တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) သိမ်းပိုက်ထားတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း၊ နောင်ချိုမြို့မှာ နိုဝင်ဘာ ၁၄ ရက် ညနေ ၄ နာရီကျော်လောက် စစ်ကောင်စီက လေကြောင်းနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသားတယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံ အမျိုးသမီးတယောက်က “နိုဝင်ဘာလ ၁၄ ရက်နေ့ ညနေ ၄ နာရီ ၄ မိနစ်၊ ၄ နာရီ ၈ မိနစ်၊ ၄ နာရီ ၂၁ မိနစ်တုန်းက နောင်ချိုမြို့ပေါ်ကြဲတဲ့ အလုံးတွေက ဈေးရပ်ကွက်၊ CB ဘဏ် နောက်ကျောလမ်းကြားထဲကို ကျပါတယ်” လို့ ပြောပါတယ်။
CB ဘဏ် နောက်ကျောတည့်တည့် လမ်းကြားထောင့်က အိမ်ကနေစပြီး လမ်းထဲက အိမ်အတော်များများ ဆိုးဆိုးဝါးဝါးထိပြီး အဲဒီလမ်းထဲမှာရှိတဲ့ မြတ်ရတနာဆေးရုံလည်း ထိပြီး မီးကူးသွားတယ်လို့ သူက ပြောပါတယ်။
လေကြောင်း ဗုံးကြောင့် ပြည်သူတယောက် သေဆုံးကြောင်း အတည်ပြုနိုင်ပေမဲ့ ဒဏ်ရာရရှိသူ အရေအတွက်တော့ မသိရသေးဘူးလို့ သူက ပြောပါတယ်။
နောက်ထပ် ဒေသခံ အမျိုးသမီးတယောက်က “နိုဝင်ဘာလ ၁၄ ရက် ၄ နာရီလောက်က နောင်ချို CB ဘဏ် နောက်ကျော လေယာဉ်နဲ့ ဗုံးနှစ်လုံးတွဲ ၆ လုံးချသွားတာ။ ဘဏ်နောက်ကျောမှာနေတဲ့ ဦးသက်လွင် ဆုံးသွားတယ်” လို့ ပြောပါတယ်။
နိုဝင်ဘာ ၁၄ ရက် မွန်းလွဲ ၁ နာရီကျော်ကလည်း နောက်ချိုမြို့နယ်၊ ပြည်ထောင်စုလမ်းမပေါ်ရှိ အုမ္မသီးလမ်းခွဲရွာက ငါးခူမျှစ်ချဉ်ဆိုင်ပေါ်လည်း လေယာဉ် ဗုံးကြဲတိုက်ခိုက်တာကြောင့် ပျက်စီးသွားတာလို့ ဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
နောင်ချိုမြို့နယ်၊ တောင်ခမ်း၊ အမတ ၃၅၄၊ ဂန့်ဂေါဘက်တွေမှာလည်း တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဆိုပါတယ်။
နောင်ချိုမြို့ပေါ်မှာတော့ စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာ ၃ ရက်ဆက်တိုက် ရှိပြီဖြစ်ကြောင်း၊ ေဒသခံ ၁၂ ယောက်ခန့် သေဆုံးပြီး ၁၆ ယောက်ထက်မနည်း ဒဏ်ရာရကာ နေအိမ်အဆောက်အဦနဲ့ ကားတွေ ထိခိုက်ပျက်စီးခဲ့ရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာလည်း နောင်ချိုဘက်မှာ နိုဝင်ဘာ ၁၄ ရက် မွန်းလွဲ ၁ နာရီ ၂၁ မိနစ်က တကြိမ်၊ ညနေ ၄ နာရီနဲ့ ၄ နာရီ ၁၀ မိနစ်တို့မှာ နှစ်ကြိမ် လေကြောင်းနဲ့ ဗုံးကြဲခဲ့ကြောင်း ဖော်ပြထားပါတယ်။
နိုဝင်ဘာ ၁၄ ရက်က နောင်ချိုမှာ စစ်ကောင်စီဘက်က ဗုံးကြဲတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး TNLA ဘက်က သတင်းထုတ်ပြန်တာ မတွေ့ရသေးပေမဲ့ နိုဝင်ဘာ ၁၃ ရက် ည ၆ နာရီခွဲခန့်က နောင်ချို တရားရုံးနဲ့ ရဲစခန်းအနောက်ဘက်ကို ပေါင် ၃၀၀ ဗုံး နှစ်လုံး ကြဲခဲ့လို့ အမျိုးသား ၄ ယောက် ထိခိုက်ဒဏ်ရာရရှိပြီး တရားရုံး၊ နေအိမ် ၃ လုံးနဲ့ အိမ်စီးကားတွေလည်း ထိမှန်ပျက်စီးခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် နိုဝင်ဘာ ၁၂ ရက်ကလည်း စစ်ကောင်စီတပ်ဖွဲ့က နောင်ချိုမြို့ စျေးရပ်ကွက်ရှိ ခရီးသည်တွေ ဝင်နားနေကျ လန်းဆန်း လက်ဖက်ရည်ဆိုင်ကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံနဲ့ ခရီးသွားပြည်သူ ၁၁ ယောက် သေဆုံးပြီး ၁၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် နေအိမ် ၁၄ လုံး၊ စျေးဆိုင်ခန်း ၁၃ ခန်း ထိခိုက်ပျက်စီးပြီး အိမ်စီးကားနဲ့ ခရီးသည်ကား ၇ စီး မီးလောင်ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒီရက်ပိုင်းအတွင်း စစ်ကောင်စီဘက်က တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ နယ်မြေတွေဘက် လေကြောင်းနဲ့ ခပ်စိပ်စိပ် နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေပါတယ်။