DVB Logo
Home
မြန်မာသတင်း
ရန်ကုန် YBS ကားပေါ်နှင့် တိုက်ခန်းများတွင် ဖောက်ထွင်းခိုးယူမှု ပိုများလာ
DVB
·
November 14, 2024
ရန်ကုန် YBS ကားပေါ်နှင့် တိုက်ခန်းများတွင် ဖောက်ထွင်းခိုးယူမှု ပိုများလာ
Donate to DVB

ရန်ကုန်မြို့က YBS ယာဉ်တွေပေါ်မှာ ခါးပိုက်နှိုက်မှုတွေနဲ့ တိုက်ခန်းတွေပေါ်မှာ ဖောက်ထွင်းခိုးယူမှုတွေ ပိုများလာတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

YBS လမ်းညွှန်အဖွဲ့များရဲ့ မှတ်တမ်းတွေအရ နိုဝင်ဘာ ၁ ရက်ကနေ ၁၄ ရက် နေ့လယ်အထိ YBS ယာဉ်လိုင်း ၆ လိုင်းပေါ်မှာ ခါးပိုက်နှိုက်ခံရမှုပေါင်း ၁၂ မှုထက်မနည်း ရှိနေခဲ့ပြီး ဖုန်း၊ ပိုက်ဆံအိတ်နဲ့ မှတ်ပုံတင်၊ ပတ်စပို့စ်တွေ အဓိက နှိုက်ယူခံခဲ့ရတာပါ။

YBS စီးနင်းသူတယောက်က “ခါးပိုက်နှိုက်ခံရတဲ့စာတွေက တနေ့ကို ၂ ခါလောက်ကို အနည်းဆုံး မြင်ရတယ်။ ကိုယ်တိုင်လည်း ၁၀ လပိုင်းထဲမှာ ဖုန်းပါသွားဖူးတယ်။ YBS 62 စီးတဲ့အချိန်တုန်းက။ ၃ ယောက်လောက် အတင်းတိုးပြီး နှိုက်သွားတာ။ တိုင်တာတော့ မရှိဘူး။ အခုရက်ပိုင်းကို တော်တော်ပြန်ဆိုးလာတာ” လို့ ပြောပါတယ်။

YBS 62 ပေါ်မှာပဲ နိုဝင်ဘာ ၁၄ ရက် မနက်ပိုင်းက ကိုးထပ်ကြီးဘုရား မှတ်တိုင်အနီး အရောက်မှာ အသက် ၃၀ ကျော် အမျိုးသမီးတယောက်ရဲ့ ဖုန်းတလုံးနဲ့ ငွေသား ၁ သိန်းခွဲ ခါးပိုက်နှိုက်ခံခဲ့ရပါတယ်။

နိုဝင်ဘာ ၁၂ ရက် မနက် ၈ နာရီ မိနစ် ၄၀ လောက်က ဒေါပုံ၊ သင်္ဘောကျင်းကနေ YBS 85 ကို လိုက်ပါစီးနင်းလာတဲ့ အမျိုးသားတယောက်ဟာ ယုဇနပလာဇာမှတ်တိုင်မဆင်းခင်မှာ အရှေ့ဘက်ကိုလွယ်ထားတဲ့ ကျောပိုးအိတ် အခွဲခံလိုက်ရသလို ကျန်အမျိုးသားတယောက်မှာ ဖုန်းခါးပိုက်နှိုက်ခံခဲ့ရပါတယ်။

YBS ယာဉ်မောင်းတယောက်က “မဖမ်းဘူးလားလို့ ဆို‌တော့ ပြောရတော့ခက်တယ်။ ကျနော်တို့တော့ အမြဲသတိပေးနေတာပဲ။ ကားကြပ် လူညပ်တဲ့အချိန် အလုပ်ဆင်းချိန်‌ဆို ရောပါလာတာပဲ။ တချို့က နှိုက်နေမှန်းသိတယ် မအော်ရဲကြတာ။ တချို့က ကားပေါ်ကဆင်းမှ ပါသွားမှန်းသိတာ။ CCTV တွေတော့ ရှိတယ်၊ အပြင်တော့ ပေးလို့မရဘူး။ လူအုပ်လိုက်ကြီး တိုးနေရင် လိုက်ဖို့က မလွယ်လောက်ဘူး” လို့ ပြောပါတယ်။

YBS 63 ပေါ်မှာ နိုဝင်ဘာ ၁၄ ရက် မနက်ပိုင်းကဘဲ တောင်ဥက္ကလာပမြို့နယ် ကျိုက္ကဆံဘုရားမှတ်တိုင်ကနေ သင်္ဃန်းကျွန်း စံပြဈေးမှတ်တိုင်ကို YBS 63 စီးသွားတဲ့ အမျိုးသမီးတယောက်မှာ ငွေသား တသိန်းကျော်နဲ့ ဘဏ်ကတ်တွေ ခါးပိုက်နှိုက်ခံရတာကြောင့် ပိုက်ဆံကိုယူပါ၊ ကတ်လေးတွေတော့ ပြန်ပေးပါလို့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်မှာ အကူအညီ တောင်းထားတာ တွေ့ရပါတယ်။

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၅ ရက် မနက် ၈ နာရီခွဲခန့်ကလည်း မင်္ဂလာဒုံမြို့နယ်၊ ပြည်လမ်းမပေါ်ရှိ ခရေပင်လမ်းခွဲ မီးပွိုင့်မှာ ယာဉ်အမှတ် YGN 3H-4879 တိုယိုတာ ပရိုဘောက် အဖြူရောင်တက္ကစီ အပါအဝင် ရွှေလက်စွပ်တကွင်း၊ ဖုန်း ၈ လုံး၊ ကျပ်ငွေ ၈၀,၀၀၀ တို့နဲ့အတူ စစ်ကောင်စီရဲတွေက ဖမ်းဆီးရမိခဲ့ဖူးပေမဲ့ အကျဉ်းသားလွတ်ငြိမ်းခွင့်တွေမှာ ခိုးဆိုးလုနှိုက် အမှုတွေကိုသာ အများဆုံး ပြန်လွှတ်ပေးနေတာကြောင့် ပြန်လည်ဆိုးရွားလာတာ ဖြစ်ပါတယ်။

ဒါ့အပြင် ‌တာမွေမြို့နယ်၊ တာမွေဈေးအနီး၊ ၁၅၆ လမ်းထဲက တိုက်ခန်းတခုရဲ့ ၃ လွှာမှာလည်း နိုဝင်ဘာ ၁၃ ရက် ညနေ ၄ နာရီ ၁၅ မိနစ်နဲ့ ၅ နာရီ ၁၅ မိနစ်ကြားမှာ တိုက်ခန်းစုနေတဲ့ အမျိုးသားအဆောင်တခု ဖောက်ထွင်းခံခဲ့ရပြီး ငွေသား၊ ပါဝါဘန့်၊ ပေါင်းအိုးတွေ အပါအဝင် စုစုပေါင်း တန်ဖိုး ၇ သိန်းလောက် ခိုးယူခံခဲ့ရပါတယ်။

သူခိုးတွေက သော့ခတ်ထားတဲ့ တိုက်ခန်းအပြင်တံခါးကို သော့မဖျက်ဘဲ တံခါးပတ္တာဖျက်ပြီး အခန်းအတွင်းပစ္စည်းတွေကို စိတ်ကြိုက်ရှာဖွေ ခိုးယူသွားတာပါ။

ခိုးယူခံရသူတယောက်က “မနေ့က ညနေကပါ၊ လူမရှိချိန်က ၁ နာရီ၊ ၁ နာရီခွဲလောက်ပဲ ရှိပါတယ်။ လူပြန်ရောက်တဲ့အချိန် သော့ခလောက်ကျိုးနေတာနဲ့ သိလိုက်တာပါ။ အားလုံး ၇ သိန်းလောက် ပါသွားတယ်။ သော့မဖျက်ပါဘူး၊ သော့ခလောက်ကို ဖျက်သွားတာပါ။ အရင်လက အပေါ် ၄ လွှာ ညဘက်ကြီး ဖုန်းတွေ အခိုးခံရတယ်။ တခုဖြည့်ပြောချင်တာက အိမ်ရှင်တွေက ငှားဖို့ပဲ ဝယ်ထားကြတော့ လုံခြုံတဲ့အနေအထားမျိုး မလုပ်ထားတော့ အလွယ်တကူ ဖျက်လို့ရသွားတာ” လို့ ပြောပါတယ်။

တာမွေမြို့နယ်ထဲမှာပဲ တိုက်ခန်းတွေပေါ် ခိုးယူဖောက်ထွင်းမှု၊ ကားဘက်ထရီ ဖြုတ်ခိုးမှုတွေ များပြားလာခဲ့ပေမဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေက ထိထိရောက်ရောက် ဖမ်းဆီးအရေးယူတာမျိုး မတွေ့ရသေးပါဘူး။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း တရားဥပဒေစိုးမိုးမှုနဲ့ ဆင်းရဲမွဲတေမှု၊ ကုန်ဈေးနှုန်းကြီးမားမှု‌ တွေကြောင့် နေ့စဉ်ပြေးဆွဲနေတဲ့ YBS လိုင်းတွေပေါ်မှာ ခါးပိုက်နှိုက်မှုတွေ သိသိသာသာ များလာခဲ့သလို တိုက်ခန်းနဲ့ မြို့နယ်တွေမှာ ဖောက်ထွင်းမှု၊ လုယက်မှုနဲ့ ဓားပြမှုတွေလည်း ဖြစ်ပွားနှုန်း မြင့်တက်လာနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013