DVB Logo
Home
မြန်မာသတင်း
အိန္ဒိယ ဝယ်လိုအားကျသဖြင့် ပြည်တွင်းပဲဈေး ဆက်တိုက်ကျ
DVB
·
November 14, 2024
အိန္ဒိယ ဝယ်လိုအားကျသဖြင့် ပြည်တွင်းပဲဈေး ဆက်တိုက်ကျ
Donate to DVB

ဒေါ်လာငွေလဲနှုန်း ကျ‌နေချိန် အိန္ဒိယဝယ်လိုအား နည်းနေလို့ ပြည်တွင်းဈေးကွက်မှာ မတ်ပဲနဲ့ ပဲစင်းငုံဈေးတွေ ဆက်တိုက်ကျဆင်းနေတယ်လို့ ပဲဈေးကွက်အတွင်းက သိရပါတယ်။

ပြည်ပပို့ကုန်ပဲတွေဖြစ်တဲ့ မတ်ပဲနဲ့ ပဲစင်းငုံဈေးတွေက ဒေါ်လာငွေလဲနှုန်း အတက်အကျနဲ့ အိန္ဒိယဝယ်လိုအားအပေါ်မှာ မူတည်နေပါတယ်။

အခုရက်ပိုင်းအတွင်း ဒေါ်လာဈေး ဆက်တိုက်ပြန်ကျလာတာက ပို့ကုန် ပဲဈေးကွက်အပေါ် သက်ရောက်မှု ရှိလာတာပါ။

ဒါ့အပြင် ပဲဈေးနှုန်းတွေ ဆက်တိုက်ကျဆင်းရခြင်းက အိန္ဒိယဝယ်လိုအား နည်းနေတာကြောင့် ဖြစ်တယ်လို့လည်း ပဲကုန်သည်တွေကထံက သိရပါတယ်။

ပဲကုန်သည်တယောက်က “အဓိကကတော့ အိန္ဒိယဘက်က ပဲအဝယ်အေးသွားလို့ ပဲဈေးတွေ ဆက်တိုက်ကျတာပါ။ ပြည်တွင်းမှာလည်း မတ်ပဲက လက်ကျန်လည်းနည်းတယ်၊ အရောင်းအဝယ်လည်း အေးပါတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ နောက်ဆုံးပတ်က တတန်ကို ကျပ် ၃၈ သိန်းကျော်တက်ခဲ့တဲ့ မတ်ပဲဈေးဟာ အခု နိုဝင်ဘာ ၁၃ ရက်မှာတော့ တတန်ကို ကျပ် ၃၅ သိန်း ၇ ‌ေသာင်းထိ ပြန်ကျသွားပါတယ်။

အလားတူ ပဲစင်းငုံဈေးကလည်း ၄၃ သိန်း ၁ သောင်းအထက်အထိ ရောက်ခဲ့ပြီးနောက် ဒေါ်လာဈေးနဲ့အတူ ပြန်ကျလာခဲ့ရာမှာ လက်ရှိ တတန်ကို ကျပ် ၃၈ သိန်း ၇ သောင်း ဝန်းကျင် ရှိပါတယ်။

အမေရိကန်ဒေါ်လာဈေးကလည်း အောက်တိုဘာလကုန်ပိုင်းမှာ တဒေါ်လာကို ကျပ် ၄,၅၅၀ - ၄,၆၅၀ ဝန်းကျင် ရှိခဲ့ပေမဲ့ အခုအခါ တဒေါ်လာကို ကျပ် ၄,၄၃၀ - ၄,၅၃၀ ဝန်းကျင်သာ ရှိတော့တယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။

အခုနှစ် ပြည်တွင်းမှာလည်း သွင်းအားစုဈေးနှုန်း ကြီးမြင့်တာ၊ ပဲအထွက်နှုန်းလျော့ကျတာ စတဲ့ အခြေအနေတွေ ဖြစ်ပေါ်နေပါတယ်။

လက်ရှိ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလကနေ အောက်တိုဘာလအထိ ၇ လအတွင်း မြန်မာနိုင်ငံကနေ ပြည်ပကို ပဲမျိုးစုံ စုစုပေါင်းတန်ချိန် ၂ ဒသမ ၉၈ သန်း တင်ပို့ထားတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံက စိုက်ပျိုးထွက်ရှိတဲ့ ပဲမျိုးစုံကို အိန္ဒိယနဲ့ တရုတ်နိုင်ငံကို အဓိက တင်ပို့နေတာ ဖြစ်ပါတယ်။

အခုလက်ရှိမှာ အိန္ဒိယနိုင်ငံဟာ နှစ်နိုင်ငံချုပ်ဆိုထားတဲ့ နားလည်မှုစာချွန်လွှာ (MOU) အရ နှစ်စဉ် မတ်ပဲတန်ချိန် ၂ ဒသမ ၅ သိန်းနဲ့ ပဲစင်းငုံတန်ချိန် ၁ သိန်း မြန်မာနိုင်ငံကနေ တင်သွင်းနေတာပါ။

အဲဒီ နားလည်မှုစာချွန်လွှာဟာ ၂၀၂၅-၂၆ ဘဏ္ဍာနှစ်မှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး အသစ်ချုပ်မယ့် နားလည်မှုစာချွန်လွှာအသစ်မှာ တနှစ်ကို မတ်ပဲတန်ချိန် ၅ သိန်း၊ ပဲတီစိမ်းတန်ချိန် ၂ သိန်း တိုးမြှင့်ဝယ်ယူဖို့ ထည့်သွင်းချုပ်ဆိုသွားမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013