DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် စစ်ကောင်စီက ဘေးတွဲဆိုင်ကယ်စာရင်း ကောက်ခံနေ
DVB
·
November 14, 2024
ရန်ကုန်တွင် စစ်ကောင်စီက ဘေးတွဲဆိုင်ကယ်စာရင်း ကောက်ခံနေ
Donate to DVB

ရန်ကုန်တိုင်းအတွင်း မြို့နယ်တွေမှာ ခေါက်တိုပြေးဆွဲနေတဲ့ ဘေးတွဲဆိုင်ကယ်စာရင်းနဲ့ မောင်းနှင်သူတွေကို စစ်ကောင်စီလက်အောက်ခံ အဖွဲ့တွေက မြေပြင်ဆင်း လိုက်လံကောက်ယူနေတယ်လို့ ဘေးတွဲမောင်းနှင်သူတွေက ပြောပါတယ်။

ရန်ကုန် ဆင်ခြေဖုံးမြို့နယ်တွေဖြစ်တဲ့ လှိုင်သာယာ၊ ရွှေပြည်သာ၊ မင်္ဂလာဒုံနဲ့ မြောက်ဥက္ကလာပ မြို့နယ်တွေမှာ နိုဝင်ဘာ ၁၀ ရက်ကစပြီး ရပ်ကွက်အလိုက် အသိပေးကြေညာတာနဲ့ ညပိုင်း လိုက်လံနှိုးဆော်နေပါတယ်။

ဘေးတွဲမောင်းနှင်သူတယောက်က “၁၀ လပိုင်းလောက်က လူစာရင်းကောက်တယ်။ အခု ၁၁ လပိုင်း ဘေးတွဲမောင်းသူစာရင်း သီးသန့်ကိုကောက်တာ။ သူတို့ လာစစ်မယ်၊ မစစ်ခင် ရပ်ကွက်ရုံးမှာ ‌မောင်းသူနာမည်၊ ဆိုင်ကယ်အမျိုးအစား၊ ကုတ်နံပါတ်တွေ ပြန်လုပ်ရမယ် ပြောတယ်။ သူတို့လာစစ်ရင် ဒီထဲကအတိုင်း ကွက်တိဖြစ်နေရမယ်လို့ ပြောတယ်” လို့ ဆိုပါတယ်။

အသိပေးကြေညာချက်တွေထဲမှာ စာရင်းသွင်းထားတဲ့ ဆိုင်ကယ်အင်္ကျီ၊ ကုတ်နံပါတ်နဲ့ မောင်းနှင်ခွင့် ယာယီကတ်တွေကို တာဝန်ရှိသူတွေက လိုက်စစ်မှာဖြစ်တာကြောင့် အထောက်အထား မရှိသူတွေက ရပ်ကွက်ရုံးတွေမှာ လာလုပ်ဖို့အတွက်နဲ့ အထောက်အထား မရှိသူ‌တွေကို အုပ်ချုပ်ရေးရုံးက တာဝန်ယူမှာ မဟုတ်ဘူးလို့ ပါရှိပါတယ်။

ရပ်ကွက်ရုံးနဲ့ နီးစပ်သူတယောက်က “လာစစ်ကြမှာပါ။ နယ်မြေရဲပါမယ်၊ ယာဉ်ထိန်းရဲပါမယ်၊ ဒီရုံးကအဖွဲ့တွေ ပါမယ်။ စာရင်းသွင်းထားသူနဲ့ ဆိုင်ကယ်မောင်းသူနဲ့ တူမတူ ကြည့်မယ်။ အင်္ကျီတို့ ကတ်တို့ စုံ မစုံ စစ်မယ်။ သူတို့ ဖုန်းနံပါတ်တို့ မှတ်ပုံတင်တို့လည်း ပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီကပြုလုပ်တဲ့ လူဦးရေစာရင်းကောက် အဖွဲ့တွေမှာလည်း လဝကဝန်ထမ်း၊ ရပ်ကွက်နေ့စားတွေရဲ့ လုံခြုံရေးအတွက် ဆိုင်ကယ်ဘေးတွဲမောင်းနှင်သူတွေကို ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နဲ့ မြိုနယ်ရဲတပ်ဖွဲ့ဝင်တွေက ခိုင်းစေခဲ့ဖူးပါတယ်။

၂၀၂၂-၂၀၂၃ ကစပြီး ဘေးတွဲမောင်းသူတွေဟာ တထည် ကျပ် ၂၀,၀၀၀ နဲ့ ကုတ်နံပါတ်ပါတဲ့ ဘေးတွဲဆိုင်ကယ်အင်္ကျီတွေကို ဝယ်ဝတ်ခဲ့ရသလို ဆိုင်ကယ်‌မောင်းသူ ဟုတ်မှန်ကြောင်း သက်သေခံကတ်တွေလည်း ရပ်ကွက်ရုံးတွေမှာ ပြုလုပ်ထားရပါတယ်။

ဒီလို အထောက်အထား‌တွေ ရှိနေပေမဲ့ စစ်ကောင်စီအဖွဲ့နဲ့ ရဲတပ်ဖွဲ့ဝင်‌တွေဟာ ရန်ကုန်မှာ ၂၀၂၄ မေလလောက်ကစပြီး အမိုးတပ်၊ ထီးတပ် ဆိုင်ကယ်ဘေးတွဲတွေကို ဖမ်းဆီးဒဏ်ရိုက်နေတာတွေ ရှိခဲ့သလို နောက်ကြည့်မှန် မပါတာ၊ မောင်းသူ ဆိုင်ကယ်ဦးထုပ် မဆောင်းတာတွေ‌ကိုလည်း ဖမ်းဆီးပြီး ငွေဒဏ် ၃၀,၀၀၀ ကနေ ၅၀,၀၀၀ အထိ ငွေညှစ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013