DVB Logo
Home
မြန်မာသတင်း
စီးပွားရေးအကျပ်အတည်းကြောင့် ဘုံကထိန်အလှူထည့်နိုင်သူ နည်းပါး၊ သင်္ကန်းပရိက္ခရာ ရောင်းအားကျ
DVB
·
November 15, 2024
စီးပွားရေးအကျပ်အတည်းကြောင့် ဘုံကထိန်အလှူထည့်နိုင်သူ နည်းပါး၊ သင်္ကန်းပရိက္ခရာ ရောင်းအားကျ
Donate to DVB

နိုင်ငံတဝန်း စီးပွားရေးအကျပ်အတည်းကြောင့် ဘုံကထိန်အလှူ ထည့်ဝင်နိုင်သူ နည်းပါးသွားပြီး သင်္ကန်းပရိက္ခရာ ရောင်းအားတွေလည်း ကျဆင်းလာတယ်လို့ သိရပါတယ်။

ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်လာသလို အလုပ်အကိုင်ရှားပါးပြီး ဝင်ငွေ သိသိသာသာ လျော့နည်းလာတာက နှစ်စဥ်ကျင်းပနေကျ ကထိန်ရာသီအတွက် ပဒေသာပင်တွေမှာ အရင်နှစ်တွေလို ဝေဝေဆာဆာ လှူဒါန်းနိုင်တာမျိုး မရှိတော့ပါဘူး။

ဒါပေမဲ့ မြောက်ဥက္ကလာပမြို့နယ်က အနှေးယာဉ်လုပ်သားတွေကတော့ အလှူတွေနည်းတာ များတာကို ပဓာနမထားဘဲ  အစဉ်အလာမပျက် ကထိန်အလှူလုပ်ဖြစ်တယ်လို့ ပြောပါတယ်။

“ဘာသာရေးအားကောင်းနေတဲ့ ပုဂ္ဂိုလ်တွေအတွက်ကတော့ လုပ်ချင်ကိုင်ချင်တဲ့စိတ်က အပြည့်ရှိတယ်။ ဒါပေမဲ့ နှစ်စဉ်နှစ်တိုင်း အရင်တုန်းကဆိုရင် လုပ်ခဲ့တာတွေက အကျွေးအမွေးတွေ ပါပါတယ်။  အခုကျတော့ အကျွေးအမွေးက မပါတော့ဘူး။ အဲ့လိုအနေအထားနဲ့ဆိုတော့ ဟိုတုန်းကနဲ့စာရင်တော့ အများကြီး အားနည်းတာပေါ့ဗျာ။ အားသိပ်မကောင်းဘူး။ သို့သော်လည်း ဘာသာရေးဆိုတာက နည်းတာများတာ ပဓာန မဟုတ်ဘူးလေ။ ငါတို့တတွေ သာသနာကြီး ထောက်ပံ့လိုက်ရတယ်။ အကျိုးကျေးဇူးများတယ်။ ဒါလေးတွေနဲ့ စပ်လျဉ်းပြီးတော့ လှူတဲ့ပုဂ္ဂိုလ်တွေလည်း အကျိုးကျေးဇူးများအောင် ဒီသဘောမျိုးနဲ့ ကျနော်တို့က လုပ်တာပဲရှိတယ်” အနှေးယာဉ်လုပ်သားတယောက်က ပြောပါတယ်။

မြန်မာလူမျိုးတွေရဲ့ ၁၂ ရာသီပွဲတော်တွေမှာ တန်ဆောင်တိုင်ပွဲတော်ဟာလည်း တခု အပါအဝင် ဖြစ်ပါတယ်။

တန်ဆောင်တိုင်ပွဲတော်နဲ့အတူ ဗုဒ္ဓဘာသာဝင်တွေ ကုသိုလ်ပြုကြတဲ့ ကထိန်သင်္ကန်း ဆပ်ကပ်လှူဒါန်းတာနဲ့ ကထိန်ရာသီပွဲတော်ဟာလည်း မြန်မာနိုင်ငံတဝန်းလုံးမှာ စည်းကားသိုက်မြိုက်စွာ ကျင်းပကြပါတယ်။

ကထိန်အလှူမှာ စတုဒိသာ ထမင်းကျွေးလှူဒါန်းတာ ရှိပေမဲ့ အခုလိုကာလမှာတော့ ထမင်းအလှူ မပါနိုင်တော့တာ၊ လှူခဲ့ရင်လည်း သား ငါး မလှူနိုင်တော့တာတွေ ဖြစ်လာပါတယ်။

ဘုံကထိန်အလှူက နှစ်စဥ် နှစ်တိုင်း လှူကြသလို ပဒေသာပင်တွေ ပုံမှန်စိုက်ထူထားကြပေမဲ့ အလှူထည့်ဝင်နိုင်တဲ့ အခြေအနေက ကုန်ဈေးနှုန်းကြီးမြင့်တဲ့ဒဏ်တွေကြောင့် သိသိသာသာ လျော့နည်းလာပါတယ်။

“အခုက လျော့တာပေါ့။ အရင်တုန်းကဆိုလို့ရှိရင် ပဒေသာပင်က တအားများတယ်လေ။ လှူတဲ့လူတွေကလည်း တအားများတယ်လေ။ ဒီနှစ်ဆိုရင် တထောင်၊ နှစ်ထောင်၊ ငါးထောင် အရင်တုန်းကတော့ သောင်းချီလှူကြတာလေ။ ရှေ့က သူဌေးတွေဆိုရင်လည်း မတည်ငွေ သိန်းနဲ့ချီပြီး လှူကြတာလေ။ အခုက အရင်ကထက်စာရင် ပါးသွားတယ်” အနှေးယာဉ်လုပ်သားက ပြောပါတယ်။

ဘုရားမှာ စိန်၊ ကျောင်းမှာ သိမ်၊ သင်္ကန်းမှာ ကထိန်၊ ဆွမ်းမှာ ပိဏ်လို့ ဆိုရိုးရှိတဲ့အတိုင်း ကထိန်ရာသီမှာ အဓိကလှူဒါန်းကြတာက သင်္ကန်းအပါအဝင် ပရိက္ခရာ ၈ ပါး ဖြစ်ပေမဲ့ အများစုက ငါးရာတန်၊ တထောင်တန် ပဒေသာပင်တွေကိုသာ လှူဒါန်းကြတာဖြစ်ပါတယ်။

ဒါကြောင့် သင်္ကန်းပရိက္ခရာ အရောင်းဆိုင်တွေလည်း ရောင်းအားကျဆင်းလာတယ်လို့ ရန်ကုန်မြို့က သင်္ကန်းပရိက္ခရာဆိုင် အများစုက ပြောကြပါတယ်။

“တော်တော်ကွာတာပေါ့။ ဟိုးအစတုန်းကဆိုရင် မတရားရောင်းရတယ်။ နောက်ပိုင်းကျတော့ ပုံမှန်လောက်ပဲ။ လိုတာထက်တော့မပိုဘူး” သင်္ကန်းပရိက္ခရာဆိုင်ရှင်တယောက်က ပြောပါတယ်။

မြန်မာ့စီးပွားရေး အကျပ်အတည်းနဲ့အတူ ကထိန်ရာသီ အပါအဝင် မြန်မာ့ ဆယ့်နှစ်လရာသီ ပွဲတော်တွေမှာ စည်စည်ကားကား ပါဝင်လှူဒါန်းနိုင်တဲ့ အခြေအနေမျိုးကနေ တဖြည်းဖြည်း ဆုတ်ယုတ်လာပါတယ်။

ဒါကြောင့် ကထိန်ရာသီဟာ အလှူအတန်း အကျွေးအမွေးနဲ့ စည်စည်ကားကား ပါဝင် ပျော်ရွှင်စရာပွဲတော်တခုထက် လော်စပီကာ ဆူညံသံကပဲ ပြောစရာတခုအဖြစ် ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာပါတယ်။

ရန်ကုန်မြို့မှာ စစ်ကောင်စီကျင်းပတဲ့ တန်ဆောင်တိုင်ပွဲတော်တွေမှာ တမင်လူစည်အောင် လုပ်ထားတာလို့ မြို့ခံပြည်သူတွေက ပြောဆိုပါတယ်။

ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာ စစ်ကောင်စီက ကျင်းပတဲ့ တန်ဆောင်တိုင် ဈေးရောင်းပွဲတော်နဲ့ ဂီတပွဲတော်ကို နိုဝင်ဘာ ၁၄ ရက်ကနေ ၁၆ ရက်အထိ ၃ ရက်တာ ကျင်းပနေပါတယ်။

စစ်ကောင်စီက လူစည်ကားအောင် ဒီလိုပွဲတော်တွေ ကျင်းပနေပေမဲ့ ရန်ကုန်မြို့မှာနေထိုင်တဲ့ လူငယ်တွေကတော့ တန်ဆောင်တိုင်မှာ လည်ပတ်ဖို့ကို စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်ခံရမှာ စိုးရိမ်လို့ မလည်ပတ်ဖြစ်ဘူးလို့ DVB ကို ပြောပါတယ်။

ပြည်သူ့ရင်ပြင်မှာ ကျင်းပနေတဲ့ ပွဲကလည်း တမင်လူစည်အောင် လုပ်ထားတာလို့ ရန်ကုန်မြို့နေ လူငယ်တယောက်က ဆိုပါတယ်။

“မလည်ဖြစ်ဘူး။ စစ်သားတွေကလည်း နေရာတိုင်းမှာ ရှိနေမှာ ဖြစ်တဲ့အတွက်ကြောင့် မဖြစ်သင့်တဲ့ အန္တရာယ်တွေ ကြုံတွေ့ရမှာစိုးလို့ မထွက်ဖြစ်ပါဘူး။ ပြည်သူ့ရင်ပြင် လူစည်တယ် ဆိုတာကလည်း တမင် လူစည်အောင် လုပ်ထားတာပေါ့နော်။ ကျနော်တို့အသိ ကျောင်းတွေကနေဆိုရင် အယောက် ၂၀၀ လောက်ကို အဲ့ကို ကားနဲ့ ခေါ်တယ်ပေါ့နော်။ အဲဒါကိုလည်း ကျနော်တို့ မကြုံသင့်တဲ့ အန္တရာယ်တွေ ကြုံမှာစိုးလို့ မသွားဖြစ်ပါဘူး။”

ရန်ကုန်မြို့ဒေသခံ မသီတာကတော့ ဒီလိုပွဲတော်တွေ သွားဖို့ စိတ်ထဲမှာ မပျော်ပါဘူးလို့ ဆိုပါတယ်။

“တချို့ သွားတဲ့လူတွေကတော့ သွားကြတာပဲပေါ့နော်။ ဒါပေမဲ့ အရင်တုန်းကလိုမျိုး အရမ်းကြီး စည်စည်ကားကားတော့ မဟုတ်ဘူးပေါ့။ သွားတဲ့လူတွေတော့ ရှိတယ်။ အရမ်းကြီး စည်ကားနေတာတော့ မဟုတ်ဘူး။ ကိုယ်တွေကတော့ သွားဖို့ အစီအစဉ်တော့ မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပျော်ဖို့ ကောင်းမနေဘူးလေ၊ စိတ်ထဲမှာ ဒါကြီးက အရင်နှစ်တွေလိုမျိုး ပျော်ဖို့ကောင်းတယ်လို့ မခံစားရဘူး။ အဲဒါကြောင့်မို့လို့ မသွားဖြစ်တာ။”

နိုဝင်ဘာ ၁၅ ရက် ကျရောက်တဲ့ တန်ဆောင်မုန်းလပြည့်နေ့မှာ ရွှေတိဂုံစေတီတော်ကို ဘုရားဖူးလာရောက်သူတွေ နည်းပါးခဲ့တယ်လို့ သိရပြီး ဒဂုံမြို့သစ်မြောက်ပိုင်းမှာလည်း လမ်းတိုင်းလိုလို ကျင်းပနေကြ နိဗ္ဗာန်ဈေးပွဲတော်တွေဟာ အာဏာသိမ်းပြီးကတည်းက ပြုလုပ်တာ မရှိတော့ဘူးလို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013