
ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ Y-8 သယ်ယူပို့ဆောင်ရေး လေယာဉ်နဲ့ပါ နေ့စဉ်ဗုံးကြဲနေတယ်လို့ မင်းတပ် ပအဖထံက သိရပါတယ်။
ချင်းညီနောင်စစ်ဆင်ရေးကို နိုဝင်ဘာ ၉ ရက်ကစပြီး မင်းတပ်နဲ့ ဖလမ်းမြို့ပေါ်က စစ်ကောင်စီ အခြေပြုစစ်စခန်းတွေ တပြိုင်တည်းထိုးစစ်ဆင်တိုက်ခိုက်နေရာ နေ့စဉ်တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက မင်းတပ်မြို့ပေါ်ကို တန်ချိန်များများတင်ဆောင်နိုင်တဲ့ Y-8 အမျိုးအစားလေယာဉ်တွေကိုပါ အသုံးပြုပြီး နေ့စဉ်ဗုံးကြဲနေတယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က DVB ကိုပြောပါတယ်။
“မင်းတပ်မြို့မှာတော့ လေကြောင်းတိုက်ခိုက်မှုတွေနေ့စဉ်ရက်ဆက်ရှိနေပါတယ်။ ဂျက်နဲ့ရော Y-8,Y-12 နဲ့ ရောတောက်လျှောက်ရှိပါတယ်။ တိုက်ပွဲတွေလည်းတောက်လျှောက်ရှိနေပါတယ်။”
ချင်းညီနောင်ရဲ့ ထိုးစစ်စတင်ပြီးတဲ့နောက် မင်းတပ်မြို့ပေါ်က ပြည်သူတွေဟာ စစ်ရှောင်ကြပေမဲ့ မြို့ထဲမှာပိတ်မိနေသူတချို့ရှိနိုင်ကာ စစ်ရှောင်ပြည်တချို့ကိုတော့ ချင်းညီနောင်ဘက်က ကူညီကယ်ဆယ်ထားတာတွေလည်းရှိတယ်လို့ ဆလိုင်းယောမာန်က ဆက်ပြောပါတယ်။
ဒီလိုမြို့သိမ်းတိုက်ပွဲတွေပြင်းထန်နေတဲ့အတွက် ချင်းညီနောင်ရဲ့ အကူအညီတောင်းခံမှုကြောင့် မဟာမိတ်အဖွဲ့အစည်းအချို့ဟာ ချင်းညီနောင်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းတိုက်ပွဲဝင်နေတယ်လို့ ချင်းညီနောင်က ထုတ်ပြန်အသိပေးထားပါတယ်။
အောက်တိုဘာ ၁၃ ရက်က မင်းတပ်ရဲစခန်းအရှေ့၊ ခေါနူးရိပ်သာအောက်၊ မိန်းကားလမ်းမဘေးရှိ စစ်တပ်နဲ့ ရဲတွေဟာ ပြည်သူနေအိမ်တွေကို မီးရှို့တာကြောင့် နေအိမ်အများအပြား မီးလောင်ခဲ့တယ်လို့ ချင်းညီနောင်ထံက သိရပါတယ်။