို ကြိုဆိုဖို့ နှုတ်မိန့် ညွှန်ကြားခဲ့ကြပါတယ်။ ကိုယ်ပိုင်ကျောင်းတချို့ဆို ကျောင်းပိတ်ရက်ကို အချိန်ပိုရှိလို့ ကျောင်းကိုလာကြဖို့ ခေါ်ဆိုမှုတွေရှိပြီး ကျောင်းတကျောင်းကို ကျောင်းသားအယောက် ၃၀ နှုန်း လာရောက်ဖို့ ညွှန်ကြားခဲ့တယ်လို့ ဆိုပါတယ်။ စစ်တပ် ထောက်ခံသူတို့ ထုံးစံအတိုင်း နှလုံးသားနဲ့ ယုံကြည်ပြီး လိုက်ကြိုမယ့်သူမရှိတော့ နေ့တွက်စရိတ် တသောင်း ပေးခေါ်ပြီး လယ်ဝေးဘက်က စစ်မှုထမ်းဟောင်းနဲ့ အုပ်ကြီးအချို့ လူစု ကားငှားပြီး သွားကြိုကြတာ ဖြစ်ပါတယ်။

အမှားတွေ၊ အဓမ္မတွေဟာ ခဏတာ ကြီးထွားခွင့်ရနိုင်ပေမဲ့ ဘယ်တော့မှာ အမှန်တရား ဖြစ်မလာနိုင်၊ ဓမ္မတရားလည်း ဖြစ်မလာနိုင်ပါဘူး။ ထို့အတူပဲ၊ လူဆိုး လူယုတ်မာတွေဟာ အာဏာပါဝါကြောင့် လူမိုက်တချို့ဝိုင်းရံတာမို့ အခိုက်အတန့် ကောင်းစားနိုင်ပေမဲ့ ကိုယ့်အမှားကို တာဝန်မခံဘဲ အကျင့်သီလဆိုးတွေ မပြုပြင်ဘဲနဲ့ လူကောင်းသူကောင်း သူတော်ကောင်းအဖြစ် ဘယ်တော့မှ ဖြစ်မလာနိုင်သလို အဆုံးမှာ နိဂုံးကောင်းနဲ့လည်း ကြုံရမှာမဟုတ်ပါဘူး။

အဲဒါအပြင် အဆင့်နိမ့် အဆက်ဆံခံရပေမဲ့ မရှက်တတ်တဲ့ မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ် ပြန်လာတာကို နိုဝင်ဘာ ၁၀ ရက်နေ့မှာ အမြီးနှန့်လို့ သခင်ပြေးကြိုသလို ရန်အောင်၊ ခန့်စည်သူ၊ မေသန်းနု၊ စင်ရော်မောင်မောင်၊ ဒိန်းဒေါင်၊ မေသဥ္ဇာဦး၊ စိုးမြတ်သူဇာ တို့အပါအဝင် စစ်ကျွန်အနုပညာရှင် တအုပ်ဟာ ပြည်သူလူထုကို လက်ရဲဇက်ရဲ သတ်ဖြတ်နေတဲ့ စစ်ရာဇဝတ်ကောင်၊ ပြည်သူလူထုအိမ်ရာ ၁ သိန်းကျော်ကို မီးလောင်တိုက်သွင်း ဖျက်ဆီး မီးရှို့နေတဲ့ ပြည်ဖျက်ဓားပြကို ဦးလေးညွှတ် အရိုအသေပြု၊ ကွန်ဂရက်ကျုူလေးရှင်းလုပ်၊ လက်ဆွဲနှုတ်ဆက် အလံတွေ ဝှေ့ယမ်း အောင်ပွဲခံတာဟာ ငရဲတမျှ ခံစားဒုက္ခ‌ရောက်ကြရတဲ့ ရဟန်းရှင်လူ ပြည်သူလူထုကြီးတရပ်လုံးကို မိုက်ရိုင်းယုတ်ညံ့စွာ စော်ကားတဲ့လုပ်ရပ် သက်သေပဲမို့ ဖျောက်ဖျက်လို့မရနိုင်တဲ့ သမိုင်းဆိုး သမိုင်းညစ် အစွန်းအထင်းကြီး တင်ကျန်ရစ်ခဲ့တာ ဖြစ်ပါကြောင်း။

မင်းကောင်းချစ်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013